မြန်မာနိုင်ငံတွင် လက်ရှိ အချိန်၌ ဖုန်းသုံးစွဲခြင်းမှာ လူတိုင်းအတွက် မရှိမဖြစ် အနေအထားသို့ ရောက်ရှိလို့ လာပါသည်။ မိသားစု ကိစ္စ၊ အလုပ် ကိစ္စ၊ သာရေး နာရေး ကိစ္စနှင့် အခြားသော အကြောင်းကိစ္စရပ်များတွင် ဖုန်းသုံးစွဲခြင်းကို ပိုမို အားပြုလာကြသည်။ထို့ပြင် အင်တာနက် သုံးစွဲမှု၊ Facebook သုံးစွဲမှု မြင့်မားလာခြင်းတို့ကြောင့် ယနေ့ခေတ် လူငယ်များ ဖုန်းများကို မရှိမဖြစ် အသုံးအဆောင် ပစ္စည်းတစ်ခု အဖြစ် သုံးစွဲလျက် ရှိကြပါသည်။ယခုကဲ့သို့ ဖုန်းများကို သုံးစွဲရာတွင် ကောင်းကျိုးများ ရှိပြီး ဆိုးကျိုးများလည်း တွေ့ရှိရသည်။ ကောင်းကျိုး အနေဖြင့် သတင်း အချက်အလက်များကို လျင်မြန်စွာ သိရှိနိုင်ခြင်း၊ အရေးကြီးသည့် အလုပ်ကိစ္စများကို ဖုန်းဖြင့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရှိသော်လည်း ဆိုးကျိုးများ အနေဖြင့် ငွေကြေးကုန်ကျမှု မြင့်မားလာသည့်အပြင် အင်တာနက်၊ Facebook ကို အလွန်အကျွံ သုံးစွဲမှုကြောင့် အိပ်ချိန်၊ စားချိန် မမှန်သည့်အတွက် ကျန်းမာရေး ထိခိုက်မှုများ ရှိလာပါသည်။ထို့ပြင် ဖုန်းနှင့် ပတ်သက်၍ ဖုန်းအော်ပရေတာ ကုမ္ပဏီကြီးများ၏ ဝန်ဆောင်မှု အပိုင်းကို ကြည့်မည်ဆိုလျှင် ဖုန်းလိုင်းမမိခြင်း၊ အင်တာနက် ကွန်နက်ရှင် မကောင်းခြင်း စသည့် ညံ့ဖျင်းသော ဝန်ဆောင်မှုများ ရှိနေသော်လည်း ငွေကြေးကောက်ခံမှု အပိုင်းတွင် လျှော့ပေါ့ပေးခြင်း မရှိသည်ကို တွေ့ရပေသည်။သို့သော် အော်ပရေတာများမှ ဝန်ဆောင်မှု အပိုင်းတွင် ညံ့ဖျင်းနေသော်လည်း မြန်မာနိုင်ငံမှ ပြည်သူများ အနေနဲ့ မကောင်းလည်းသုံး၊ ကောင်းလည်းသုံး ဆိုသည့် စကားအတိုင်း ယင်းအော်ပရေတာများက ထုတ်လုပ်သည့် ဆင်းမ်ကတ်များကိုသာ နေ့စဉ် သုံးစွဲနေကြရပါသည်။
■ ဖုန်းသုံးစွဲသူ ဦးရေလက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT ၏ ဖုန်းသုံးစွဲသူ ဦးရေ သန်း ၂၀ ရှိပြီ ဖြစ်ကြောင်း မေ ၂၀ ရက်က ကြေညာခဲ့ပါသည်။ထို့ပြင် အခြားသော အော်ပရေတာများ ဖြစ်ကြသည့် တယ်လီနော အော်ပရေတာ၏ ဖုန်းသုံးစွဲသူ ဦးရေ ၁၀ သန်းရှိပြီး အူရီဒူး အော်ပရေတာ၏ ဖုန်းသုံးစွဲသူ ဦးရေ ငါးသန်းခန့် ရှိကြောင်း သက်ဆိုင်ရာ အော်ပရေတာများ၏ ထုတ်ပြန်ချက်များအရ သိရပါသည်။၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၄ သန်းကျော် ရှိသည့်အတွက် အော်ပရေတာ သုံးခုပေါင်း၏ ဖုန်းသုံးစွဲသူ ဦးရေကို အချိုးချကြည့်လျှင် သုံးပုံ နှစ်ပုံခန့်မှာ ဖုန်းသုံးစွဲနေကြောင်း အကြမ်းဖျင်း သတ်မှတ်ရပါမည်။သို့သော် ယခု စာရင်းဇယားများအရ ဆင်းမ်ကတ်ပေါင်း ၃၅ သန်းလုံးမှာ လက်ရှိ အချိန်တွင် သုံးစွဲနေသည့် ကတ်များ ဟုတ်၊ မဟုတ်ကိုမူ အတိအကျ မသိရှိနိုင်ပေ။
■ တန်ဖိုးနည်း ဆင်းမ်ကတ်မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီလဆန်းပိုင်းတွင် ဖုန်းဆင်းမ်ကတ် တစ်ခုလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ခွဲတမ်းအရ တစ်လ ဆင်းမ်ကတ် ၃၅၀၀၀၀ ကို လစဉ် ရောင်းချပေးခဲ့ပါသည်။သမ္မတဟောင်း ဦးသိန်းစိန်၏ သမ္မတ သက်တမ်း နှစ်နှစ်ကျော်တွင် သိန်းချီတန်သည့် ဖုန်းဆင်းမ်ကတ်များကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ ဆင်းမ်ကတ်များကို ရောင်းချသော်လည်း အလွယ်တကူ ဝယ်ယူနိုင်အောင် ရောင်းချပေးခဲ့ခြင်း မဟုတ်ပေ။လစဉ် ခွဲတမ်းဖြင့် ရောင်းချပေးသည့်အတွက် သက်ဆိုင်ရာ ရပ်ကွက်ရုံးများ၌ မဲနှိုက်ပြီး မဲပေါက်သည့် သူများကို ပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဆင်းမ်ကတ် တစ်ခုလျှင် ငွေကျပ် ၁၅၀၀ ဆိုသော်လည်း မှောင်ခိုဈေးကွက်၌ ကျပ် ၈၅၀၀၀ အထိ ဈေးပေါက်ခဲ့သည်။ဖုန်းပေါက်သည့်သူများ အနေဖြင့် ဖုန်းပေါက်တဲ့နေ့က စပြီး ၁၅ ရက်အတွင်း အသုံးပြုရမှာ ဖြစ်သည့်အပြင် ဖုန်းခေါ်ဆိုခအဖြစ် တစ်လ အနည်းဆုံး ငွေကျပ် ၂၅၀၀ သုံးစွဲရမည်ဟု သတ်မှတ်ထားပါသေးသည်။ သတ်မှတ်ထားသည့်အတိုင်း သုံးစွဲခြင်း မရှိလျှင် ဖုန်းဆင်းမ်ကတ်များကို မြန်မာ့ဆက်သွယ်ရေးက လိုင်းပိတ်လိုက်ပါသည်။ ယင်းစနစ်ကို ၂၀၁၄ ခုနှစ် ဧပြီကျမှ မြန်မာ့ဆက်သွယ်ရေးမှ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ ယခုဖြစ်စဉ်ကို ကြည့်လျှင် ဦးသိန်းစိန် အစိုးရ အနေဖြင့် မည်သည့်နိုင်ငံတွင်မှ မရှိသည့် စနစ်ဖြင့် ဖုန်းဆင်းမ်ကတ်တွေကို မြန်မာ နိုင်ငံ၌ ဖြန့်ဖြူးပေးခဲ့ခြင်း ဖြစ်သည်။ထို့ပြင် မြန်မာ့ဆက်သွယ်ရေးမှ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်က စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခု အတွင်းရှိ အရောင်းမြှင့်တင်ရေး ဆိုင်များတွင် မှတ်ပုံတင် မိတ္တူနှင့် လိုင်စင်ဓာတ်ပုံ နှစ်ပုံပေးပြီး ဆင်းမ်ကတ် တစ်ခုလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် စတင် ရောင်းချပေးခဲ့ပါသည်။မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၂၀၁၄ ခုနှစ်အထိ မိုဘိုင်း တယ်လီဖုန်း ၈ ဒသမ ၀၅ သန်းကျော် ဖြန့်ဖြူး ရောင်းချပေးခဲ့သည့် အနက် တန်ဖိုးနည်းဖုန်း စုစုပေါင်း ၄ ဒသမ ၂၅ သန်း ပါဝင်ပြီး CDMA 800 MHz ၂၁၅၀၀၀၀၊ GSM တယ်လီဖုန်း ၁၅၃၉၇၀၀ နှင့် WCDMA မိုဘိုင်းဖုန်း ၅၆၀၃၀၀ တို့ကို ဖြန့်ဖြူး ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ယခုလို တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ်များကို ရောင်းချပေးသော်လည်း အစိုးရ အနေဖြင့် ဖုန်းခေါ်ဆိုခများကို ဈေးချပေးခဲ့ခြင်း မရှိခဲ့ပေ။ နောက်ပိုင်း နိုင်ငံတကာမှ အူရီဒူးနှင့် တယ်လီနောကဲ့သို့ ဖုန်းအော်ပရေတာများ ဝင်ရောက်လာချိန်တွင် မြန်မာ့ ဆက်သွယ်ရေး အနေဖြင့် ဖုန်းအော်ပရေတာ ဈေးကွက်၌ လက်ဝါးကြီးအုပ်ရန် မဖြစ်နိုင်တော့သည့် အတွက် ‘ဆွေသဟာ’ လိုမျိုး ပရိုမိုးရှင်းမျိုးများ ပြုလုပ်လာခဲ့သည်။‘ဆွေသဟာ’ အစီအစဉ်တွင် ဖုန်းခေါ်ဆိုခများကို တစ်မိနစ် ကျပ် ၅၀ မှ လျှော့ချခဲ့သော်လည်း အင်တာနက် အသုံးပြုရာတွင် တစ်မိနစ် နှစ်ကျပ်မှ 1 MB လျှင် ခြောက်ကျပ် ကောက်ခံသည့်အတွက် မသက်သာသည့်အပြင် ပိုပြီး အကုန်အကျ များခဲ့သည်။MPT အနေဖြင့် ဆွေသဟာ အစီအစဉ်ကို လျှောက်ထားခြင်း မရှိသည့် အမ်ပီတီဖုန်းများအား ဖုန်းခ ကောက်ခံရာတွင် သုံးစွဲမှုများသည့် အချိန် မနက် ၇ နာရီမှ ည ၁၁ နာရီလျှင် MPT ဖုန်း အချင်းချင်း တစ်မိနစ် ၅၀ ကျပ်ဖြစ်ပြီး အခြားဖုန်းများ ခေါ်ဆိုခအဖြစ် တစ်မိနစ်လျှင် ၅၀ ကျပ် ကောက်ခံလျက် ရှိပါသည်။ သုံးစွဲမှု နည်းသည့်အချိန် ည ၁၁ နာရီမှ မနက် ၇ နာရီလျှင် MPT ဖုန်းအချင်းချင်း တစ်မိနစ် ၂၅ ကျပ်ဖြစ်ပြီး အခြားဖုန်းများ ခေါ်ဆိုခ အဖြစ် တစ်မိနစ်လျှင် ၅၀ ကျပ် ကောက်ခံလျက် ရှိပါသည်။ဆွေသဟာ အစီအစဉ်တွင် ဖုန်းခေါ်ဆိုခ ပြည်တွင်း ခေါ်ဆိုမှုနှုန်းထား အရ တစ်မိနစ်လျှင် ၂၃ ကျပ်ဖြစ်ပြီး SMS ပြည်တွင်း စာတို ပေးပို့မှုနှုန်းထား တစ်စောင်လျှင် ၁၀ ကျပ်နှင့် မြန်ဆန်သော အင်တာနက်ကို 1 MB လျှင် ခြောက်ကျပ်ဖြင့် ကောက်ခံလျက် ရှိကြောင်း သိရသည်။တယ်လီနော အော်ပရေတာမှ စူပါပွား အစီအစဉ်အရ တယ်လီနော ဖုန်းအချင်းချင်း ခေါ်ဆိုလျှင် တစ်မိနစ် ၁၈ ကျပ်ဖြစ်ပြီး အခြားဖုန်းများ ခေါ်ဆိုခအဖြစ် တစ်မိနစ် ၂၃ ကျပ် ကောက်ခံလျက် ရှိသည်။ ထို့ပြင် SMS ပြည်တွင်းစာတိုပို့ခအဖြစ် တစ်စောင်လျှင် ၁၅ ကျပ် ကောက်ခံလျက်ရှိပြီး မြန်နှုန်းမြင့် Smart အင်တာနက်ကို 1 MB လျှင် ခြောက်ကျပ်ဖြင့် ကောက်ခံလျက် ရှိကြောင်း သိရသည်။အူရီဒူး အော်ပရေတာမှ ပြည်တွင်း မည်သည့် ဖုန်းနံပါတ်မဆို ခေါ်ဆိုလျှင် ည ၇ နာရီမှ နံနက် ၇ နာရီအတွင်း တစ်မိနစ်ကို ၂၀ ကျပ်အဖြစ် ကောက်ခံလျက်ရှိပြီး နံနက် ၇ နာရီမှ ည ၇ နာရီအတွင်း တစ်မိနစ်ကို ၂၅ ကျပ်အဖြစ် ကောက်ခံလျက် ရှိပါသည်။ SMS (စာတို) တစ်စောင်ကို ၁၅ ကျပ်အဖြစ် ကောက်ခံလျက်ရှိပြီး သုံးသလောက်သာ ကျသင့်သည့် အင်တာနက် ဝန်ဆောင်မှု အဖြစ် ည ၇ နာရီမှ နံနက် ၇ နာရီအတွင်း 1MB ကို ခြောက်ကျပ် ကောက်ခံပြီး နံနက် ၇ နာရီမှ ည ၇ နာရီအတွင်း 1MB ကို ရှစ်ကျပ်အဖြစ် ကောက်ခံလျက် ရှိသည်။ယခု တင်ပြခဲ့သည့် အော်ပရေတာ သုံးခု၏ ဖုန်းခေါ်ဆိုခ၊ SMS နှင့် အင်တာနက်နှုန်းထားများမှာ အခွန် ငါးရာခိုင်နှုန်း ပါဝင်ခြင်း မရှိဘဲ ကောက်ခံထားသည့် နှုန်းထားများ ဖြစ်သည်။
