မြန်မာကစားသမားများ ပါဝင်ယှဉ်ပြိုင်မည့် MMA ဘက်စုံ ကိုယ်ခံပညာသုံး အားကစား ပြိုင်ပွဲကို မေ ၂၇ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ယင်းပြိုင်ပွဲကို One Championship အဖွဲ့အစည်းက ကျင်းပခြင်းဖြစ်ပြီး အိမ်ရှင်ထိုင်းနိုင်ငံမှ ကစားသမား ငါးဦး ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ယင်းပြိုင်ပွဲတွင် မြန်မာကစားသမားများ ဖြစ်သည့် ကြယ်လင်းအောင်နှင့် ရဲသွေးနီတို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ပြီး ယင်းကစားသမား နှစ်ဦးစလုံးမှာ အိမ်ရှင်ထိုင်းနိုင်ငံမှ ကစားသမားများနှင့် ထိုးသတ်ရမည် ဖြစ်သည်။ကြယ်လင်းအောင်မှာ ထိုင်းကစားသမား ဝီရာချိုင်းနှင့် လည်းကောင်း၊ ရဲသွေးနီမှာ မစ်ဆာတစ်နှင့်လည်းကောင်း ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် MMA ပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ရန်ကုန်မြို့တွင် နှစ်ကြိမ်သာ ကျင်းပခဲ့ဖူးကြောင်း သိရသည်။ မတ်လက နောက်ဆုံး ကျင်းပခဲ့သည့် MMA ပြိုင်ပွဲတွင် အမေရိကန်၌ ထင်ရှား ကျော်ကြားလာသည့် အောင်လအန်ဆန် လာရောက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာကစားသမားများမှာ အချင်းချင်း ယှဉ်ပြိုင် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။
ကြယ်လင်းအောင်နှင့် ရဲသွေးနီတို့ ယှဉ်ပြိုင်မည့် MMA ဘက်စုံ ကိုယ်ခံပညာသုံး ပြိုင်ပွဲ ထိုင်းနိုင်ငံတွင် ယနေ့ ကျင်းပမည်