သိပ္ပံ ပညာကို မလေ့လာ။ သိပ္ပံပညာကို တန်ဖိုး မထားမိခဲ့။ သိပ္ပံပညာဘက်က အားနည်း နိမ့်ကျ မသင်ကြား မတတ်မြောက်ခဲ့သည့် အတွက် မြန်မာသည် ခေတ်မီ ကမ္ဘာကြီးနှင့် နှစ်ပေါင်းတစ်ရာလောက် ဝေးသော ခေတ်နောက်ကျ ကျန်ရစ်ခဲ့၏။ လျှပ်စစ်သည် လျှပ်စစ် မီးသီး၊ လျှပ်စစ် မီးချောင်းတို့ကို ဖြတ်စီးသောအခါ အလင်း ရရှိသည်။ မိမိတို့ မသိခဲ့၍ ရေနံသုံး မှန်အိမ်၊ မီးအိမ်၊ ဖယောင်းတိုင်တို့ဖြင့် ဘဝကို ဖြတ်သန်းခဲ့ရ၏။ယခု ပြည်သူ့ အစိုးရသည် သိပ္ပံပညာကို အခြေခံ ပညာရေးက စသင်ပေတော့မည်။ ကလေးသူငယ်တို့အား သိပ္ပံပညာ ထိထိရောက်ရောက် သင်ကြားပေးရန် စီစဉ်လာသည်။ ပညာရေး မြှင့်တင်မှု အစီအစဉ်အရ ကျောင်းသုံးစာအုပ် ကော်မတီသည် သိပ္ပံပညာကို သင်ရိုးညွှန်းတမ်း သစ်ဖြင့် စသင်ရန် စီစဉ်ထားသည်။
■ ဆွဲဆောင်ဖို့ဦးစွာ ပထမ သိပ္ပံ ပညာကို သူငယ်တို့ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ဖို့သည် အဓိကကိစ္စ ဖြစ်သည်။ ဆန္ဒရှိလျှင် ယင်းဆန္ဒကို အကောင်အထည်ဖော်ရန် နည်းလမ်းများကို စမ်းသပ် ကျင့်သုံးရပေမည်။ သူငယ်တို့ သိပ္ပံပညာကို စိတ်ဝင်စား၍ စူးစမ်းလေ့လာလိုစိတ် ပိုမို တိုးပွားလာစေရန် ဖန်တီး ပေးနိုင်ရပေမည်။ စင်စစ် စာသင်သားသည် သိပ္ပံပညာ၏ သဘော သဘာဝကို နားလည်ဖို့ ဦးစွာ လို၏။ သိပ္ပံနည်းကျ အဆင့်ဆင့် လေ့လာတတ်သော အကျင့်ကောင်းများ ရရှိစေဖို့လည်း ဆွဲဆောင်သိမ်းသွင်း သင်ကြားပေးရန် စီစဉ်နိုင်ရပေမည်။ လေ့လာတတ်သော အကျင့်ကောင်းများ ရမှသာလျှင် သိပ္ပံပညာအပေါ် စနစ်တကျ တွေးခေါ် ရှုမြင်တတ်လာပေလိမ့်မည်။ ယင်းကြောင့် ကလေးသူငယ်များ တွေးခေါ် ရှုမြင်တတ်ရန် ဖန်တီးထားသည်ဟု သိရပေသည်။
■ မွေ့လျော်ဖို့စင်စစ် ကလေးတို့ကို သိပ္ပံပညာ စိတ်ဝင်စားလာအောင် ဆွဲဆောင် သင်ကြားပေးခြင်း၏ ရည်ရွယ်ချက်သည် စာသင်သား ကလေးတို့ သိပ္ပံပညာမှာ မွေ့လျော်ဖို့။ မွေ့လျော်သော သိပ္ပံပညာထဲက တစ်စုံတစ်ခုသော ရုပ်ဝတ္ထုကို တီထွင် ပြုလုပ်နိုင်သည်ထိ တတ်ကျွမ်းလာဖို့ပင်။ သိပ္ပံပညာရှင် တစ်ဦး ဖြစ်လာအောင် ကလေးတို့၏ စိတ်ဝင်စား တိမ်းညွတ်မှုမှာ ကြိုးစား အားထုတ်လိုစိတ် ဖြစ်ပေါ်လာပါက သိပ္ပံပညာ စိတ်ဝင်စား၍ စူးစမ်းလေ့လာ လိုစိတ်သည် မုချ အောင်မြင်လာပေလိမ့်မည်။
