မြန်မာနိုင်ငံ တောင်ဘက်စွန်း၊ ကော့သောင်းမြို့ တစ်ဘက်ကမ်းရှိ ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ဧပြီ ၃၀ ရက်နေ့ နံနက် (ဒေသစံတော်ချိန်) ၆ နာရီ ၃၀ မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့သော မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးများ အစုလိုက် ယာဉ်တိုက်ခံရသော ဖြစ်စဉ်တွင် ထိုနေ့၌ ၄ ဦး သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံတင်ထားရသော အတွင်းလူနာများထဲမှ တစ်ဦးမှာ ယနေ့ (မေလ ၂ ရက်) နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်က ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိသည်။ရနောင်မြို့ရှိ (SIFCO GROUP) ပင်လယ်စာ အအေးခန်းစက်ရုံ၏ မြန်မာရွှေ့ပြောင်း အမျိုးသမီး လုပ်သားများသည် လုပ်ငန်းခွင်သို့ သွားရောက်ရန် စောင့်ဆိုင်းနေကျ စုရပ်တွင် အကြိုအပို့ ပြုလုပ်ပေးသော စက်ရုံ ဖယ်ရီကားကို စောင့်ဆိုင်းနေစဉ် ယင်းစက်ရုံ၏ ဖယ်ရီကားမှာ လမ်းဘေးသို့ထိုးမှောက်ပြီး လမ်းလယ်ကျွန်းတွင် ရောက်ရှိနေသော လူအုပ်အတွင်းသို့ ရောက်ရှိသွားရာမှ မမျှော်လင့်ဘဲ ယဉ်တိုက်မှု ဖြစ်ပွားခဲ့ရကြောင်းကို ထိုင်းနိုင်ငံ၏ မီဒီယာအချို့တွင် ဖေါ်ပြထားရာမှ သတင်းရရှိသည်။ယင်းဖြစ်စဉ်တွင် သေဆုံးသူများနှင့် ဒဏ်ရာရသူများကို စက်ရုံပိုင်ရှင်၊ ထိုင်းနိုင်ငံ ရနောင်မြို့ရှိ လူမှုရေး အသင်းအဖွဲ့များနှင့် ရနောင်းမြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူများက ဝိုင်းဝန်း ကူညီပေးလျှက်ရှိပြီး မူလ သေဆုံးသူ ၄ ဦး၏ ရုပ်အလောင်းများကို မေလ ၄ ရက်နေ့၌ သဂြိုလ်မည်ဖြစ်ကြောင်းကို ရနောင်းမြို့တွင် နေထိုင်သော မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီး တစ်ဦးထံမှ သတင်းရရှိသည်။ယဉ်တိုက်မှုဖြစ်စဉ်အပြီး သုံးရက်မြောက်နေ့၌ ထပ်မံသေဆုံးသွားသူ အမျိုးသမီးမှာ အသက် ၁၉ နှစ်အရွယ်ရှိ မအေမီဆက်ဆိုသူဖြစ်ပြီး ထားဝယ်ခရိုင်၊ မောင်းမကန်မြို့နယ်ခွဲ၏ သဘွတ်ဆိပ်ပြင်ကြီးရွာ ဇာတိဖြစ်ကာ သူမ အပါဝင် ၅ ဦး သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာ (စိုးရိမ်ရ) တစ်ဦးရှိကာ အရေးပေါ်လူနာ ၆ ဦး ရှိနေသေးကြောင်း သိရသည်။ယာဉ်တိုက်မှု ဖြစ်ပွားသောနေ့၌ ည ၈ နာရီကျော် အချိန်ခန့်က ကိုယ်ဝန်နှစ်လရှိသော အရေးပေါ် အမျိုးသမီး လူနာတစ်ဦး ထပ်မံ သေဆုံးသွားသည်ဟူသော သတင်းများ ထွတ်ပေါ်ခဲ့သော်လည်း ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း ယာဉ်တိုက်မှုနှင့် ပတ်သက်ခြင်း မရှိကြောင်း အရေးပေါ်လူနာအဖြစ် အောက်ဆီဂျင် အဆက်မပြတ် ပေးထားရကြောင်းနှင့် သေဆုံးခြင်း မရှိသော်လည်း အောက်ဆီဂျင် အသက်သာ ရှိကြောင်းကို မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနေသူ တစ်ဦးထံ ဆက်သွယ်မေးမြန်းရာမှ သတင်းရရှိသည်။
ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးများ အစုလိုက် ယာဉ်တိုက်ခံရမှုမှ တစ်ဦး ထပ်မံသေဆုံး