၂၀၁၆-၂၀၃၀ ပြည့်နှစ်အထိ လှည်းကူးမြို့သစ် အပါအဝင် သန်လျင်၊ ဒလ၊ တွံတေး၊ ထန်းတပင်၊ ဒဂုံအရှေ့စသည့် မြို့သစ်စီမံကိန်း ခြောက်ခု အကောင်အထည်ဖော်ရန် လျာထားသော်လည်း လက်ရှိအချိန်တွင် အဆိုပါစီမံ ကိန်းမြေနေရာအား တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသဖြင့် အိမ်ခြံမြေ အရောင်းအဝယ်နှင့် ဈေးနှုန်းများ ငြိမ်သက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ စီမံကိန်းအရ လှည်းကူးမြို့သစ် ဧက ၅၀၀ အား၂၀၁၆ ခုနှစ်မှ ၂၀၂၆ ခုနှစ် အထိလည်းကောင်း၊ သန်လျင်မြို့သစ် ဧက ၅၀၀ အား ၂၀၁၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်ထိ လည်းကောင်း၊ ဒလမြို့သစ် ဧက ၅၀၀ အား ၂၀၁၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်ထိ လည်းကောင်း၊ တွံတေးမြို့ သစ်ဧက ၅၀၀ အား ၂၀၁၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်ထိ လည်းကောင်း၊ ထန်းတပင် မြို့သစ် ဧက ၅၀၀ အား၂၀၁၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်ထိ လည်းကောင်း၊ ဒဂုံအရှေ့မြို့သစ် ဧက ၅၀၀ အား ၂၀၁၇ ခုနှစ်မှ ၂၀၃၁ ခုနှစ် ထိလည်းကောင်း ဖော်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
"ဘယ်ဟာကို မြို့သစ်စီမံကိန်းလုပ်မယ် ဆိုတာကို ကျွန်တော်တို့ မသိသေးပါဘူး။ ဘာလို့လဲဆိုတော့ ရှေ့မှာ ကျွန်တော်တို့ တင်ပြခဲ့တဲ့ ဟာတွေက အမျိုးမျိုး ဖြစ်နေတာကိုး။ အဲဒီအပေါ်မှာ ဧကဘယ်လောက်လဲ။ ဘယ်နေရာမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီး မသိသေးပါဘူး။ ကျွန်တော်တို့ JICA နဲ့ ညွှန်းခဲ့တဲ့ ဧက ၅၀၀ ဆိုတာက မြို့သစ်ဗဟို ဆိုတဲ့နေရာ၊ အဲဒါက တစ်နေရာ။ နောက်တစ်ခါ အရင်အစိုးရလက်ထက် က လှည်းကူးအနီးမှာ မြို့သစ်တည်သင့်တဲ့နေရာ ဘယ်နေရာဆိုတာ ညွှန်းထားတာရှိတယ်။ အဲဒါက ဧက ၅၀၀ မကဘူး။ ဒါပေမဲ့ အခု စီမံကိန်းက ဘယ်ဟာကို ဆိုလိုတယ်ဆိုတာ ကျွန်တော်မသိသေးပါဘူး။ သိရင်တော့ ကျွန်တော်ပြောပြလို့ ရပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောကြားသည်။
"လှည်းကူးမြို့နယ် မြို့သစ်စီမံကိန်း အတွက် ဧက ၅၀၀ လျာထားသတ်မှတ်တာနဲ့ ပတ်သက်ပြီးတော့ ဈေးနှုန်းလှုပ်ခတ်မှု သိသိသာသာ မရှိပါဘူး။ ဘယ်နေရာကို သတ်မှတ်မှန်းလည်း မသိသေးပါဘူး။ ဘာဖြစ်လို့ ဈေးနှုန်းလှုပ်ခတ်မှု မရှိတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်အရ Project တစ်ခု အကောင်အထည် ဖော်ဖို့အတွက်ဆိုရင် ဒေသခံတောင်သူတွေနဲ့ လုပ်ငန်းရှင်တွေ ဝယ်ထားတဲ့ မြေတွေမှာ ဖော်မယ်ဆိုရင် ဖြစ်နိုင်ခြေနည်းပါးတယ်။ ဘာလို့လဲဆိုတော့ တောင်သူတွေနဲ့ လုပ်ငန်းရှင်တွေဆီကမြေကို စီမံကိန်းလုပ်မယ်ဆိုရင် တရားဝင် မြေသိမ်းရမယ်။ ဥပဒေအရ နိုင်ငံတော်ကလည်း လျော်ကြေးပေးရမယ်ပေါ့။ အဲလိုဆိုတော့ ဒေသပေါက်ဈေးနဲ့ လက်ရှိလှည်းကူးမှာ ပေါက်နေတဲ့ဈေးနဲ့ နိုင်ငံတော်က ပေးမယ့်ဈေးနဲ့ ဘယ်လိုမှ မမျှနိုင်ဘူး။ ဒါကြောင့်မို့ တစ်အချက်က သူတို့သည် Project ဖြစ်တဲ့ ဧက ၅၀၀ သည် ဒေသခံတွေရဲ့ မြေမဖြစ်နိုင်ဘဲနဲ့ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေတွေကို သူတို့ရွေးလိမ့်မယ်။ အဲဒီနေရာတွေသည် လှည်းကူးမြို့နဲ့ အနီးစပ်ဆုံးရှိပြီး Location လည်းကောင်းတယ်။ သွားရေးလာရေးရော အဆင်ပြေတဲ့ နေရာတွေက အစိုးရပိုင်မြေပဲ။ အဲဒီနေရာက တစ်လောက ကျူးကျော်တွေကို ဖျက်လိုက်တဲ့နေရာ၊ အဲဒီနေရာမှာက ဧက ၁၀၀၀ ကျော်ရှိပြီး နိုင်ငံတော်ပိုင် မြေအဖြစ် ပြန်လွှဲလိုက်တာလည်း သိပ်မကြာသေးတော့ အဲဒီနေရာဟာ စီမံကိန်းနေရာ ဖြစ်မယ်လို့ ကျွန်တော်မြင်ပါတယ်" ဟု လှည်းကူးမြို့မှ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် လှည်းကူးမြို့နယ်ရှိ အိမ်ခြံမြေဈေးနှုန်းများမှာ လှည်းကူးအဝင်တွင် တစ်ဧကလျှင် မည်သည့် အမျိုးအစားမဆို ကျပ်သိန်း၂၀၀၀ ဝန်းကျင် ဈေးရှိကာ၊ လှည်းကူးမြို့မှ ပဲခူးမြို့ဘက်သို့ အထွက်တွင် ကျပ်သိန်း ၅၀၀ နှင့် ၁၀၀၀ အကြား ပေါက်ဈေးရှိနေကြောင်း သိရသည်။ အဆိုပါဈေးနှုန်းများသည် လက်ရှိအိမ်ခြံမြေ ဈေးနှုန်းများ အရောင်းအဝယ် အေးချိန်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းများဖြစ်ကာ ယခင်အရောင်းအဝယ် သွက်သည့် ကာလတွင်တွင် ယင်းဈေးထက် ပိုများခဲ့ကြောင်း သိရသည်။ သို့သော်လည်း လှည်းကူး-ပဲခူးလမ်းမကြီး လမ်းဘေးဝဲယာမှ အတွင်းဘက်သို့ ရောက်သွားပါက တဖြည်းဖြည်း ဈေးနှုန်းနိမ့်ဆင်း သွားကြောင်း သိရသည်။
"လှည်းကူးမြို့သစ် စီမံကိန်း ဆိုတဲ့နေရာဟာ ကျွန်တော့်အမြင်အရတော့ တောင်သူတွေပိုင်တဲ့ မြေနေရာတွေမှာ မဖြစ်နိုင်ဘူး။ အစိုးရပိုင်ပေါ်မှာပဲ ဖြစ်နိုင်တယ်။ အဲဒီအစိုးရပိုင်မြေ ဆိုတာလည်း လှည်းကူးမှာ အမှန်တကယ် ရှိနေတယ်" ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ အကျိုးဆောင်အသင်းမှ အသင်းဝင် (လှည်းကူး-မှော်ဘီ) ဖြစ်သူ ဦးစိုင်းအောင်မြင့်က ပြောကြားသည်။