■ ကိုယ်ခန္ဓာပါသိပ္ပံပညာ သင်ကြားခြင်းတွင် မိမိ၏ ခန္ဓာကိုယ်ကို သိရှိ နားလည်ဖို့လည်း လိုအပ်သည်။ မိမိတို့ ဘ၀ ရှင်သန်ရေးအတွက် မိမိ ကိုယ်ခန္ဓာနှင့် ပတ်ဝန်းကျင် သက်ရှိသက်မဲ့တို့ အကြောင်းကိုလည်း ကောင်းစွာသိရှိ နားလည်ထားရပေမည်။ ထိုမျှမက ယင်းတို့ကို အထူး အလေးထား၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေရန် ကလေး၏ အသိမှာ သွတ်သွင်း မြှုပ်နှံပေးရပေလိမ့်မည်။ ကလေးသိဖို့ အရေးကြီးပေသည်။
■ မွေးမြူပေးတကယ်ကျ စာသင်သား ကလေးအဖို့ မိမိ၏ နေ့စဉ်ဘဝမှာ သိပ္ပံပညာကို တစ်စုံတစ်ရာ အသုံးကျစေဖို့ အသုံးချနိုင်ဖို့ ကျောင်းစာသင်ခန်းက မွေးမြူပေးလိုက်ရပေမည်။ယခုအခါ လူသားများသည် ဆန်းသစ်သော သိပ္ပံ တီထွင်မှုတို့ကို နေ့စဉ်နှင့်အမျှ အမြဲတစေ ဆောင်ရွက်လျက်ရှိသည်။ အသစ်တွေ့ရှိချက်များကိုလည်း သိပ္ပံပညာ အခြေခံမှာ စူးစမ်း ရှာဖွေရာက တွေ့ရှိလာကြပေသည်။ ယင်းတွေ့ရှိချက် အသစ်များနှင့် အကြောင်းအရာ တွဲဖက်အရာ အချို့ကို သိရှိပြီးသော် ကွန်ပျူတာနှင့် ပြန်ကြား ဆက်သွယ်ရေး နည်းပညာများကိုလည်း သိရှိလာပေလိမ့်မည်။ သို့မှသာ သိပ္ပံပညာ၏ စူးစမ်းတွေ့ရှိချက်တို့ကို နေ့စဉ်ဘဝတွင် အသုံးချတတ်စေရန် အဓိက ဦးတည်ချက်သည် အောင်မြင်လာမည်ဖြစ်၏။ကျောင်းသုံးစာအုပ် ကော်မတီသည် သိပ္ပံပညာကို နေ့စဉ်ဘ၀ အသုံးချရေးထိ မျှော်မှန်းထား၏။ တကယ်လုပ်လျှင် အဟုတ်ဖြစ်ရမည်ပင်။
■ လူထုအတွက်ပါမောက္ခ ဦးစံသာအောင်သည် မြန်မာတို့ သိပ္ပံနှင့် ထိတွေ့ မွေ့လျော်နိုင်ဖို့ လူထုအတွက် သိပ္ပံစာပေ အမည်ဖြင့် စာတမ်း တစ်စောင်ကို ပြည်သူ့ ရှေ့မှောက်သို့ ချပြ တင်သွင်းခဲ့ဖူး၏။ ယင်းစာတမ်းသည် ယခု သင်ရိုးညွှန်းတမ်းများပါ သိပ္ပံပညာဖြင့် ခေတ်မီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေးကို ကျေးဇူးပြုမည် ဖြစ်၏။
■ သိပ္ပံခေတ်“စင်စစ် ဤခေတ်ကြီးကား သိပ္ပံခေတ်ကြီး ပေတည်း။ တစ်ကမ္ဘာလုံးတွင် သိပ္ပံ၏ အောင်မြင်မှုများဖြင့် လွှမ်းမိုးနေသောခေတ် ဖြစ်၏။ ရှေးယခင်အခါမှ ယနေ့တိုင်အောင် သိပ္ပံပညာ တိုးတက်မှုတွင် အနောက်နိုင်ငံများက ဦးဆောင်နေ၏။ သိပ္ပံပညာ တိုးတက်မှုကို မလိုက်စား ဂရုမမူခဲ့သည့် အတွက် အရှေ့နိုင်ငံများသည် တစ်ခါက အနောက်နိုင်ငံများ၏ ကျွန်သပေါက် ဘဝသို့ပင် ရောက်ခဲ့ကြရသည်။”ပါမောက္ခ ဦးစံသာအောင်က သူ၏ စာတမ်းဖြစ်သော လူထုအတွက် သိပ္ပံစာပေတွင် မိမိတို့၏ အားနည်းချက်တို့ကို ရိုးသားစွာ ကြိုတင်လှစ်ဟ ဖော်ပြလိုက်လေသည်။ ယင်းသည် သိပ္ပံပညာ တိုးတက်မှုကို ယခုချက်ချင်း လိုက်စားရန် မောင်းသံ ပေးလိုက်ခြင်းပင်။