■ ဖုန်းခွန် အစပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ပြည်တွင်း၌ ရှိသည့် ဖုန်းအော်ပရေတာ သုံးခုမှ ဖုန်းခွန်တွေ ကောက်ရန် ဆုံးဖြတ်ခဲ့သည်။ ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာ သုံးခုဖြစ်သည့် MPT၊ တယ်လီနော၊ အူရီဒူးတို့မှ ၂၀၁၅ ဇွန် ၁ ရက်က စတင်ကာ ငွေဖြည့်ကတ် သုံးစွဲမှု အပေါ် ငါးရာခိုင်နှုန်း အခွန် ကောက်ခံသွားမည်ဖြစ်သည်။ပြည်ထောင်စု အခွန် ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ထည့်သွင်း ကောက်ခံမည် ဖြစ်ပြီး ပြည်ထောင်စု အစိုးရ ကိုယ်စား ဖုန်းအော်ပရေတာများမှ သုံးစွဲသူများထံက ကောက်ခံကာ အစိုးရထံ ပေးသွင်းမည်ဖြစ်သည်။ထို့ကြောင့် ငွေဖြည့်ကတ် ကျပ် ၁၀၀၀ ဖြည့်လျှင် အခွန် ၄၈ ကျပ် ကျသင့်မည်ဖြစ်ပြီး ၉၅၂ ကျပ်သာ သုံးစွဲခွင့် ရမည်။ ကျပ် ၃၀၀၀ ဖြည့်လျှင် အခွန် ၁၄၃ ကျပ် ကျသင့်မည် ဖြစ်ပြီး ၂၈၅၇ ကျပ်သာ သုံးစွဲခွင့် ရမည်။ ငွေကျပ် ၅၀၀၀ ဖြည့်လျှင် အခွန် ၂၃၈ ကျပ် ကျသင့်ကာ ၄၇၆၂ ကျပ် သုံးစွဲခွင့် ရမည်ဖြစ်ပြီး ငွေကျပ် ၁၀၀၀၀ ဖြည့်လျှင် အခွန် ၄၇၆ ကျပ် ကျသင့်ကာ ၉၅၂၄ ကျပ်သာ သုံးစွဲခွင့်ရမည် ဖြစ်သည်။
■ အရေးကြီး အဆိုဇွန် ၁ ရက်မှ စတင် ကောက်ယူမည်ဟု အစိုးရက ထုတ်ပြန်ထားသည့် တယ်လီဖုန်း ပြောခအပေါ် ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ကောက်ခံမည့် စနစ်ကို လာမည့် ၂၀၁၅-၂၀၁၆ ဘတ်ဂျက် ကာလအတွင်း ကင်းလွတ်ခွင့်ပေးရန် ပြည်ထောင်စုလွှတ်တော်၌ မေ ၂၂ ရက်က အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့သည်။တယ်လီဖုန်း ပြောခအပေါ် ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ကောက်ခံမည့် စနစ်ကို လာမည့် ၂၀၁၅-၂၀၁၆ ဘတ်ဂျက်ကာလအတွင်း ကင်းလွတ်ခွင့်ပေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက တင်ခဲ့ခြင်း ဖြစ်သည်။ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ဆိုင်းငံ့ကိစ္စနှင့် ပတ်သက်၍ ၂၀၁၅ မေ ၂၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ လာရောက် ရှင်းလင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောဆန္ဒအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အဆိုကို ဆိုင်းငံ့ထားရန် လွှတ်တော်က အတည်ပြုခဲ့ပါသည်။ယခုကဲ့သို့ ဆိုင်းငံ့ထားသည့် အစီအစဉ်ကို လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီလတွင် စတင်ကောက်ခံမည့် ဥပဒေကြမ်း တစ်ရပ်ကို ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်ထံ တင်သွင်းခဲ့ခြင်းဖြစ်သည်။၂၀၁၆-၂၀၁၇ အခွန်အကောက် ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းရာ ဖုန်းငွေဖြည့်ကတ်မှ အခွန်ငွေ ငါးရာခိုင်နှုန်း ကောက်ခံနိုင်ရန် ထည့်သွင်းထားသည်ဟု ပြောကြားခဲ့ပါသည်။ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီ ရယူပြီး တစ်နိုင်ငံလုံး ပါဝင် ဆောင်ရွက်နိုင်မည့် အခွန်စနစ် (တန်ဖိုးပြည့် ကောက်ခံတဲ့ စနစ်) ကို လုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ထို့ပြင် အခွန်စည်းကြပ် ကောက်ခံတဲ့ စနစ်မှ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်မှု ခံယူသည့် စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၂၀၁၆-၂၀၁၇ ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေ မူကြမ်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က အသိပေး ကြေညာခဲ့သည်။
■ ဝင်ငွေနဲ့ ဖုန်းခွန်မြန်မာနိုင်ငံတွင် အနိမ့်ဆုံး လုပ်ခလစာကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်က စတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ရက်လုပ်ခ ၃၆၀၀ အဖြစ် သတ်မှတ်ပေးခဲ့သည်။အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရန် လွယ်လွယ်ကူကူ ဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်ပေ။ အဖိနှိပ် ခံနေရသည့် အလုပ်သမားများ စုပေါင်းပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ရာမှ နောက်ဆုံးတွင် ရလာသည့် ရလဒ်တစ်ခု ဖြစ်သည်။ ယင်းရလဒ် ရရှိရန် အလုပ်သမားများ အနေဖြင့် ထောင်ကျခံပြီး ဘဝများ ပျက်ခဲ့ကြရသည်။မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၄ သန်းရှိပြီး ပျမ်းမျှ တစ်ဦးချင်း တစ်နှစ်ဝင်ငွေ (Per Capital GDP) ဒေါ်လာ ၁၂၀၀ ဝန်းကျင်သာ ရှိသောကြောင့် ဒေသတွင်း နိုင်ငံများတွင် ဝင်ငွေနိမ့်ကျတဲ့ နိုင်ငံတစ်နိုင်ငံံ အဖြစ် ရှိနေပါသည်။ဝင်ငွေ နည်းသော်လည်း မရှိမဖြစ် လူ့အသုံးအဆောင် ပစ္စည်း ဖြစ်သည့် ဖုန်းများကို အလုပ်သမားများ အနေဖြင့် ခြစ်ခြုတ်စုပြီး ကိုင်လာကြသည်။ သို့သော် ဖုန်းသာ ကိုင်နိုင်ပြီး ဖုန်းဘီလ်ကိုမူ အခြေခံ လူတန်းစားတွေ အနေဖြင့် လိုသလောက် ထည့်နိုင်ခြင်း မရှိသေးပေ။၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အော်ပရေတာ သုံးခုမှ ဖုန်းများကို သုံးစွဲနေသည့် ပြည်သူတွေထံမှ ကုန်သွယ်ခွန် အဖြစ် ဖုန်းခွန် ငါးရာခိုင်နှုန်းကို စတင် ကောက်ခံနေပြီ ဖြစ်ပါသည်။
■ အနိမ့်ဆုံး လုပ်ခလစာမြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်း ရလဒ်အရ အသက် ၁၅ နှစ်မှ ၆၄ နှစ်အကြား အလုပ်လုပ်ကိုင်နေသူ ၂၁ သန်းကျော် ရှိကြောင်း သိရသည်။အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ဥပဒေကို ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ ထွက်ရှိထားသော်လည်း ၂၀၁၅ ခုနှစ် ဇွန် ၂၉ ရက်တွင် တစ်ရက် အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ ကို သတ်မှတ်နိုင်ခဲ့သည်။ထိုသို့ သတ်မှတ်နိုင်ရန် အခြေခံ အလုပ်သမားများ အနေဖြင့် လမ်းပေါ်သို့ ထွက်၍ ဆန္ဒထုတ်ဖော်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ရပါသည်။ အစိုးရ အနေဖြင့် ယင်းသို့ ဆန္ဒထုတ်ဖော်မှုများအပေါ် အလုပ်သမား ခေါင်းဆောင်များအား ဖမ်းဆီး၍ တရားစွဲဆို ထောင်ချမှုများ ပြုလုပ်ခဲ့ပါသည်။စက်မှုဇုန်တွင် အလုပ်လုပ်နေကြသည့် အလုပ်သမားများမှာ အနည်းဆုံး အခကြေးငွေ မသတ်မှတ်နိုင်သေးသည့် ကာလများ၌ နည်းပါးသော လုပ်ခဖြင့်သာ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။နေ့စဉ် အလုပ်ချိန် နံနက် ၇ နာရီခွဲမှ ည ၇ နာရီ (အချိန်ပို အပါအဝင်) အထိ အလုပ်လုပ်ကိုင် ကြရသော်လည်း အခြေခံ လစာ၊ အချိန်ပိုကြေး၊ လုပ်သက် ဆုကြေး၊ ကားခ၊ ရက်မှန်ကြေးနှင့် ရှားပါးစရိတ်တို့ဖြင့် ရရှိသည့် လစာမှာ တစ်လလျှင် တစ်သိန်းနီးပါးသာ ရရှိကြပါသည်။စက်ရုံ ပိုင်ရှင်များက အဆောင် မပေးသောကြောင့် နယ်မှ လာရောက် လုပ်ကိုင်ကြသည့် အလုပ်သမားများမှာ ကျောတစ်ခင်းစာ နေရာအတွက် အဆောင်များကို ၎င်းတို့၏ လခများထဲမှ ငှားရမ်း နေထိုင်ကြရသည့် အတွက် မည်သို့မျှ လောက်ငမှု မရှိသည့် အပြင် နေထိုင်မကောင်းဖြစ်လျှင် ကုသရန် ငွေကြေး မတတ်နိုင်သဖြင့် ရောဂါကို ကြိတ်မှိတ် ခံစားနေရသည့် အလုပ်သမားလည်း ရှိခဲ့ပါသည်။အဆိုပါ အဖြစ်အပျက်များကို ကြည့်မည်ဆိုလျှင် လက်ရှိ အစိုးရ လက်ထက် အချိန်ထိ ဆင်းရဲ မွဲတေမှုကို လျှော့ချနိုင်ခြင်း မရှိကြောင်း တွေ့ရှိရပေမည်။နိုင်ငံအတွင်း ရုန်းကန် လှုပ်ရှားနေကြရသည့် အခြေခံ လူတန်းစားများ အနေဖြင့် စီးပွားရေး ချွတ်ခြုံကျမှုနှင့် ဝင်ငွေထွက်ငွေ မမျှတမှုများကို ရင်ဆိုင်နေကြရသည့်အပြင် တရိပ်ရိပ် တက်လာသည့် ကုန်ဈေးနှုန်းများ၏ ဒဏ်ကိုလည်း မမျှတစွာ ခံစားနေကြရပါသည်။အနည်းဆုံး အခကြေးငွေကို တရားဝင် သတ်မှတ်ထားသော်လည်း လက်ရှိ အချိန်ထိ အချို့သော စက်ရုံ အလုပ်ရုံများ၌ အလုပ်ရှင်နှင့် အလုပ်သမားတို့ အကြားတွင် ပြဿ နာများမှာ ယခုထက်တိုင် ရှိနေပြီး ဆန္ဒပြမှုများလည်း ဆက်လက် ဖြစ်ပွားလျက် ရှိသည်။
■ ဝန်ထမ်း လစာ တိုးခဲ့မှုများသမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အစိုးရ ဌာနများမှ နိုင်ငံ့ ဝန်ထမ်းများကို ၂၀၁၃ ခုနှစ်မှ စတင်ကာ လစာများ တိုးပေးခဲ့ပါသည်။၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်မှ စ၍ အစိုးရ ဝန်ထမ်းများအား လစာ တိုးပေးခဲ့ပြီး ယင်းနှစ်အတွက် ကျပ်ငွေ ၃၄၈ ဘီလျံကို လည်းကောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ကျပ်ငွေ ၂၃၃ ဘီလျံကို လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကျပ်ငွေ ၂၅၄ ဘီလျံကို လည်းကောင်း သုံးစွဲခဲ့ကြောင်း သိရသည်။နိုင်ငံ့ ဝန်ထမ်းများအတွက် လစာကို ရာထူး အဆင့်လိုက် အနည်းဆုံး ကျပ်လေးသောင်းခွဲမှ အများဆုံး ကျပ်နှစ်သိန်းခွဲအထိ တိုးမြှင့်၍ ၂၀၁၅ ဧပြီတွင် စတင် ပေးအပ်တော့မည်ဟု ၂၀၁၅ မတ် ၂၆ ရက် တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။လစာနှုန်းထားများ တိုးမြှင့်လိုက်မှုကြောင့် အရပ်သား အစိုးရ ဝန်ထမ်းများထဲတွင် အနိမ့်ဆုံးလစာ ကျပ်တစ်သိန်းနှစ်သောင်းမှ အမြင့်ဆုံး ညွှန်ကြားရေးမှူးချုပ် လစာမှာ ကျပ်ငါးသိန်း ရရှိမည် ဖြစ်သော်လည်း လစာနှုန်းများ တိုးမြှင့်ပေးရာတွင် ယခင်က ရှားပါးစရိတ်အဖြစ် ပေးအပ်သည့် ကျပ်သုံးသောင်းကို ပေးအပ်ခြင်း မပြုတော့သည့်အတွက် အနိမ့်ဆုံး ဝန်ထမ်းလစာ တိုးမြှင့်ပေးမှုမှာ ကျပ်ငါးသောင်းဟု ဆိုသော်လည်း ထောက်ပံ့ကြေး နုတ်လိုက်ပါက ကျပ်နှစ်သောင်းသာ တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး နောက်ပိုင်း အစိုးရ အဆက်ဆက်မှ ဝန်ထမ်းလစာများ တိုးမြှင့်ခဲ့ရာ ၁၉၄၈ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၇၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် တစ်ကြိမ်၊ ၁၉၈၉ ခုနှစ် ဧပြီ ၁ ရက်တွင် တစ်ကြိမ်၊ ၁၉၉၃ ခုနှစ် ဧပြီ ၁ ရက်တွင် တစ်ကြိမ်၊ ၂၀၀၀ ပြည့်နှစ် ဧပြီ ၁ ရက်တွင် တစ်ကြိမ်၊ ၂၀၀၆ ခုနှစ် မတ် ၂၄ ရက်တွင် တစ်ကြိမ်၊ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလတွင် တစ်ကြိမ် တိုးမြှင့်ပေးခဲ့ပြီး စုစုပေါင်း ခုနစ်ကြိမ် တိုးမြှင့်ပေးခဲ့ပါသည်။သမ္မတဟောင်း ဦးသိန်းစိန် တာဝန်ယူခဲ့သည့် သက်တမ်းငါးနှစ် အတွင်းတွင် အစိုးရဝန်ထမ်း လစာ သုံးကြိမ်အထိ တိုးမြှင့် သတ်မှတ်ပေးခဲ့သော်လည်း အခြေခံ ကုန်ဈေးနှုန်းများကို ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် အခြေခံ လူတန်းစားများ၏ ဘဝမှာ မည်သို့မျှ မထူးခြားသည့် အဖြစ်သို့သာ ဆိုက်ရောက်နေကြပါသည်။၂၀၁၅ ခုနှစ် သန်းခေါင်စာရင်း စစ်တမ်းများအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် ရှိသည့်အနက် အနည်းစုဖြစ်သော အစိုးရ ဝန်ထမ်းများကို လစာ တိုးပေးမှုကြောင့် အများစုဖြစ်သည့် အခြေခံ လူတန်းစားများ အနေဖြင့် ကြီးမြင့်လာသည့် ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေကြရသည်။ထိုသို့ အခြေခံ လူတန်းစား ခံစားနေရသည့် ကုန်ဈေးနှုန်းဒဏ်ကို လက်ရှိ အစိုးရသစ် အုပ်ချုပ်သည့် အချိန်ထိ ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်ကို တွေ့ရှိရပေသည်။
■ ငွေကြေး ဖောင်းပွမှု၂၀၁၅ ခုနှစ် မေလဆန်းပိုင်းမှ စတင်ကာ ဒေါ်လာဈေးမှာ တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းများလည်း တဖြည်းဖြည်း မြင့်တက်လို့ လာခဲ့ပါသည်။ထို့ပြင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် ခေါ်ယူခဲ့သည့် လွှတ်တော်၌ နှစ်စဉ် ဘတ်ဂျက်လို ငွေပြမှုများစွာ ရှိနေခြင်းကလည်း ငွေကြေးဖောင်းပွမှုကို ပိုမို ဖြစ်ပွားစေကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ထားပါသည်။မြန်မာနိုင်ငံ၌ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း ဝန်ကြီးဌာန လွှတ်တော်၌ ဘတ်ဂျက်တောင်းခံရာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေ စုစုပေါင်း ကျပ် ၂၁၅၉ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ စုစုပေါင်း ကျပ် ၁၉၅၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေ စုစုပေါင်း ကျပ် ၂၉၂၆ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ စုစုပေါင်း ကျပ် ၂၇၅၁ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပထမအကြိမ်အရ ဘတ်ဂျက်လိုငွေ ကျပ် ၃၆၀၀ ဘီလျံကျော် ရှိသည့်အတွက် လွှတ်တော်သက်တမ်း ကုန်ဆုံးတော့မည့် အချိန်တွင် ယခုလို တောင်းခံမှုများ အပေါ် ဝေဖန်မှုများက မြင့်တက်လာပါသည်။တိုင်းပြည် ဘတ်ဂျက်များကို ဝန်ကြီးဌာနများမှ အများအပြား တောင်းခံနေမှုနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဦးခင်အောင်မြင့်ကလည်း ဆီးသီးဗန်း