နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း မရှိပါက မည်သည့်အဆင့် ဝန်ထမ်းမဆို အရေးယူခြင်း ခံရမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
ဇွန် ၇ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်းက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်းကျေးရွာအနီး မြေလွတ်မြေလပ်များတွင် တဲအိမ်ဖြင့် အိမ်ခြေ (၄၀၀) ခန့် အခြေချနေထိုင်သူများကို အကြမ်းဖက် ရိုက်နှက် နှင်ထုတ်ပြီး အိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းသည် ဥပဒေနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ခြင်း၊ နစ်နာသူများအား ကုစားပေးရန်နှင့် တာဝန်ရှိသူများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် ရှိ မရှိ မေးမြန်းခဲ့သည်။
ထို့ပြင် ထပ်ဆင့်မေးခွန်းအဖြစ် သဘာဝဒဏ်ကြောင့် ဒုက္ခသည်များ အပါအဝင် မြေမဲ့ယာမဲ့များကို ကုန်းကောက်စရာ မရှိအောင် နေစရာမရှိအောင် လုပ်ခဲ့သူများသည် ပြည်သူ့ဝန်ထမ်းများ ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်း ကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်တာကြောင့် နိုင်ငံတော်၏ အခြားနေရာများတွင် ယင်းကဲ့သို့မျိုး မဖြစ်ပေါ်ရန်အတွက် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့သည်။
ဒုတိယဝန်ကြီးက “နိုင်ငံ့ဝန်ထမ်းတွေ နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကိုယ်တိုင်ပင် နိုင်ငံ့ဝန်ထမ်း ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေဟာ နိုင်ငံတော်ရဲ့တည်ဆဲဥပဒေများနဲ့ ပြဋ္ဌာန်းချက်၊ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို အလေးအနက်ထား လိုက်နာရပါတယ်။ ဥပဒေ စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်ကျူးလွန်ပါက မည်သည့်အဆင့်မဆို နိုင်ငံ့ဝန်ထမ်းဥပဒေအရ လည်းကောင်း၊ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေအရ လည်းကောင်း၊ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ဝန်ထမ်းအားလုံး သိရှိစေရေး ချပြရှင်းလင်းထားပြီး ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေဟာ တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လိုက်နာဆောင်ရွက်ခြင်း မရှိပါက အရေးယူခြင်း ခံရမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “တင်ပြပါ နေရာတွေမှာ ဝင်ရောက်ကျူးကျော် နေထိုင်ခဲ့တဲ့သူတွေက ၎င်းတို့အတွက် မြေနေရာရရှိရေး သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြခဲ့တဲ့ တင်ပြချက်တွေ ရှိခဲ့တယ်ဆိုတာကို မေးခွန်းအရ သိရှိရပါတယ်။ ပြည်နယ်အစိုးရရဲ့ ဖြေကြားချက်က ၎င်းမြေနေရာကို တိုးချဲ့ကျေးရွာအဖြစ် သတ်မှတ်ဖို့ နိုင်ငံတော်သမ္မတရုံးထံ တင်ပြထားပါတယ်။ မြေဧက ၉၂ ဒသမ ၃၇ ဧကကို ကျေးရွာ တိုးချဲ့မြေအဖြစ် အသုံးပြုခွင့် ရရှိရေးကိုလည်း လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကော်မတီကို တင်ပြထားဖို့လည်း တင်ပြပြီး ဖြစ်ပါတယ်။ တိုးချဲ့ကျေးရွာအဖြစ် သတ်မှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ဆဲ ကာလတွင် ကျူးကျော်ဝင်ရောက် နေထိုင်ရေး မပြု စေရေးကို သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက ကြိုတင်အသိပေးခြင်း၊ အကြောင်းကြားခြင်း၊ ဖယ်ရှားရှင်းလင်းစေခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ဆက်လက် ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့်နေရာသို့ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ဝေါမြို့နယ်မှ လူဦးရေ ၅၀ ခန့်သည် ၎င်းမြေနေရာသို့ ကျူးကျော်ပြီး ခြံစည်းရိုး ကာရံခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အိမ်ခြေ ၇၀ ခန့် ကျူးကျော် ဆောက်လုပ်ထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာ အုပ်စု ဝါးဒါတ်ကွင်းကျေးရွာအနီး တိုးချဲ့ခွင့် အမိန့်ရပါက ကျေးရွာအနီးရှိ အိုးမဲ့အိမ်မဲ့များအား ချထားပေးမည် ဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာစွာဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဖြေကြားထားကြောင်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်(ခ) ဦးလှမြင့်သန်းက အဆိုပါနေရာတွင် နေထိုင်ခွင့်ရရှိရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ထံသို့ လူဦးရေ ၃၀၀ ခန့်က တင်ပြထားကြောင်းနှင့် အမှန်တကယ် ဒုက္ခရောက်နေသူများ ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း မရှိပါက မည်သည့်အဆင့် ဝန်ထမ်းမဆို အရေးယူခြင်းခံရမည်ဟု ပြည်ထဲရေး ဒုဝန်ကြီး ပြောကြား















