စတော့ဈေးကွက်အတွင်း ရှယ်ယာဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသည့်အတွက် ဈေးမြင့်ချိန်တွင် ရှယ်ယာဝယ်ထားသူများ အရှုံးပေါ်နေဟုဆို

စတော့ဈေးကွက်အတွင်း ရှယ်ယာဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသည့်အတွက် ဈေးမြင့်ချိန်တွင် ရှယ်ယာဝယ်ထားသူများ အရှုံးပေါ်နေဟုဆို
Published 17 June 2016
အေးမြတ်မွန်

စတော့ဈေးကွက်အတွင်း ရှယ်ယာဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသည့်အတွက် ဈေးမြင့်ချိန်တွင် ရှယ်ယာဝယ်ထားသူများ အရှုံးပေါ်နေကြောင်း ရန်ကုန်စတော့ဈေးကွက် အတွင်းတွင် ရှယ်ယာအရောင်းအဝယ် ပြုလုပ်နေသူများထံမှ သိရသည်။ရန်ကုန်စတော့ဈေးကွက်အတွင်း လက်ရှိစာရင်းဝင် ရှယ်ယာရောင်းချနေသည့် ကုမ္ပဏီနှစ်ခုဖြစ်သည့် သီလဝါအများပိုင် ကုမ္ပဏီနှင့် FMI တို့၏ ရှယ်ယာဈေးနှုန်းများမှာ မေလနှောင်းပိုင်းမှစတင်ကာ တရိပ်ရိပ် ကျဆင်းလာနေခဲ့ပြီး သီလဝါ ရှယ်ယာတစ်စုမှာ ဇွန် ၁၆ ရက်တွင် တစ်စုလျှင်ကျပ် ၅၀၀၀ အထိ ကျဆင်းခဲ့သည်။“အခု ကျွန်တော်တို့က သီလဝါစရောင်းပြီး သုံးလေးရက်လောက်ကဖြစ်တဲ့ ၆၉၀၀၀ ဈေးနဲ့ သိန်း ၁၀၀ ဖိုးဝယ်ထားတာ။ ၅၀၀၀ ကျတုန်းက ဈေးက ၄၉၀၀၀ ဖြစ်သွားတော့ သိန်း ၂၀ ဖိုးလောက် ရှုံးသွားပြီ” ဟု သီလဝါရှယ်ယာ စတင်ရောင်းချစဉ်က ရှယ်ယာဝယ်ယူထားသည့် ဦးမောင်မောင်ထွေးက ပြောကြားသည်။စတော့ရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်ရာတွင် ဈေးကွက်ကမောက်ကမ ဖြစ်စေရန် ဈေးကစားနေသူများ ရှိနေပြီး ထိုသို့ ဈေးကစားနေသူများအား Securities Exchange Law အရ စုံစမ်းစစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။“ကျွန်တော့်အထင်မှာ ဈေးကထပ်ကျနိုင်သေးတယ်။ သီလဝါဆိုရင်လည်း သူ့ project တွေကျန်သေးတယ်။ ဈေးကောင်းရဖို့ တော်တော်စောင့်ရဦးမယ်။ ဒီကြားထဲမှာလည်း ထပ်ကျနိုင်သေးတယ်လို့ ထင်ပါတယ်” ဟု ရန်ကုန်စတော့ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေသူ ကိုမင်းမင်းက ပြောကြားသည်။ရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ရာတွင် ဈေးနှုန်းအတက်အကျ သဘောတရားမှာ ဝယ်လိုအား၊ ရောင်းလိုအားအပေါ်သာ မူတည်နေသည်ဟု ရန်ကုန်စတော့အိတ်ချိန်းမှ အကြီးတန်း အမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားထားသည်။“ရှယ်ယာဈေးနှုန်း အတက်အကျ မကြမ်းအောင် ကျွန်တော်တို့ဘက်က Range တစ်ခုနဲ့ပဲ တစ်နေ့ကို ဘယ်လောက်တက်ခွင့်ရှိတယ်။ ဘယ်လောက်ကျခွင့်ရှိတယ် ဆိုတာနဲ့ပဲ  ထိန်းထားပါတယ်။ ဈေးနှုန်းအတက်အကျ ဆိုတာကလည်း customer တွေက ကုမ္ပဏီပေါ်မှာရှိတဲ့ ခံစားချက်ပေါ်မှာ မူတည်ပါတယ်။ အဲဒါက ဈေးကွက်ရဲ့ သဘောတရားအပေါ် မူတည်ပါတယ်။ ဒါက တန်လား၊ မတန်လားဆိုတာ customer ကဆုံးဖြတ်ရမှာပဲ။ စတော့ဈေးတက်တယ်၊ ကျတယ်ဆိုတာက ကျွန်တော်တို့က ဘောင်တစ်ခုနဲ့ပဲ ထိန်းထားတာပါ” ဟု ၎င်းကဆိုသည်။“ရှယ်ယာဈေးတွေက ကစားတာမဟုတ်ဘဲ ဝယ်ထားတဲ့ သဘောမျိုးဆိုရင်တော့ အခုဖြစ်နေတဲ့ ဈေးတွေက ဝယ်သင့်နေပြီလို့ ယူဆပါတယ်။ ဈေးက အရမ်းမကျလောက်သလို အရမ်းမတက်နိုင်လောက်တော့ဘူး။ ဒီဈေးတွေက ဖြစ်သင့်တဲ့ဈေးတွေ ရောက်နေပြီလို့တော့ ယူဆပါတယ်” ဟု စတော့ဈေးကွက် လေ့လာနေသူ ကိုကျော်စွာက ပြောကြားသည်။ဈေးကွက်အတွင်းတွင် ရှယ်ယာဈေးနှုန်းများမှာ FMI တစ်စုလျှင် မေ၂၃ ရက်က ကျပ် ၃၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေရာမှ ဇွန် ၁၆ ရက်တွင်  ၂၅၀၀၀ ဖြင့်ဈေးဖြစ်ခဲ့ပြီး  သီလဝါရှယ်ယာမှာမူ မေ ၂၄ ရက်တွင် ကျပ် ၇၀၀၀၀ အထိ ဈေးမြင့်တက်ခဲ့ရာမှ ဇွန် ၁၆ ရက်တွင် ကျပ် ၄၉၀၀၀ အထိ ကျသွားခဲ့သည်။မေ ၁၇ ရက်ဈေးနှုန်းများမှာ FMI တစ်စုလျှင် ကျပ် ၂၆၀၀၀ နှုန်းဖြင့် ယမန်နေ့ထက် ကျပ် ၅၀၀ မြင့်တက်ခဲ့ပြီး သီလဝါတစ်စုလျှင် ကျပ် ၅၀၀၀၀ ဖြင့် ယမန်နေ့ထက် ကျပ် ၁၀၀၀ မြင့်တက်ခဲ့သည်။

Most Read

Most Recent