မှောက်သည့် ဥပမာဖြင့် ဝေဖန်ခဲ့ပါသည်။ထိုသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း အနေဖြင့် ဝေဖန်ခဲ့သော်လည်း ဝန်ကြီးဌာနများက ဘတ်ဂျက်ကို နှစ်စဉ်တိုးမြှင့် တောင်းခံခဲ့ပါသည်။တိုင်းပြည်အတွင်း နှစ်စဉ် ဘတ်ဂျက်လိုငွေ ပြမှုများကြောင့် တိုင်းပြည်၏ စီးပွားရေးမှာ စိုးရိမ်ဖွယ် ရှိနေသည့်အတွက် အစိုးရ အနေဖြင့် တိုင်းပြည်ဘဏ္ဍာငွေ ဖြည့်ရန် နည်းလမ်းများ ရှာဖွေရမည် ဖြစ်သော်လည်း အစိုးရက ငွေစက္ကူ ရိုက်ထုတ်နေသည့် နည်းလမ်းမှာ မှန်ကန်ခြင်း မရှိကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ် ပြောဆိုပါသည်။ယခုကဲ့သို့ တိုင်းပြည်တွင် ဘတ်ဂျက်လိုငွေများ မြင့်တက်လာခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် ငွေကြေးဖောင်းပွမှုများ မြင့်တက်လာပါသည်။ ငွေကြေးဖောင်းပွမှုကြောင့် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် အခြေခံ လူတန်းစား လက်လုပ်လက်စားများ၏ ဘဝမှာ တဖြည်းဖြည်း ကျပ်လို့ နေပါသည်။မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ၂၀၁၂ ခုနှစ်တွင် ၁ ဒသမ ၄၈ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင် ၅ ဒသမ ၅၃ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၅ ဒသမ ၇၆ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ်တွင် ၈ ဒသမ ၁၁ ရာခိုင်နှုန်းအထိ ငွေကြေး ဖောင်းပွလာခဲ့ပါသည်။
■ ကမ္ဘာနှင့် အာရှ အဆင်းရဲဆုံး စာရင်းဝင် မြန်မာနိုင်ငံ၂၀၁၅ အာရှ အဆင်းရဲဆုံး နိုင်ငံများ စာရင်းတွင် မြန်မာက ဒုတိယ အဆင်းရဲဆုံး နေရာ၌ ရှိကြောင်း အာရှနိုင်ငံများ၏ ကဏ္ဍ အသီးသီး အဆင့်များကို ဆန်းစစ် အစီရင်ခံသည့် Asian Ranking က ဖော်ပြသည်။GDP အပေါ် အခြေခံ တွက်ချက်သည့် Asian Ranking စာရင်းတွင် အာရှ၌ အဆင်းရဲဆုံး နိုင်ငံသည် အာဖဂန်နစ္စတန် ဖြစ်ပြီး မြန်မာက ဒုတိယ အဆင်းရဲဆုံး ဖြစ်ကြောင်း သိရသည်။ မြန်မာ၏ တစ်ဦးချင်း ကုန်ထုတ်လုပ်မှုသည် တစ်နှစ်လျှင် ၁၇၁၁ ကန်ဒေါ်လာသ ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်း မှားယွင်းမှုက မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးရခြင်း အဓိက အကြောင်းရင်းများအနက် တစ်ခု ဖြစ်သည်ဟု အစီရင်ခံစာက ထောက်ပြထားပါသည်။ထို့ပြင် ကမ္ဘာတစ်ဝန်း စီးပွားရေး အစီရင်ခံစာများ၊ GDP နှင့် ကုန်သွယ်ရေး စာရင်းအင်းများ၊ ကမ္ဘာ့ဘဏ္ဍာရေး သတင်းများ ပြုစုထောက်ပံ့ပေးနေသည့် Global Finance Magazine ၏ ၂၀၁၆ ဖေဖော်ဝါရီ ၂၄ ရက် အစီရင်ခံမှုအရ ကမ္ဘာ့ နိုင်ငံပေါင်း ၁၈၅ နိုင်ငံ စာရင်းတွင် မြန်မာ နိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး အဆင့် (၅၅) ဖြစ်ပြီး မြန်မာထက် ဆင်းရဲသော နိုင်ငံဆို၍ ၅၄ နိုင်ငံသာ ရှိသည်ဟု ထုတ်ပြန်သည်။Global Finance ၏ အဆင့် သတ်မှတ်ချက်များအရ နိုင်ငံ တစ်နိုင်ငံ၏ GPD (PPP) အပေါ် အခြေခံ တွက်ချက် သတ်မှတ်ထားခြင်း ဖြစ်ပြီး နိုင်ငံများအကြား လူနေမှု အဆင့်၊ နေထိုင်ကုန်ကျစရိတ်တို့တွင် ယေဘုယျ ကွာခြားချက်များကို နှိုင်းယှဉ်ခြင်းမျိုး ဖြစ်သည်။သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်း ရှိနေသဖြင့်၂၀၁၅ ခုနှစ် မတိုင်မီတွင် ၁၆ ရာခိုင်နှုန်း လျှော့ချရန် ရည်မှန်းထားပြီး အဆင်းရဲဆုံး နိုင်ငံများ စာရင်း (LDC) နိုင်ငံ အဖြစ်မှ ရုန်းထွက် နိုင်ရန်လည်း လုပ်ဆောင်မည်ဟု ကတိပြု ပြောကြားခဲ့ဖူးသည်။သမ္မတဟောင်း ဦးသိန်းစိန် အနေဖြင့် တာဝန် ထမ်းဆောင်ချိန်မှ သက်တမ်း ကုန်ဆုံးသည့် အချိန်အထိ ပြောဆိုခဲ့သော ကျေးလက်မြို့ပြ မကျန် ဆင်းရဲမွဲတေမှု လျှော့ချရေး အဓိက အချက်ကို ပီပြင်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အပြင် ကတိစကား အများအပြားမှာလည်း အကောင်အထည် ပေါ်လာခြင်း မရှိသည်ကို တွေ့ရှိရသည်။သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ကဏ္ဍ အသီးသီးတွင် ပြုပြင် ပြောင်းလဲ တိုးတက်မှု အချို့ ရှိခဲ့သော်လည်း ကြိုးပမ်း လုပ်ဆောင်မည်ဟု ပြောဆိုထားသော ကတိစကားများနှင့် နှိုင်းယှဉ်ပါက ထိုက်သင့်သော ရလဒ်များ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။ပြည်သူလူထု