အစိုးရ အကူးအပြောင်း ကာလအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာ ကျယ်ဝန်းသော မြေကွက်များ၊ ပလပ်မြေများကို လူပုဂ္ဂိုလ် အမည်များဖြင့် မြေနေရာချထားပေးမှုအား ပြန်လည်စိစစ်၍ ရုပ်သိမ်းပေးရန် တိုက်တွန်းကြောင်းအဆို မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် အဆိုတင်သွင်း
မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် အစိုးရ အကူးအပြောင်းကာလအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာ ကျယ်ဝန်းသော မြေကွက်များ၊ ပလပ်မြေများအား လူပုဂ္ဂိုလ်အမည်များဖြင့် မြေနေရာ ချထားပေးမှုအား ပြန်လည်စိစစ်၍ အများပြည်သူ အကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နိုင်ရေး တိုက်တွန်းကြောင်း အဆိုကို ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက တင်သွင်းခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးကို ဇွန် ၃၀ ရက်က ပြုလုပ်ခဲ့ရာ အဆိုပါအဆိုကို တင်ပြခဲ့ပြီး တင်ပြရသည့် အကြောင်းရင်းကို အောက်ပါအတိုင်း ဆွေးနွေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း (၁၉၉၁-၁၉၉၂) ခုနှစ် မြို့ကွက်သစ် ဖော်ထုတ်စဉ်ကာလက ပညာရေး၊ ကျန်းမာရေး၊ ဈေး၊ ရုံးများအဖြစ် သတ်မှတ် နေရာချထားပေးခဲ့သော မြေနေရာများနှင့် ပလပ်မြေများအား အစိုးရအကူးအပြောင်းကာလ (ဖေဖော်ဝါရီ၊ မတ်) များတွင် လူပုဂ္ဂိုလ်အမည်များဖြင့် မြေနေရာ ချထားပေးမှုအား တွေ့ရှိခဲ့ရကြောင်း၊ မြို့ကွက်သစ်များ စတင်ဖော်ထုတ်ခဲ့သည့် အချိန်များမှစ၍ ယနေ့အချိန်ထိ အသုံးပြုခြင်း မရှိသေးသော ထိုမြေကွက်များအား မြို့ကွက်သစ် ဖော်ထုတ်စဉ်က နောင်တိုးတက်လာမည့် ခေတ်၊ တိုးပွားလာမည့် လူဦးရေများကို မှန်းဆကာ အများပြည်သူနှင့် သက်ဆိုင်သည့် ကိစ္စများတွင် အသုံးပြုရန်အတွက် သတ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့အများပြည်သူ အကျိုးအတွက် အသုံးပြုမည့် မြေကွက်များအား ပွင့်လင်းမြင်သာစွာဖြင့် ထုတ်ပြန်ကြေညာခြင်း မရှိဘဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အမည်များဖြင့် ချထားပေးခဲ့သည့်အတွက် အောက်ခြေဒေသခံ ပြည်သူများကြားတွင် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း၊ တချို့မြေဧက ကွက်ကျယ်များအား စီမံကိန်းများအဖြစ် ချထားခဲ့သော်လည်း ပွင်းလင်းမြင်သာစွာဖြင့် ဆောင်ရွက်ခဲ့ခြင်း မရှိသည်ကိုလည်း တွေ့ရကြောင်း၊ တချို့မြေကွက်များမှာ ဒေသခံ ပြည်သူများက ယခင်မြို့ကွက်သစ် ဖော်ထုတ်ချထားစဉ်က (ဈေး၊ ရုံး) အဖြစ် သတ်မှတ်ထားသည့် အတိုင်းသာ သိရှိထားကြပြီး လူပုဂ္ဂိုလ်တစ်ဦးချင်း အမည်များဖြင့် ချထားပေးခြင်းကို မသိကြရသေးကြောင်း၊ ထိုသို့ လူပုဂ္ဂိုလ်တစ်ဦးချင်း အမည်များဖြင့် မြေကွက်များအား ချထားပေးပြီး ဖြစ်ကြောင်းကို ဒေသခံပြည်သူများ သိရှိပါက မလိုလားအပ်သည့် ကြီးမားသော ပြဿနာနများ ဖြစ်ပွားလာနိုင်ကြောင်း၊ ဒေသခံပြည်သူများ၏ ဆန္ဒအရလည်း ယခင်က ပညာရေး၊ ကျန်းမာရေး၊ ရုံး၊ ဈေး၊ စီမံကိန်း