သဲကန္တာရ မြေကြွက်များ

သဲကန္တာရ မြေကြွက်များ
Published 6 March 2016
နီမင်းဆွေ

စစ်တိုက်တယ်ဆိုတဲ့နေရာမှာ ငြိမ်းချမ်းရေးကို လိုချင်လို့ တိုက်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ တခြားရည်ရွယ်ချက်တွေနဲ့ တိုက်မယ်ဆိုရင်တော့ တိုက်သူရော ခုခံတဲ့သူတွေပါ ဘယ်လိုမှ ငြိမ်းချမ်းနိုင်ကြမယ် မဟုတ်ပါဘူး။ နောက်ပြီး ငြိမ်းချမ်းရေးကိုလိုချင်လို့ တိုက်တယ်ဆိုတဲ့ နေရာမှာလည်း တစ်ပွဲတည်းနဲ့ အနိုင်ရပြီး တစ်ချီတည်းနဲ့ ပြီးပြတ်အောင် တိုက်နိုင်ဖို့လည်း လိုပါတယ်။ စစ်ပွဲဆိုတာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ပွဲတည်းနဲ့ အပြတ်မတိုက်နိူင်ဘဲ ခဏခဏ မကြာမကြာ တိုက်နေရမယ်ဆိုရင်တော့ ရန်သူဟာ တဖြည်းဖြည်းနဲ့ စစ်ရေးအတွေ့အကြုံတွေ ပြည့်ဝလာပြီး နောင်အခါမှာ ကိုယ်ဘယ်လိုမှ တိုက်လို့မနိုင်နိုင်လောက်တဲ့အထိ စစ်ရည်ဝလာနိုင်ပါတယ်။ ဒါဆိုရင်တော့ ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့် အကျိုးမရှိနိုင်တော့ပါဘူး။ဒါ့ကြောင့်ရှောင်လွှဲမရလို့ စစ်တိုက်ရတယ်ဆိုရင်လည်း စစ်ပွဲလည်းပြီးရော ငြိမ်းချမ်းရေးလည်း ရရောဆိုတာမျိုးသာ ဖြစ်သင့်ပါတယ်။ အဲဒီလိုဖြစ်မလာနိုင်ရင်တော့ မတိုက်ဘဲနေတာသာ အကောင်းဆုံးပါပဲ။ ရှေးပညာရှိကြီးတွေ ပြောခဲ့ကြတဲ့ စကားတစ်ခွန်းလည်း ရှိပါတယ်။ ရန်သူကို အောင်မြင်အောင် လုပ်တဲ့နေရာမှာ ပထမအကောင်းဆုံးနည်းလမ်းကတော့ စစ်မတိုက်ဘဲ အောင်မြင်အောင် လုပ်တဲ့နည်းလမ်းပဲ ဆိုတာလေ။ ဒါ့ကြောင့် မတိုက်ဘဲနဲ့ ငြိမ်းချမ်းနိုင်မယ့် နည်းလမ်းသာ ရှာရမှာပါ။ တကယ်တမ်း ငြိမ်းချမ်းချင်တယ်ဆိုရင် ဒီနည်းလမ်းကို လိုက်ရှာလို့ သိပ်မခက်လှပါဘူး။ ဒုတိယ အကောင်းဆုံးနည်းလမ်းကတော့ ခုနကပြောခဲ့သလို တိုက်ပွဲလည်းပြီး ငြိမ်းချမ်းရေးလည်း ရရောဆိုတဲ့နည်းလမ်းပါပဲ။ အဲဒီလိုဖြစ်နိုင်မှသာ တိုက်ပြီးတဲ့အခါမှာ အပင်ပန်းခံပြီး တိုက်ကြရတဲ့ စစ်သည်တွေ တိုက်ရကျိုးနပ်ပြီး ပျော်နိုင်ကြမှာ ဖြစ်ပါတယ်။  ဒါပေမဲ့  တကယ့်လက်တွေ့ဘဝမှာတော့  ချက်ချင်းလက်ငင်း ငြိမ်းချမ်းရေးရတာမရတာတွေကို မစဉ်းစားနိုင်ဘဲ တိုက်ပွဲပြီးသွားတာနဲ့ ပျော်ကြရတဲ့ တိုက်ပွဲတွေကပဲ ပိုများနေပါတယ်။ အဲဒီလိုပျော်နိုင်တာဟာ စစ်သားတွေ ကြောက်လေ့ရှိကြတဲ့ အချက်တော်တော်များများကို ကျော်လွှားနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ စစ်မတိုက်ခင်မှာ စစ်သားတွေ ကြိုတင်ပြီး ကြောက်နေလေ့ရှိတဲ့ အချက်တွေရှိပါတယ်။ အဲဒါတွေကတော့ သေမှာ၊ မျက်စိကန်းမှာ၊ ခြေလက်ပြတ်သွားမှာ၊ ရန်သူအဖမ်းခံရမှာ၊ ငတ်မွတ်မှာနဲ့ ဆင်းရဲမှာ၊ ဘဝတူသေဖော်ရှင်ဖက်ဖြစ်တဲ့ ချစ်ခင်သူတွေကျဆုံးမှာ၊ နောက်တစ်ခါ စစ်ပြန်တိုက်နေရမှာနဲ့ မိသားစုနဲ့ ပြန် မဆုံရမှာတို့ကို စိုးရိမ်ပူပန်လေ့ ရှိကြပါတယ်။ အဲဒီအထဲက ဒုတိယ နောက်ဆုံးအချက်ဖြစ်တဲ့ နောက်တစ်ခါ ပြန်တိုက်ရမယ်၊ မတိုက်ရတော့ ဘူးဆိုတဲ့ အချက်က မသေချာ မရေရာသေးဘူး ဆိုရင်တောင်မှ စစ်သားဆိုတာ မသေမကျိုးမပြတ်ဘဲ အိမ်ပြန်ရတယ်ဆိုရင် ပျော်တတ်ကြတာပါပဲ။ အဲဒီလိုအချိန်မျိုးမှာ သူတို့ပျော်နေတာကို ကြည့်ရတာဟာ အင်မတန်မှ ပျော်ရွှင်ကြည်နူးစရာ ကောင်းလှပါတယ်။ ဒါကြောင့် ဇာတ်သိမ်းခန်းမှာ အဲဒီလို စစ်သားတွေ ပျော်နေကြတဲ့ ရုပ်ရှင် ဇာတ်ကားတစ်ကားအကြောင်း ပြောပြချင်ပါတယ်။ အဲဒီဇာတ်ကားကတော့ ၁၉၅၃ ခုနှစ်က ပေါ်ထွက်လာခဲ့တဲ့ 'သဲကန္တာရမြေကြွက်များ' The Desert Rats ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။အချိန်ကတော့ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၁ ခုနှစ် ဧပြီလလယ်မှာ ဖြစ်ပါတယ်။ ဂျာမန်ဗိုလ်ချုပ်ကြီး 'ဖီးမာရှယ် အာဝင်ရွန်မဲ'နဲ့ သူရဲ့ဂျာမန်တပ်တွေဟာ မြောက်အာဖရိက စစ်မြေပြင်မှာရှိတဲ့ မဟာမိတ်တပ်တွေကို အနိုင်တိုက်ပြီး အနောက်ဘက်ကနေ အရှေ့ဘက်ထဲကို မောင်းထုတ်လိုက်ပါတယ်။ ဒါကြောင့် ဗြိတိသျှတပ်တွေဟာ အီဂျစ်နိုင်ငံထဲက စူးအက်တူးမြောင်းနားထိရောက်အောင် ဆုတ်ခွာကြရပါတယ်။ ရွန်မဲက ဗြိတိသျှတပ်တွေကို နောက်ကနေ ထက်ချပ်မကွာ လိုက်တိုက်ဖို့ ကြိုးစားတဲ့အခါ သူချီတက်မယ့် လမ်းကြောင်းပေါ်က 'တိုဘရွတ်' Tobruk ဆိုတဲ့ဆိပ်ကမ်းမြို့လေးတစ်မြို့ထဲမှာ မဟာမိတ်တပ်တချို့ တပ်စွဲထားတယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ အဲဒီမြို့လေးဟာ အာဖရိကတိုက် မြောက်ပိုင်း