လိုလား တောင့်တနေသော အဓိက ဆန္ဒနှစ်ရပ် ဟူ၍ သမ္မတဟောင်း ဦးသိန်းစိန် အစဉ်တစိုက် ပြောကြားခဲ့သော “တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသား အားလုံး၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး” ဆိုသည့် ကိစ္စရပ် နှစ်ခုမှာလည်း လက်ရှိ အချိန်အထိ ပီပြင်စွာ ဖြစ်ပေါ်လာခြင်း မရှိသေးကြောင်း ပြောဆိုမှုများ ရှိနေသည်။ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်သမားများ၏ အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို လက်ရှိ လူနေမှု စရိတ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေး၊ ပြည်သူလူထုအတွက် တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်ပေးရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးရေးဆိုင်ရာ ကိစ္စများမှာ သမ္မတဟောင်း၏ ကတိစကားများ ဖြစ်သည်။အခြားသော ပြုပြင်ပြောင်းလဲမှုများထက် ပြည်သူလူထု၏ အဓိက လိုအပ်ချက်ဖြစ်သော ဆင်းရဲတွင်းမှ လွတ်မြောက်ရန်နှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေ တိုးတက် ရရှိရန် အချက်ကိုပင် မဖြည့်ဆည်းပေးနိုင်သေးခြင်းက သမ္မတဟောင်း ဦးသိန်းစိန်၏ အစိုးရ အဖွဲ့အပေါ် ပြည်သူများက ယုံကြည်မှု အားနည်းခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဆင်းရဲနွမ်းပါးမှု ၈၄ ရာခိုင်နှုန်း ရှိနေပြီး ချင်းပြည်နယ်က ၇၃ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်က ၄၄ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းမှာ ၃၃ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်က ၃၃ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းက ၃၂ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
■ ပြောင်းလဲချိန် တန်ပြီသမ္မတဟောင်း ဦးသိန်းစိန် အနေဖြင့် သမ္မတ စဖြစ်သည့် အချိန်တွင် မြစ်ဆုံစီမံကိန်းကို ၎င်း၏ သမ္မတ သက်တမ်းအတွင်း မလုပ်ဆောင်ရန် ဆိုင်းငံ့ပေးခဲ့သည်။ ၂၀၁၁ စက်တင်ဘာမှ စတင်ကာ ကားများကို တရားဝင် တင်သွင်းခွင့် ပြုပေးခဲ့ပြီး ဖုန်းများကိုလည်း အခြေခံ လူတန်းစားများ ကိုင်နိုင်ရန် ဆင်းမ်ကတ်တစ်ကတ်လျှင် ကျပ် ၁၅၀၀ နှုန်းဖြင့် ဈေးချပေးခဲ့ပါသည်။ယင်းလုပ်ဆောင်ချက်များမှာ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် အများ မြင်သာသည့် ကိစ္စရပ်များဟု ဆိုနိုင်သော်လည်း တကယ့် အခြေခံ လူတန်းစားများ အတွက်မူ ယခုလောက်ဖြင့် လုံလောက်မှု မရှိသည်ကို တွေ့ရှိရသည်။ယခင် အာဏာရှင်များက ခေတ်အဆက်ဆက် အုပ်ချုပ်လာခဲ့သည့် အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ တစ်နှစ်ထက် တစ်နှစ် ချွတ်ခြုံ ကျလာသည်။ နိုင်ငံအတွင်း စီးပွားရေး လုပ်ငန်းကြီးများကို စစ်တပ်နှင့် ခရိုနီများကသာ အုပ်စိုးထားသောကြောင့် အဆိုပါ အသိုင်းအဝိုင်းနှင့် ခရိုနီများသာ ချမ်းသာသထက် ချမ်းသာခဲ့ကြပြီး နိုင်ငံအတွင်းမှ အခြေခံ လူတန်းစား နင်းပြားများ၏ ဘဝများမှာ တစ်နှစ်ထက်တစ်နှစ် နစ်သထက် နစ်လာခဲ့ရသည်။နိုင်ငံအတွင်း ဆင်းရဲချမ်းသာ လူတန်းစား ကွာဟလာမှုကြောင့် အခြေခံ လူတန်းစားများမှာ ကြုံရာကျပန်း အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရပြီး ဘဝ၏ အသက်ရှင် ရပ်တည်ရေးတွင် လုံးလည်ချာလည် ဖြစ်နေကြရသည်။နည်းပါးလှသော ဝင်ငွေနှင့် ရပ်တည်နေကြရသည့် အလုပ်သမား လူတန်းစားများ အနေဖြင့် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် လုပ်ခလစာ တိုးမြှင့်တောင်းခံမှုကြောင့် တရားစွဲဆို ဖမ်းဆီးထောင် ချခံရသည့် အဖြစ်သို့ ရောက်ရှိခဲ့သည်။မည်သို့သော အကြောင်းကြောင်းကြောင့် အခြေခံ အလုပ်သမား လူတန်းစားများ အနေဖြင့် လုပ်ခလစာကို တိုးမြှင့်တောင်းခံခဲ့ကြပါသနည်း။သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် ၂၀၁၃ ခုနှစ်မှ စတင်ကာ အစိုးရ ဝန်ထမ်းများကို နှစ်စဉ် လစာများ တိုးပေးခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် အစိုးရ ဝန်ထမ်းများကို လစာနှစ်သောင်း တိုးမြှင့်ပြီး နောက်ပိုင်း အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉၀ အထိ တိုးမြင့်သွားကြောင်း သိရပါသည်။ထိုသို့ အခြေခံ လူတန်းစားများ နေ့စဉ် စားသောက်နေကြရသည့် အခြေခံ စားသောက်ကုန်များ ဈေးနှုန်း အဆမတန် ကြီးမြင့်လာခြင်းကြောင့် စားဝတ်နေရေး မပြေလည်တော့သည့်အတွက် လုပ်ခလစာကို အခြေခံ လူတန်းစား တစ်ရပ်ဖြစ်သည့် အလုပ်သမားများက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ကားများကို တရားဝင် တင်သွင်းခွင့် ပြုခဲ့သော်လည်း အခြေခံ လူတန်းစားများ အကျိုးအတွက် မဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ကားများ တင်သွင်းခွင့် ပြုခဲ့ခြင်းသည် ငွေကြေး ချမ်းသာကြသည့် လူတန်းစား တစ်ရပ်ကသာ ကားကောင်းများကို ထည်လဲ စီးနိုင်ကြပါသည်။ ကားများ တင်သွင်းခွင့် ပြုသော်လည်း အခြေခံ လူတန်းစားများ အားထားရသည့် လိုင်းကားများမှာမူ တိုးတက်မှု မရှိသည့်အပြင် နေ့စဉ် အသက်အန္တရာယ် ကြီးမားစွာဖြင့် စီးနင်းနေကြရပါသည်။ထိုသို့ ကားများ တရားဝင် တင်သွင်းခြင်းပြုပြီး နောက်ပိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်နီးပါး ဖြစ်ပေါ်လျက်ရှိပြီး အခြေခံ လူတန်းစား နင်းပြားတို့၏ ဘဝများမှာ လမ်းပေါ်တွင်သာ အချိန်ကုန်ဆုံးလျက် ရှိကြပါသည်။ထို့ပြင် ဖုန်းဆင်းမ်ကတ်များကို တစ်ကတ်လျှင် ကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးသည်ဟု ဆိုသော်လည်း ယင်းသို့ ရောင်းချမှုမှာ ဆင်းမ်ကတ်များသာဖြစ်ပြီး ဟန်းဆက် မဟုတ်ပါ။ အခြေခံ လူတန်းစားများ၏ လက်ရှိ ဝင်ငွေနှင့် နှိုင်းယှဉ်ကြည့်လျှင် အလယ်အလတ်တန်းစား ဟန်းဆက်တစ်လုံး ဝယ်ယူရန် ဆိုသည်မှာ အနည်းဆုံး လုပ်ခလစာ တစ်လစာဖြင့် ညီမျှနေပါသည်။ ဟန်းဆက် ဝယ်ယူပြီး နောက်ပိုင်းတွင်လည်း ဖုန်းခေါ်ဆိုရန် ငွေဖြည့်ကတ်များ ဖြည့်မှသာ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။ ခေတ်ကာလ၏ စားဝတ်နေရေးစရိတ် ကြီးမြင့်မှုအရ အခြေခံ လူတန်းစားတို့၏ ဝင်ငွေနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ဖုန်းဘီလ်ဖြည့်ရန်မှာ လွယ်ကူလှသည့် ကိစ္စတော့ မဟုတ်ပေ။ထို့ကြောင့် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် အစိုးရ အဖွဲ့အနေဖြင့် လက်ရှိ အခြေအနေတွင် အခြေခံ လူတန်းစားများ မရှိမဖြစ် သုံးစွဲနေရသည့် ဖုန်းများများ၏ ကောက်ခံမှု နှုန်းထားများကို လျှော့ချရန် ပြည်သူများက မျှော်လင့်လျက် ရှိကြပါသည်။အစိုးရသစ် အနေဖြင့် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် အခြေခံ ပြည်သူများ အတွက် လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်မှုများထက် ပိုမိုလုပ်ဆောင် ပြရမည် ဆိုသည်ကား မည်သို့မျှ ငြင်းပယ်လို့ မရသည့် အချက်တစ်ချက်ပင် ဖြစ်သည်။သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် သိန်းချီတန်သည့် ဖုန်းဆင်းမ်ကတ်များကို တန်ဖိုးနည်း ဆင်းမ်ကတ်များအဖြစ် ပြောင်းလဲ ပေးခဲ့သော်လည်း ဖုန်းခေါ်ဆိုခများကိုမှု လျှော့ချနိုင်ခြင်း မရှိနိုင်ခဲ့ပေ။လက်ရှိ အချိန်တွင် အခြေခံ လူတန်းစားများ အနေဖြင့် ရေခွန်၊ မီးခွန်၊ စည်ပင်ခွန် စသည့် အခွန်များ ပေးဆောင်နေရပါသည်။အခွန် ပေးဆောင်နေရသည့် အခြေခံ လူတန်းစားများ အနေဖြင့် ယနေ့ခေတ်တွင် လေခွန်ကိုပါ ထပ်မံ ဆောင်သည့်အတွက် အခွန် ပေးဆောင်ရသည်နှင့် ညီမျှသော ဝန်ဆောင်မှုမျိုးကို လိုချင်ကြပေလိမ့်မည်။သို့သော် ထိုက်တန်သည့် ဝန်ဆောင်မှုမျိုး မရရှိသည့်အပြင် အော်ပရေတာကြီးများ၏ နည်းလမ်းမကျသည့် ဝန်ဆောင်မှု အမျိုးမျိုးကိုသာ ရယူနေရပြီး စားသုံးသူ၏ ရပိုင်ခွင့်များမှာ ဆုံးရှုံး၍ နေပါသည်။အစိုးရသစ် အနေဖြင့် အခြေခံ လူတန်းစားများ နှစ်ရှည်လများ ခံစားနေရသည့် စားသုံးသူ အခွင့်အရေးများကို ကာကွယ်ပေးရမည့် အပြင် ဖုန်းခေါ်ဆိုခများနှင့် အင်တာနက် နှုန်းထားများ လျှော့ချပေးရန် အစိုးရသစ်တွင် တာဝန်ရှိလာပါသည်။သို့ဆိုလျှင် အစိုးရသစ်၏ လာမည့် ငါးနှစ်အတွင်း ဖုန်းဘီလ်များနှင့် ပတ်သက်၍ မည်ကဲ့သို့ လျှော့ချပေးမည်ကို အခြေခံ လူတန်စား အများစုက စောင့်မျှော်နေကြပေလိမ့်မည်။










