၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၆၁ ဘီလျံကျော် ဝင်ရောက်ရန် လျာထား

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၆၁ ဘီလျံကျော် ဝင်ရောက်ရန် လျာထား
Published 12 June 2016
မင်းသီဟဇော်

လက်ရှိဘဏ္ဍာနှစ် (၂၀၁၆-၂၀၁၇) ၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၆၁ ဘီလျံကျော် ဝင်ရောက်ရန် လျာထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။ 
 
လက်ရှိဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေး၊ လျှပ်စစ်ဓာတ်အား၊ စက်မှု၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု၊ သယ်ယူပို့ဆောင်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တု၊ ဟိုတယ်နှင့် ခရီးသွား၊  စက်မှုဇုန်တည်ဆောက်မှု၊ လယ်ယာနှင့် အခြားဝန်ဆောင်မှုကဏ္ဍများသို့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၂၇ ဘီလျံကျော် ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။
 
အဆိုပါကဏ္ဍ ၁၁ ခုအနက် စက်မှုကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၁၃၉၁၀ ဒသမ ၇၈၉ သန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၆၁၉၉၄ ဒသမ ၈၁၅ သန်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၂၁၈၂၂၀ ဒသမ ၅၂၆ သန်း ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။
 
မြန်မာနိုင်ငံသားများ၏ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ၂၀၁၆  ခုနှစ် မေလအထိ ကျပ် ၁၁၆၂၄၇၆၆ ဒသမ ၂၀၃ သန်း (၁၁၆၂၄ ဘီလျံကျော်) ရှိခဲ့ကြောင်း သိရသည်။
 
လက်ရှိ ဘဏ္ဍာနှစ်တွင် စက်မှု၊ လျှပ်စစ်ဓာတ်အား၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဟိုတယ်နှင့် ခရီးသွား၊ သတ္တု၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အိမ်ရာအဆောက်အအုံနှင့် အခြားဝန်ဆောင်မှုစသည့် ကဏ္ဍ ၁၀ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၉၅၈ ဒသမ ၀၅၀ သန်း ဝင်ရောက်လာရန် လျာထားကြောင်းလည်း သိရသည်။
 
၁၉၉၄ ခုနှစ် မေမှ ၂၀၁၆ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့် ထုတ်ပေးပြီး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ် ၁၁၆၂၄၇၆၆ ဒသမ ၂၀၃ သန်း ရှိကြောင်း သိရသည်။
 
အဆိုပါကာလအတွင်း စက်မှုလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုဇုန် တည်ဆောက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊  လယ်ယာလုပ်ငန်းနှင့် အခြားလုပ်ငန်း စသည့် လုပ်ငန်းကဏ္ဍများတွင် နိုင်ငံသားများက ရင်းနှီးမြှုပ်နှံခဲ့ကြခြင်း ဖြစ်သည်။
 
 

Most Read

Most Recent