လစ်ဗျားနိုင်ငံထဲက မြေထဲပင်လယ်ကမ်းခြေမှာရှိနေပြီး အီဂျစ်နိုင်ငံ နယ်နမိတ်နဲ့လည်း ကပ်နေပါတယ်။ ဒီမြို့လေးဟာ စစ်ရေးအရအချက်အချာကျလို့ ရှေးဂရိ၊ ရောမခေတ်တွေကတည်းက နိုင်ငံမျိုးစုံ တပ်မျိုးစုံတွေရဲ့ အကြိမ်ကြိမ် သိမ်းပိုက်တာကို ခံခဲ့ရတဲ့မြို့လေးပါပဲ။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာလို့ သိပ်မကြာခင် ၁၉၄၁ ခုနှစ် ဇန်နဝါရီလရောက်တော့ မဟာမိတ်ဘက်က အမှတ် ၉ သြစတြေးလျတပ်မကြီးက အဲဒီမြို့လေးမှာ တပ်စွဲထားခဲ့ပြီး နောက်တပ်တွေလာ မလဲခင် နှစ်လလောက်ထိ ဒီမြို့လေးမှာ တောင့်ခံထားဖို့ ညွှန်ကြားချက်လည်း ရရှိထားပါတယ်။ မဟာမိတ် တပ်ပေါင်းစုရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဒေါက်ကလပ်စ်က တိုဘရွတ်ကို မကြာခင်ကမှ ရောက်လာပြီး တိုက်ပွဲအတွေ့ အကြုံမရှိသေးတဲ့ သြစတြေးလျတပ်ခွဲတစ်ခွဲကို ကွပ်ကဲမှုယူဖို့ ဗြိတိသျှတပ်က ဗိုလ်ကြီး 'မက်ရော့ဘတ်စ်' ခေါ် တမ်မီ Richard Burton ဆိုသူကို တာဝန်ပေးလိုက်ပါတယ်။စည်းကမ်းအတိအကျ လိုက်နာပြီး လက်တွေ့သမားလည်းဖြစ်တဲ့ အဲဒီအင်္ဂလိပ်ဗိုလ်ကြီး တမ်မီကို စည်းကမ်းပျက်နေတဲ့ သြစတြေးလျ စစ်သည်တွေက မနှစ်မြို့ကြပါဘူး။ အခြေအနေအရ တိုက်ပွဲအတွေ့အကြုံ မရှိသေးတဲ့ နောက်ရောက်တဲ့ တပ်တွေကို ရှေ့တန်းအကျဆုံးနေရာကို စေလွှတ်ပေးလိုက်ရပါတယ်။ ဒါကြောင့်သူတို့တစ်တွေဟာ ရွန်မဲ ချီတက်လာမယ်လို့ မျှော်လင့်ရတဲ့ လမ်းကြောင်းပေါ်မှာ နေရာယူကြရပါတယ်။ အဲဒီလိုနေရာယူတဲ့နေရာမှာ ဘာအကာအကွယ်မှမရှိလို့ သဲကန္တာရထဲမှာရှိတဲ့ သဲတွေထဲမှာ မြေကြွက်တွေလို ကျင်းတွေတူးပြီး ခံစစ်ပြင်ဆင်ကြရပါတယ်။ မဟာမိတ်ဗိုလ်ချုပ် ဒေါက်ကလပ်စ်ကလည်း သူတို့ကို အမြောက်နဲ့ ပစ်ကူပေးနိုင်အောင် စီမံထားပါတယ်။ ဂျာမန်တပ်တွေဟာ သဲမုန်တိုင်းကို အကာအကွယ်ယူပြီး မျှော်လင့်ထားတဲ့ လမ်းကြောင်းအတိုင်း ချီတက်လာကြလို့ တမ်မီတို့တပ်တွေနဲ့ ထိပ်တိုက်တိုးပါတော့တယ်။ တမ်မီဟာ ဒီတိုက်ပွဲကို အနိုင်တိုက်ပြီး ဂျာမန်တွေကို တွန်းလှန်နိုင်ခဲ့တဲ့အတွက် ဗိုလ်မှူးအဆင့်ကို တိုးမြှင့်ပေးတာခံရတဲ့အပြင် ယာယီဒုဗိုလ်မှူးကြီးအဖြစ်နဲ့လည်း သြစတြေးလျ တပ်မကိုအုပ်ချုပ်ဖို့  တာဝန်ပေးတာခံခဲ့ရပါတယ်။ နောက်တော့မှ မဟာမိတ်ဗိုလ်ချုပ်ကြီးဟာ တမ်မီဦးစီးတဲ့ ကွန်မန်ဒိုတပ်ဖွဲ့တွေဖွဲ့စည်းပြီး ဂျာမန်တွေ စိတ်ဓာတ်ပျက်ပြားသွားအောင် ညဘက်မှာ သူတို့စခန်းချထားတဲ့ နေရာတွေကို အလစ်ဝင်ဝင်တိုက်ခိုင်းပါတယ်။ တမ်မီဟာ အမိန့်အတိုင်း ဆောင်ရွက်ရင်းနဲ့ ရန်သူတွေကိုအကျဆုံးများအောင် ချေမှုန်းနိုင်ခဲ့လို့ မဟာမိတ်တပ်ဘက်ကလူကြီးတွေက တော်တော်သဘောကျကြပါတယ်။တစ်ရက်မှာတော့ အင်အားကြီးမားတဲ့ ဂျာမန် အမြောက်တပ်ဖွဲ့ကြီးတစ်ခုဟာ ဂျာမန်တပ်တွေရဲ့နောက်ကနေစစ်ကူလိုက်လာပါတယ်။ အဲဒီအမြောက် တပ်ဖွဲ့ကြီးရှိနေတဲ့ နေရာဟာ သူတို့နဲ့တော်တော်ဝေးနေလို့ တမ်မီတို့အနေနဲ့ ညဘက် ခြေလျင်ချီတက်ပြီး အဲဒီ အမြောက်တပ်ဖွဲ့ကြီးကိုတိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အဲဒီအချိန်မှာ အီတလီတပ်ဖွဲ့တွေ စွန့်ပစ်ခဲ့တဲ့ ထရပ်ကားသုံးစီးဟာ တမ်မီတို့အနားမှာ ရှိနေတယ်ဆိုတာကို သတိရလိုက်မိကြပါတယ်။ ဗိုလ်ချုပ်ကြီးက ညွှန်ကြားလို့ တမ်မီဟာ  စစ်သည် ၅၄ ယောက်ကို လက်ရွေးစင်အဖြစ်ရွေးပြီး အီတာလျံစစ်သည်တွေအဖြစ် ထင်ယောင်ထင်မှားဖြစ်အောင် ပုံဖျက်လိုက်ပါတယ်။ ပြီးမှ ညဘက်မှာ အဲဒီ အီတလီထရပ်ကား သုံးစီးနဲ့ ဂျာမန်အမြောက်တပ်မကြီး အခြေပြုထားရာနေရာကို ချီတက်သွားကြပါတယ်။အဲဒီလို ချီတက်ပြီး အလစ် ဝင်တိုက်လိုက်တာဟာ အောင်မြင်သွားပေမယ့် တမ်မီကတော့ ဒဏ်ရာရပြီး အဖမ်းခံလိုက်ရပါတယ်။ နောက်မကြာခင်မှာ တပ်ကြပ်ကြီးတစ်ယောက်နဲ့အတူ တမ်မီဟာ ထွက်ပြေးလွတ်မြောက်လာပြီး သူတို့စခန်းကို ပြန်ရောက်လာပါတယ်။အဲဒီအချိန်မှာ သြစတြေးလျတပ်တွေ ရှေ့တန်းရောက်နေတာဟာ ရှစ်လတောင်ရှိသွားခဲ့ပါပြီ။ နိုဝင်ဘာလထဲရောက်တဲ့အခါ ဗြိတိသျှဘက်က ဗိုလ်ချုပ်ကြီး 'အော်ချင်လက်' ဦးစီးတဲ့ စစ်ကြောင်းဟာ သူတို့နဲ့  တာဝန်လာလဲဖို့ တိုဘရွတ်မြို့လေးဆီကို ထွက်ခွာလာကြပြီဆိုတဲ့ သတင်းကို ရရှိပါတယ်။ ဒါပေမဲ့ စစ်ကူတပ်ဖွဲ့ ချီတက်လာမယ့် လမ်းကြောင်းရဲ့နံ ဘေးက အချက်အချာကျတဲ့ တောင်ကုန်းတစ်ကုန်းကို တမ်မီဦးစီးတဲ့တပ်တွေက သုံးရက်တိတိ စိုးမိုးပေးထားရမှာဖြစ်ပါတယ်။ အဲဒီသုံးရက်အတွင်းမှာ စစ်ကူတွေ ရောက်မလာပါဘူး။ အဲဒီလိုစောင့်နေရင်းနဲ့ ကိုးရက်မြောက်တဲ့ နေမှာတော့ ရေနဲ့ရိက္ခာ အပါအဝင် အစစအရာရာ ချွတ်ခြုံကျနေပြီဖြစ်လို့ တမ်မီက သူ့တပ်ဖွဲ့ဝင်တွေကို တောင်ကုန်းကနေပြန်ဆုတ်ခွာဖို့ အမိန့်ပေးလိုက်ပါတော့တယ်။စစ်သည်တွေအားလုံးက တမ်မီ့ဆီက ဆုတ်ခွာမိန့်ရပေမယ့် မဆုတ်ခွာဘဲ တောင်ကုန်းပေါ်မှာ အကုန်လုံး ဆက်နေနေကြပါတယ်။ အဲဒီအချိန်မှာပဲ တောင်ကုန်းပေါ်ကို ဂျာမန်တပ်တွေရဲ့ အမြောက်ဆံတွေ ကျရောက် ပေါက်ကွဲလာကြတော့တာပါပဲ။ အဲဒီနောက် သိပ်မကြာခင် အချိန်လေးအတွင်းမှာပဲ အိပ်ပလွေမှုတ်သံတွေကို ကြားလိုက်ကြရပါတော့တယ်။ ဒါဟာ ဗြိတိသျှဗိုလ်ချုပ်ကြီး အော်ချင်လက်ရဲ့တပ်တွေ တာဝန်လဲဖို့ ရောက်လာပြီဆိုတဲ့သင်္ကေတပါပဲ။ ဒါကြောင့် ၂၄၂ ရက်တိတိကြာအောင် တိုဘရွတ်မှာ ခံစစ်ဆင်နေခဲ့ကြရတဲ့ သြစတြေးလျတပ်ဖွဲ့ဝင်တွေဟာ ဗြိတိသျှတပ်တွေကို တာဝန်လွှဲပြောင်းပေးပြီး နောက်တန်းကို ပြန်ကြရတော့မှာမို့ အပျော်ကြီး ပျော်နေကြတဲ့ ပြကွက်ကို ရုပ်ရှင်အဆုံးမှာ ကြည့်မြင်လိုက်ကြရပါတယ်။ဒီဇာတ်ကားကိုကြည့်ပြီးတဲ့အဆုံးမှာ ခဏတာပျော်လိုက်မိပေမယ့် ကိုယ်တို့နိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၊ တစ်နည်းအားဖြင့် တိုက်ပွဲငယ်လေးတွေဟာ အခုအချိန်ထိတောင် မချုပ်ငြိမ်းနိုင်သေးပါလား ဆိုတာကို သတိရလိုက်မိလို့ ဝမ်းနည်းသွားမိပါတယ်။ အဲဒီပြည်တွင်းစစ်ပွဲတွေ ချုပ်ငြိမ်းဖို့ဆိုရင် အင်မတန်မှ တန်ခိုးအာနိသင် ကြီးမားတဲ့ စစ်သူကြီးငါးယောက် လိုအပ်တယ်ဆိုတာကိုလည်း သတိထားလိုက်မိပါတယ်။ အဲဒီစစ်သူကြီး ငါးယောက်ကတော့ (၁) တစ်ဖက်သားအပေါ် စာနာနားလည်တတ်ခြင်း၊ (၂) စိတ်ရှည်သည်းခံခြင်း၊ (၃) အသိဉာဏ်ထက်မြက်ခြင်း၊ (၄) ရိုးသားဖြောင့်မတ်ခြင်းနဲ့ (၅) အချိန်ဆိုတဲ့ စစ်သူကြီး ငါးဦးတို့ပါပဲ။ ဒါကြောင့် အဲဒီ စစ်သူကြီးငါးယောက် ကိုယ်တို့နိုင်ငံထဲကို စုံစုံညီညီ ရောက်လာတဲ့တစ်နေ့ဟာ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းသွားတဲ့ နေ့တစ်နေ့ ဖြစ်လာမယ့်အပြင် ကိုယ်တို့ ပြည်သူတွေအားလုံးအတွက် အပျော်ကြီးပျော်ရတဲ့နေ့တစ်နေ့လည်း ဖြစ်လာမှာပဲလို့ တွေးနေမိပါတယ်။

Most Read

Most Recent