■ မတိုးတက်ခဲ့ဆရာ ဦးစံသာအောင်က “ကျွနု်ပ်တို့သည် ယင်းအနောက်နိုင်ငံသားများထက် ပို၍ ယဉ်ကျေးသည်။ ပို၍ တွေးခေါ်တတ်သည်ဟု ကြွားနိုင်သော်လည်း သိပ္ပံပညာတွင် သူတို့လောက် မကျွမ်းကျင်မှုကြောင့် ယင်းသူများလောက် မတိုးတက်ခဲ့ပေ” ဟုလည်း ဝန်ခံ ဖော်ပြထားပါသည်။
■ မျက်မှောက် သိပ္ပံလူတိုင်း လူတိုင်းသည်ပင် သိပ္ပံသဘော ပါဝင်သော ဝတ္ထုပစ္စည်း၊ ကိရိယာ ယာဉ်များကို နေ့စဉ်နှင့်အမျှ အမြဲတစေ အသုံးပြုနေကြရသည်ဟု ဆရာ ဦးစံသာအောင်က သိပ္ပံပညာ၏ စွမ်းအားကို အသုံးချလျက် အသုံးကျသည့် နေရာမှာ ရောက်ရှိ သုံးစွဲနေသည်ကို ဖော်ပြလိုက်ပါသည်။ မှန်ပါသည်။မော်တော်ကား၊ မီးရထား၊ သင်္ဘော၊ လေယာဉ်ပျံတို့သည် ယခုအခါ လူသားတို့ကို သယ်ယူ ပို့ဆောင်ပေးနေ၏။ ထိုမျှမက တယ်လီဖုန်း၊ ရုပ်မြင်သံကြား၊ ရေဒီယို စသည်တို့သည် လူသားတို့အား အကြားနှင့် အကြားအမြင်တို့ို ဆောင်ရွက်ပေးနေ၏။လျှပ်စစ်သုံး ဓာတ်မီး၊ ပန်ကာ၊ မီးပူ၊ မီးဖို၊ ရေခဲစက်၊ အဝတ်လျှော်စက်၊ ရုပ်မြင်၊ ရုပ်ပြစက်တို့သည် အိမ်သုံးပစ္စည်းများအဖြစ် လူတို့ကို သုံးစွဲနိုင်စေ၏။ ရပ်ဝေးတွင် တည်ရှိနေသော ခလုတ်ကို ဖွင့်ပိတ်ရုံဖြင့် ထောင်သောင်း ချီရှိနေသည့် စက်ပစ္စည်းများ၊ အီလက်ထရွန်နစ် ပစ္စည်းများတို့သည် စင်စစ် သိပ္ပံပညာဖြင့် တီထွင်ထားသော ပစ္စည်းများပင် ဖြစ်၏။
■ ယခု ရနေယခင်က မိမိတို့ အသုံးပြုသော အဝတ်အထည်တို့ကို ရက်လုပ်ရန် ဝါပင်၊ ပိုးကောင်နှင့် သိုးတို့က ရခဲ့ကြ၏။ ယခု ဓာတုဗေဒ ဓာတ်ခွဲခန်း၊ ဓာတ်စမ်းဖန်ပြွန်တို့က ရ၍နေပြီ။ ယခင်က မိမိတို့ အသုံးပြုသော ဆေးများသည် ဗိန္ဓောဆရာတို့ ထုတ်လုပ်သော ဘယဆေးများသာပင်။ ယခု ထိုသို့ မဟုတ်တော့ပါ။ ယခု ထုတ်လုပ်သော ဆေးဝါးများသည် သြဂဲနစ် ဓာတုဗေဒ ပညာရှင်များ၊ ဇီဝဓာတုဗေဒ ပညာရှင်များ ထုတ်လုပ်ကြသည့် ဆေးဝါးများ ဖြစ်နေကြပြီ။သိပ္ပံပညာဖြင့် နေ့စဉ်ဘ၀ တိုးတက်နိုင်ရန်နှင့် သိပ္ပံပညာရှင် ကလေးများ မွေးထုတ်ပေးရေးတို့ကို အခြေခံပညာက ယခု စလိုက်ခြင်းသည် အချိန်ကောင်းပင်။ ယင်းအစီအစဉ် အောင်မြင်သွားပါက မြန်မာသည် တိုးတက်သော ကမ္ဘာ့နိုင်ငံများ ကြားတွင် ခေတ်မီ တိုးတက်လာတော့မည်မှာ အသေအချာပင်။