နေရာများအဖြစ် သတ်မှတ်ခဲ့သော နေရာများအား အများ အကျိုးအတွက်သာ အသုံးပြုစေချင်ကြပြီး ယခင်က ပညာရေး၊ ကျန်းမာရေး၊ ရုံး၊ ဈေး စီမံကိန်းအဖြစ် သတ်မှတ်ထားသော ယင်းဌာနများမှ အသုံးမပြုလိုပါကလည်း ပြည်သူ့ဝန်ထမ်းများအတွက် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ပေးခြင်းဖြင့်လည်းကောင်း၊ ဆင်းရဲသား ပပျောက်ရေးအတွက် ဆင်းရဲနွမ်းပါးသူများအား တန်ဖိုးမျှတ အငှားအိမ်ရာများ ဆောက်လုပ်ပေးခြင်းအားဖြင့် လည်းကောင်း၊ အသုံးပြုမည်ဆိုပါက ပြည်သူများအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် ဧရိယာကျယ် မြေကွက် မြေနေရာများဖြစ်ကြောင်း သို့ဖြစ်ပါ၍ မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ် (၆) မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့ တွင် အစိုးရ အကူးအပြောင်းကာလ၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အမည်များဖြင့် မြေနေရာ ချထားပေးခဲ့သော ဧရိယာကျယ် စီမံကိန်းမြေများ၊ ပညာရေး၊ ကျန်းမာရေး၊ ရုံး၊ ဈေးအဖြစ်သတ်မှတ်ခဲ့သော နေရာများနှင့် ပလပ်မြေများအား စနစ်တကျ ပြန်လည်စိစစ်၍ အများပြည်သူ အကျိုး အမှန်တကယ် အသုံးပြုနိုင်ရန်အတွက် မြေနေရာချထားပေးမှုများ၊ မြေအငှားဂရန် ထုတ်ပေးထားမှုများ အား ပြန်လည်ရုပ်သိမ်းပေးပါရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့သည်။
“ပြည်သူ့အသံ နားထောင်ရင်း အများပြည်သူအတွက် တင်သွင်းတာပါ။ အသုံးမပြုတဲ့ မြေကွက်တွေကို အများပြည်သူအတွက်ပဲ အသုံးပြုစေချင်တာပါ။ ကျွန်တော်တို့ ကွင်းဆင်းလေ့လာခဲ့ပြီး ဒါတွေကို လေ့လာတွေ့ရှိ ခဲ့တာပါ။ အချက်အလက်တွေကတော့ ဒေသခံတွေ၊ သက်ဆိုင်ရာ လယ်ယာမြေ ချထားပေးတဲ့ ကော်မတီတွေကိုလည်း စုံစမ်းတယ်။ ဒါတွေဟာ အစိုးရ အကူးအပြောင်းကာလမှာ ချပေးခဲ့တာတွေကိုပဲ ပြောတာပါ။ အရင်ကဟာတွေ ကျွန်တော်တို့ ပြန်မပြောပါဘူး။ အခုလက်ထက်မှာ ကိုင်တွယ်ရတာ ကျပ်တည်းပါတယ်။ အစိုးရအနေနဲ့ ဥပဒေနဲ့ အညီ ပြန်လည်စိစစ်ပေးဖို့ တင်ပြခြင်း ဖြစ်ပါတယ်” ဟု အဆိုတင်သွင်းခဲ့သည့် ချမ်းမြသာစည် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်အောင်မိုးက အဆိုတင်သွင်းရခြင်းနှင့် ပတ်သက်၍ ဖြေကြားခဲ့သည်။
မြို့နယ်အလိုက် မြေကွက်ချထားပေးမှု စာရင်းဇယားများကို ဦးပိုင်အမှတ်များနှင့်တကွ တင်ပြခဲ့ပြီး ချမ်းမြသာစည်မြို့နယ်တွင် ၃၆ ဒသမ ၂၄၀၆ ဧက၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၃၇ ဒသမ ၀၂၅၄ ဧက၊ ၁၄၄ ဒသမ ၆၄ ဧက (ဧကကျယ်)၊ ပုသိမ်ကြီးမြို့နယ်တွင် ၃၀ (ခ) ဖြင့် ချထားပေးသော ၅၇၄ ဒသမ ၄၁ ဧက၊ ၃၀ (က) ဖြင့်ချထားပေးသော ၁၆ ဒသမ ၃၈ ဧကနှင့် အမရပူရမြို့နယ်တွင် ၃ ဒသမ ၁၉၁၄ ဧကတို့ကို ချထားပေးခဲ့ ကြောင်း သိရသည်။
ထိုအဆိုကို ဇူလိုင်၁ရက်တွင် ဆွေးနွေးကြမည် ဖြစ်သည်။
အစိုးရ အကူးအပြောင်း ကာလအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာ ကျယ်ဝန်းသော မြေကွက်များ၊ ပလပ်မြေများကို လူပုဂ္ဂိုလ် အမည်များဖြင့် မြေနေရာချထားပေးမှုအား ပြန်လည်စိစစ်၍









