မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ (MYANTRADE) ၏ ပို့ကုန်မြှင့်တင်ရေး ဆိုင်ရာ ပင်မ စီမံကိန်းနှင့် ပတ်သက်၍ မြန်မာ-ကိုရီးယား ဆွေးနွေး

မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ (MYANTRADE) ၏ ပို့ကုန်မြှင့်တင်ရေး ဆိုင်ရာ ပင်မ စီမံကိန်းနှင့် ပတ်သက်၍ မြန်မာ-ကိုရီးယား ဆွေးနွေး
Published 15 June 2016
နီလာ

မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ (MYANTRADE)၏ ပို့ကုန်မြှင့်တင်ရေး ဆိုင်ရာ ပင်မစီမံကိန်းနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ KOICA၊ KOTRA တို့ ဇွန် ၁၅ ရက်က ရန်ကုန်မြို့ရှိ Novotel Hotel တွင် ဆွေးနွေးခဲ့ကြသည်။မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမို တိုးမြှင့်နိုင်စေရန်၊ ကုန်သွယ်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ အကောင်အထည် ဖော်ရာတွင် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ စက်မှု ကဏ္ဍတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်း ပြိုင်ဆိုင်မှု ပိုမို ခိုင်မာလာစေရန်၊ ကုန်ထုတ်လုပ်ငန်းမှ ပို့ကုန် အမယ်များ တိုးမြှင့်ရေး ဆောင်ရွက်နိုင်ရန်၊ SME လုပ်ငန်းများအတွက် ပို့ကုန်ဈေးကွက်သစ် ရှာဖွေနိုင်ရန်၊ သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများ ပေးခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်ရေးကို အထောက်အကူ ပြုနိုင်ရန်အတွက် မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ (MYANTRADE) ကို ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း သိရသည်။“အသစ် ဖွဲ့စည်းထားတဲ့ Myanmar Trade Promotion Organization-MYANTRADE ပေါ့။ အခု ဒီ MYANTRADE ဆိုတဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ကို ဒီအဖွဲ့ကနေ အကောင်အထည်ဖော်မယ့် ကုန်သွယ်မှု မြှင့်တင်ရေး Master Plan ကိုရော ကိုရီးယား အစိုးရရဲ့ အကူအညီနဲ့ KOTRA ဆိုတဲ့ ကိုရီးယားနိုင်ငံက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးက အကူအညီ ပေးပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။“အခုလို မြန်မာနိုင်ငံမှာ စီးပွားရေး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ဒါတွေ မြှင့်တင်ဖို့အတွက် အဓိက တာဝန်ယူ လုပ်ဆောင်မယ့် MYANTRADE ဆိုတာ စပြီး ပေါ်ပေါက်လာပြီ။ သူများနိုင်ငံမှာရှိတဲ့ KOTRA တို့၊ USAID တို့ စသဖြင့် ရှိတယ်။ ဒီလို စီးပွားရေး မြှင့်တင်ရေးအတွက် သတ်သတ်မှတ်မှတ် လုပ်မယ့် အဖွဲ့အစည်း ပေါ်လာပြီဆိုတော့ တိုင်းပြည်အတွက် သိသာတဲ့ အကျိုးရလဒ်တွေ ရအောင် ကျွန်တော်တို့က အခုလိုမျိုး Master Plan တွေ စနစ်တကျ ရေးဆွဲပြီးတော့ သက်ဆိုင်ရာ အစိုးရ ဌာနတွေရော ပုဂ္ဂလိကတွေရော ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။အဆိုပါ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (MYANTRADE) တည်ထောင်ရေး စီမံကိန်းအတွက် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) ၏ ODA အထောက်အပံ့ဖြင့် ကိုရီးယားနိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အေဂျင်စီ (KOTRA)၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

Most Read

Most Recent