အလားတူ ဒဂုံအရှေ့မြို့နယ်တွင် နေထိုင်သူ ဦးတင်အောင်က "ကျွန်တော်တို့ ဒီနေရာမှာ ၁၉၉၄ ခုနှစ်ကတည်းက နေလာတာပါ။ အဲဒီတုန်းကတော့ မြေနေရာတွေက အကျယ်ကြီးပါ။ လူနေတာ သိပ်မရှိသေးဘူး။ အခုတော့ တဖြည်းဖြည်း နေလာကြတယ်။ အိမ်ခြံမြေ အရောင်းအဝယ်တွေက မနှစ်ကနဲ့ အစိုးရသစ် မတက်ခင်လောက်မှာ ပွဲတော်ကြီး တစ်ခုလိုပဲ အရောင်းအဝယ် ဖြစ်နေကြတာ တွေ့ရတယ်။ ဒါပေမဲ့ အစိုးရသစ်တက်ပြီး နောက်ပိုင်းမှာ အရောင်းအဝယ်လုပ်တာ မတွေ့ရသလောက် ဖြစ်သွားတယ်။ အခုအရှေ့ဒဂုံမှာ မြို့သစ်စီမံကိန်းတည်မယ် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မသိသေးပါဘူး။ မြို့သစ်စီမံကိန်း တည်မယ်ဆိုရင် ကောင်းတာပေါ့။ ဒါပေမဲ့ မြို့သစ်စီမံကိန်းကြောင့် မြေအရောင်းအဝယ်တွေ ဆင်းလာတာ ခုထိမတွေ့မိသေးဘူး" ဟု The Daily Eleven သို့ ပြောကြားသည်။
"ရန်ကုန်မြို့ပြဟာ မြို့ဟောင်းကြီး ဖြစ်ပါတယ်။ ဒီမြို့ဟောင်းကြီးကို မြို့သစ်တွေနဲ့ ဝိုင်းရံတည်ဆောက်တာနဲ့ မြို့ဟောင်းနဲ့ ဇုန်တွေအတွင်းမှာ မဆောက်သင့်တဲ့ အဆောက်အအုံတွေ ပေါ်ထွန်းလာမှုက လုံခြုံရေးအရနဲ့ ကျွန်တော်တို့ မြို့ဟောင်းအင်္ဂါရပ်ကို ပျက်စီးသွားခဲ့ပါတယ်။ ဒီအခြေအနေကို ပြန်လည် ထိန်းသိမ်းဖို့ လိုပါတယ်။ ရန်ကုန်မြို့ဟောင်း ဧရိယာကို ထိန်းသိမ်း စောင့်ရှောက်ဖို့လည်း လိုပါတယ်။ မြို့သစ်တွေကိုလည်း ခေတ်မီဖွံ့ဖြိုးတဲ့ မြို့သစ်တွေ ဖြစ်အောင် လုပ်သင့်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက မေ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံ အချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ယခင်ရန်ကုန်မြို့တော်ကို တိုးချဲ့ခဲ့ရာတွင် သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာတို့ကို စတင်ချဲ့ထွင်ခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေ ပြည်သာတို့ကို ထပ်မံချဲ့ထွင်ခဲ့ကြောင်း၊ ထိုသို့ ချဲ့ထွင်ခဲ့သော်လည်း ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ်များတွင် ရေ၊ မီး စသော အခြေခံ အဆောက်အအုံများ ပြည့်စုံလုံလောက်မှု မရှိသေးကြောင်း ရန်ကုန်မြို့ပြ ပညာရှင်အချို့က ထောက်ပြထားသည်။ သို့ဖြစ်ရာ ယခုချဲ့ထွင်မည့် မြို့သစ်များသည်လည်း အဆိုပါ အဖြစ်အပျက်များကို သင်ခန်းစာယူကာ အဖြစ်သာ ဆောက်ခဲ့သည့် မြို့သစ်များမဖြစ်ရန် အရေးကြီးသည်ဟု မြို့ပြပညာရှင်များက ထောက်ပြထားသည်။
၂၀၁၆-၂၀၃၀ ပြည့်နှစ်အထိ လှည်းကူးမြို့သစ်၊ တွံတေး၊ ဒဂုံအရှေ့စသည့် မြို့သစ်စီမံကိန်းခြောက်ခု အကောင်အထည်ဖော်ရန် လျာထားသော်လည်း စီမံကိန်းမြေနေရာအား တရားဝင်ထုတ်ပြန်ခြင်း မရှိသေး









