မေလ အတွင်းက ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၆၄ ဦး ရှိပြီး ဒဏ်ရာ ရရှိသူ ၂၅၇ ဦးအထိ ရှိကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။မေလအတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၂၄၃ မှု ဖြစ်ပွားခဲ့သည့်အနက် ယာဉ် မဆင်မခြင် မောင်းနှင်မှု ၁၀၁ မှု၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားမလည်ဘဲ မောင်းနှင်မှု ၇၃ မှု၊ ယာဉ်မောင်း မကျွမ်းကျင်မှု ၂၅ မှု၊ လမ်းသွားလမ်းလာ ပေါ့ဆမှု ၂၁ မှု၊ ခရီးသည် ပေါ့ဆမှု ၁၇ မှုနှင့် အရက်သေစာ မူးယစ် မောင်းနှင်မှု ခြောက်မှုတို့ ဖြစ်ပြီး အဆိုပါ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများအနက် ကိုယ်ပိုင်ယာဉ် မတော်တဆမှုမှာ ၉၃ မှုဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။“ယာဉ်စည်းကမ်း ထိန်းသိမ်းပေးတဲ့ သူတွေ အားလုံးက ယာဉ်တိုက်မှု လျော့နည်း ကျဆင်းရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်နေတဲ့ အချိန်မှာ ယာဉ်မောင်းတဲ့ သူတွေရော လမ်းအသုံးပြုသူ အားလုံးက သတ်မှတ်ထားတဲ့ စည်းကမ်းလေးတွေ လိုက်နာ ဆောင်ရွက်ပေးပါ။ ဒါဆို ယာဉ်အန္တရာယ် လျော့နည်း ကျဆင်းစေမှာပါ” ဟု အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက ဒုရဲမှူး ဝင်းမြင့်ဦးက ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်းအတိုင်း မှော်ဘီဘက်မှ မင်္ဂလာဒုံဘက်သို့ ယာဉ်မောင်း ဝင်းကိုကို မောင်းနှင်လာသည့် 2G-....... HIJET အဖြူ ရောင်ယာဉ်သည် မေ ၅ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် စီပီလိုက်ရှေ့ အရောက်တွင် ၎င်းရှေ့မှ ဦးစိန်ဟန်မောင်းနှင်လာသည့် 4G-.......RAV4 အဖြူရောင်ယာဉ်အား အနောက်ဘက်မှ ဝင်တိုက်မိပြီး အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး တစ်ဖက်ယာဉ်ကြောမှ အောင်မျိူးဦး မောင်းနှင်လာသည့် 2H....... လိုက်ထရပ် အဖြူရောင် ယာဉ်အား ထပ်မံ တိုက်မိခဲ့သဖြင့် အမျိုးသား ငါးဦးနှင့် အမျိုးသမီးရှစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။အလားတူ လှည်းကူးမြို့နယ်တွင် လှည်းကူး-ဖောင်ကြီး လမ်းအတိုင်း ဖောင်ကြီးဘက်မှ လှည်းကူးဘက်သို့ ယာဉ်မောင်းမျိုးမင်းဦး မောင်းနှင်လာသည့် 5E....... ယာဉ်သည် မေ ၅ ရက် မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ကဒစ်ကျေးရွာ၊ မိုင်တိုင် ၆/၂ အရောက်တွင် မျက်နှာချင်းဆိုင်မှ ယာဉ်မောင်းအောင်မျိုးဦး မောင်းနှင်လာသည့် 3A-....... ဒိုင်နာယာဉ်နှင့် ယာဉ်မောင်း ဦးစိုးမြင့် မောင်းနှင်လာသည့် 5J-....... A6 ယာဉ်အား တစ်ဖက်ယာဉ်ကြော အတွင်း ဝင်တိုက်မိခဲ့ကြောင်း သိရသည်။ထိုသို့ ဝင်တိုက်မိသဖြင့် 3A-....... ဒိုင်နာယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းလာသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ပြီးခဲ့သည့် ဧပြီလက ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်မတော်တဆမှု ၂၂၁ မှု ဖြစ်ပွားပြီး ၅၈ ဦး သေဆုံးကာ ၂၈၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် မေလအတွင်း ယာဉ်မတော်တဆမှု ပိုမို ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ပိုမို များပြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၌ မေလအတွင်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၆၄ ဦး ရှိပြီး ၂၅၇ ဦး ဒဏ်ရာရ