ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်း (PFA) မှ ရွေးချယ်သည့် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်း (၂၀၁၅-၁၆)ရာသီတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည့် လက်စတာအသင်းနှင့် ဒုတိယနေရာမှ စပါးအသင်းတို့၏ ကစားသမားများ အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။
PFA ၏ ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းကို ပရီးမီးယားလိဂ် ကစားသမားများ၏ ဆန္ဒမဲအပေါ် အခြေခံကာရွေးချယ်ခြင်းဖြစ်ပြီး အကောင်းဆုံးကစားသမားဆု ရွေးချယ်ခြင်းမပြုမီ ကြိုတင်ရွေးချယ်ခြင်းလည်းဖြစ်သည်။
ယခုထွက်ပေါ်လာသည့် စာရင်းအရ PFA အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၆)ဦးစာရင်းတွင် ပါဝင်နေသော အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ် ပါဝင်လာခြင်းမရှိသည့်အတွက် ဝေဖန်မှုအချို့လည်း ထွက်ပေါ်လာခဲ့သည်။
အိုဇေးလ်သည် အာဆင်နယ်အသင်းအတွက် ဂိုးဖန်တီးမှု(၁၈)ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြနိုင်ခဲ့သော်လည်း လွဲချော်ခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံးကွင်းလယ်လူအဖြစ် ရွေးချယ်ခံထားရသူများမှာ မာရက်ဇ်နှင့်ကန်တေ (လက်စတာ)၊ ပါယက် (ဝက်စ်ဟမ်း)နှင့် အယ်လီ (စပါး)တို့ဖြစ်သည်။
ထို့ပြင် နယူးကာဆယ်နှင့်ပွဲတွင် ပရီးမီးယားလိဂ် သွင်းဂိုး (၁၀၀)ပြည့်ခဲ့သည့် မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးမှာ လက်ရှိပရီးမီးယားလိဂ်တွင် (၂၂)ဂိုး သွင်းယူထားသော်လည်း ဗာဒီနှင့် ဟာရီကိန်းတို့ကို ကျော်လွှားနိုင်ခြင်းမရှိခဲ့ပေ။
PFA သည် ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းကို (၄-၄-၂) ပုံစံဖြင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဂိုးသမားနေရာတွင် ဒီဂီယာ (မန်ယူ)၊ နောက်တန်း (၄)ဦးအဖြစ် ဘယ်လာရင် (အာဆင်နယ်)၊ မော်ဂန် (လက်စတာ)၊ အယ်လ်ဒါဝီရယ်လ်နှင့် ဒန်နီရို့စ်(စပါး)၊ အလယ်တန်း (၄)ဦးတွင် မာရက်ဇ်နှင့်ကန်တေ (လက်စတာ)၊ ပါယက် (ဝက်စ်ဟမ်း)နှင့် အယ်လီ (စပါး)နှင့် တိုက်စစ်မှူး (၂)ဦးအဖြစ် ဗာဒီ (လက်စတာ)နှင့် ဟာရီကိန်း (စပါး)တို့ ပါဝင်ခဲ့သည်။
၁၉၇၃-၇၄ရာသီ ကတည်းက စတင်ရွေးချယ်ခဲ့သည့် PFA အကောင်းဆုံးအသင်းကို ပရီးမီးယားအပြင် အင်္ဂလန်လိဂ်ပြိုင်ပွဲများမှာ အတန်းအလိုက် နှစ်စဉ်ရွေးချယ်လေ့ရှိသည်။
PFA အကောင်းဆုံး ကစားသမားဆုကိုမူ ဧပြီ(၂၄)ရက်နေ့တွင် ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပြီး ဟာရီကိန်း၊ ကန်တေ၊ မာရက်ဇ်၊ အိုဇေးလ်၊ ပါယက်နှင့် ဗာဒီတို့ ဆန်ခါတင်စာရင်းတွင် ပါဝင်နေသည်။
လူငယ်အကောင်းဆုံးဆု ဆန်ခါတင်စာရင်းတွင်မူ အယ်လီ၊ ဟာရီကိန်း၊ ဘာကလေ၊ ကော်တင်ဟို၊ ဂျက်ဘတ်လန်း၊ လူကာကူတို့ပါဝင်နေသည်။
PFA ၏ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးအသင်းတွင် လက်စတာနှင့် စပါးအသင်းမှာ ကစားသမားအများဆုံး ပါဝင် အိုဇေးလ် မပါဝင်သည့်အတွက် ဝေဖန်မှုများရှိနေ