ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်း မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်

ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်း မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်
Published 13 May 2016

၂၀၁၅-၂၀၁၆ ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည့် လက်စတာအသင်းသည် မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေကြောင်း ယင်းခရီးစဉ်ကို စီစဉ်နေသည့် ခရီးသွားအေဂျင်စီမှ သိရသည်။ လက်စတာအသင်းသည် မေ ၁၈၊ ၁၉ ရက်တွင် ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေခြင်းဖြစ်သည်။
 
“လက်စတာအသင်း မြန်မာနိုင်ငံကို လာရောက်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ လောလောဆယ် လာရောက်ဖို့ သေချာပြီလို့ အတိအကျ မပြောနိုင်သေးပေမယ့် သေချာသလောက် ရှိနေပါပြီ။ မြန်မာနိုင်ငံမှာ ဆောင်ရွက်မယ့် အစီအစဉ် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ရက်အကြာကြီး လာရောက်မှာ မဟုတ်ဘဲ အများဆုံး တစ်ရက်လောက်ပဲဖြစ်မှာပါ။ သေချာခဲ့ရင်တော့ ဆက်လက် သတင်းထုတ်ပြန်ပေးသွားမှာပါ။ မြန်မာနိုင်ငံက ဘောလုံးအသင်းတွေ အကြောင်းနဲ့ လက်စတာအသင်း Fan Club အဖွဲ့ဝင်တွေ ရှိ၊ မရှိကို မေးမြန်းထားပါတယ်” ဟု ယင်းခရီးစဉ်ကို စီစဉ်ပေးနေသည့် ထိုင်းနိုင်ငံအခြေစိုက် Prakit ကြော်ငြာကုမ္ပဏီ မန်နေဂျာ ဦးချမ်းမြေ့ကိုကိုလွင်က ပြောကြားခဲ့သည်။ လက်စတာအသင်းသည် ထိုင်းနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်မည်ဖြစ်ပြီး လက်စတာအသင်း Fan Club အဖွဲ့ဝင်များနှင့် တွေ့ဆုံသွားမည် ဖြစ်သလို ထိုင်းဘုရင့်နန်းတော်သို့လည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ 
 
လက်စတာအသင်းသည် ထိုင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦး ပိုင်ဆိုင်သည့်အသင်းဖြစ်ပြီး ယခုရာသီမစတင်မီ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မေလအတွင်းက မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီသို့ လာရောက်ခဲ့ဖူးကြောင်း သိရသည်။ လက်စတာအသင်းသည် ယခုရာသီတွင် နာမည်ကြီး အသင်းများကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရယူနိုင်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent