MVP ဆုကို စတီဖင်ကာရီ (၂)နှစ်ဆက်တိုက် ဆွတ်ခူးရရှိ

MVP ဆုကို စတီဖင်ကာရီ (၂)နှစ်ဆက်တိုက် ဆွတ်ခူးရရှိ
Published 12 May 2016

NBA ကလပ် ဂိုးလ်ဒင်းစတိတ်ဝါရီယာ အသင်း၏ အမေရိကန် ဘတ်စကက်ဘောသမား စတီဖင်ကာရီသည် NBA ပုံမှန်ရာသီ ပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံးကစားသမား (MVP) ဆုကို (၂) နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။စတီဖင်ကာရီ (၂၈ နှစ်) သည် ယခုရာသီ၌ ဝါရီယာအသင်းအတွက် တစ်ပွဲပျမ်းမျှ ၃၀ ဒသမ ၁ မှတ် ရယူပေးနိုင်ခဲ့သောကြောင့် မဲ အများဆုံးရရှိကာ ယင်းဆုကို ၂၀၁၅၊ ၂၀၁၆ နှစ်ရာသီဆက်တိုက် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။MVP ဆုကို အမေရိကန်နှင့် ကနေဒါ နိုင်ငံရှိ အားကစားကလောင်ရှင်များနှင့် ရုပ်သံထုတ်လွှင့်သူ ၁၃၀ နှင့် ပရိသတ်များ ရွေးချယ်သည့် တစ်မဲ၊ စုစုပေါင်း ၁၃၁ မဲဖြင့် ရွေးချယ်ခြင်းဖြစ်သည်။အမှတ်ပေးစနစ်အရ ပထမနေရာအတွက် တစ်မဲလျှင် ၁၀ မှတ်နှုန်း သတ်မှတ်ထားပြီး စတီဖင်ကာရီက မဲအရေအတွက် အားလုံးရရှိကာ စုစုပေါင်း ၁၃၁၀ မှတ်ဖြင့် MVP ဆုချီးမြှင့်ခဲ့သည့် သမိုင်းတစ် လျှောက် ပထမဆုံး ကန့်ကွက်သူမရှိ ဆွတ်ခူး နိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။၎င်း၏နောက်တွင် လီယိုနာ့ဒ် (ဆန် အန်တိုနီယို) က ၆၃၄ မှတ်၊ လီဘရွန်ဂျိမ်းစ် (ကလိဗ်လန်း) က ၆၃၁ မှတ်ဖြင့် ဒုတိယနှင့် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ 

Most Read

Most Recent