ထိုင်းနိုင်ငံကို ပျော်ရွှင်မှုဆီ ပြန်လည်ဆောင်ကြဉ်းပေးမယ်လို့ ဆိုခဲ့တဲ့ ပရာယွတ်ချန်အိုချာကတော့ အမြဲတမ်း စိတ်ဆိုး ဒေါသထွက်နေတော့တာပဲ။ ၂၀၁၄ ခုနှစ် မေလမှာ အာဏာသိမ်းခဲ့တဲ့ စိတ်ကြီးတဲ့ စစ်အစိုးရခေါင်းဆောင်က ဒီနှစ် ဇန်နဝါရီလအတွင်းမှာတော့ “စကားလျှော့ပြော၊ စိတ်လိုက်မာန်ပါ မဖြစ်အောင်နေပြီး သတင်းထောက်တွေနဲ့ ရန်မဖြစ်အောင်”ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလမှာတော့ သတင်းစာရှင်းလင်းပွဲနှစ်ရပ်မှာ ဒေါသတကြီး ပြုမူမိလို့ သူရဲ့ပြောရေးဆိုခွင့်ရှိသူကနေ တစ်ဆင့် ထပ်ပြီး တောင်းပန်ရပြန်ပါတယ်။ အဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့ ပတ်သက်ပြီး အဆင်ခြင်ကင်းမဲ့တဲ့ မေးခွန်းမေးလို့ဆိုပြီး ဒေါသအိုး ပေါက်ကွဲခဲ့တာပါ။ သူ့စိတ်အနေအထားက ပိုပြီးတော့တောင် ဆိုးလာပါသေးတယ်။အခု သီတင်းပတ်အတွင်း ကယ်လီဖိုးနီးယားမှာ အမေရိကန်က အရှေ့တောင်အာရှ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရာမှာ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်က အမေရိကန်သမ္မတ ဘာရက်အိုဘားမားကို နှစ်သိမ့်ဖို့ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲအသစ်တွေ ကျင်းပပေးဖို့ စီစဉ်နေတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းစစ်အုပ်စုဟာ ပထမဆုံးအနေနဲ့ ရွေးကောက်တင်မြှောက်ခံရမယ့် နိုင်ငံရေးသမားတွေကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်နိုင်မယ့် ဖွဲ့စည်းပုံအ ခြေခံဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းနိုင်ဖို့ လိုလားနေပါတယ်။ ပရာယွတ်ရဲ့ အာဏာသိမ်းမှုက အရင်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်ဆိုင်းလိုက်ပါတယ်။ အရင် အခြေခံဥပဒေကလည်း ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့တဲ့ အစိုးရကို ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းမှုနဲ့ ဖြုတ်ချပြီးတဲ့နောက် စစ်တပ်က အုပ်ချုပ်တဲ့ ကာလတစ်ခုအတွင်းမှာ ရေးဆွဲခဲ့တာပါ။ မနှစ်ကချပြခဲ့တဲ့ အခု အခြေခံဥပဒေသစ် မူကြမ်းဟာ စစ်တပ်က ခန့်အပ်ထားတဲ့ကောင်စီက လက်ပါးစေတွေအတွက်တောင် လက်ခံနိုင်ဖွယ် မရှိလောက်အောင် မမျှမတ ဖြစ်လွန်းနေပါတယ်။ ဒါနဲ့ပဲ ဗိုလ်ချုပ်ကြီးတွေက ပြန်ရေးဖို့ အမိန့်ပေးခဲ့ပါတယ်။ သူတို့ နောက်ဆုံးရေးထားတဲ့ မူကြမ်းကလည်း ထူးမခြားနား ဆိုးရွားလို့နေပြန်တာပါပဲ။နောက်ဆုံး မူကြမ်းမှာ အများက လှောင်ပြောင်ခဲ့ကြတဲ့ အစီအစဉ်တွေကို စွန့်လွှတ်ခဲ့တာကတော့ မှန်ပါတယ်။ အဲဒီလို အစီအစဉ်တွေထဲမှာ စစ်တပ်က ဦးဆောင်တဲ့ အကျပ်အတည်းဖြေရှင်းရေးအဖွဲ့က ဆန္ဒရှိရင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့တွေကို ဖြုတ်ချဖို့ အခွင့်အာဏာပေးထားတာ ပါပါတယ်။ အဲဒီလို အစီအစဉ်တွေကို စွန့်လွှတ်ခဲ့ပေမယ့် အခုမူကြမ်းမှာလည်း “လူကြိုက်များတဲ့ နိုင်ငံရေးဆိုတာ ခြစားမှုပုံသဏ္ဌာန် တစ်ရပ်ဖြစ်တယ်”ဆိုတာနဲ့“ဘာမဟုတ်တာလေးကို ငြင်းခုံဖို့ပဲသိတဲ့ နိုင်ငံရေးသမားတွေဟာ ထိုင်းနိုင်ငံမှာ နက်ရှိုင်းတဲ့ လူမှုရေးသဘောထား ကွဲလွဲမှုတွေ ဖြစ်ပွားရခြင်းရဲ့ လက္ခဏာရပ် မဟုတ်ဘဲ အရင်းအမြစ်ဖြစ်တယ်”ဆိုတဲ့ စစ်တပ်ရဲ့ အမြင်ကိုပဲ ထင်ဟပ်ပြထားတယ်။ အကြီးမားဆုံး လူမှုရေးသဘောထား ကွဲလွဲမှုကတော့ မြို့တော် ဘန်ကောက်ကို အခြေပြုတဲ့ ချမ်းသာပြီး ဘုရင်အပေါ် သစ္စာရှိတဲ့အုပ်စုနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ပိုပြီး ဆင်းရဲကြတဲ့အပြင် လူတန်းစားအရ သိပ်ပြီးကွဲပြားခြားနားမှု မရှိတဲ့ အုပ်စုအကြား ဖြစ်ပေါ်နေတာပါ။အခြေခံဥပဒေမူကြမ်းဟာ ထိုင်းနိုင်ငံမှာ အအောင်မြင်ဆုံး နိုင်ငံရေးပါတီဖြစ်တဲ့ ဖြူ ထိုင်းပါတီရဲ့ လွှမ်းမိုးမှုကို ဖြိုခွဲပြီး အားနည်းတဲ့ ညွန့်ပေါင်းအစိုးရဖြစ်ပေါ်ရေးကို ရည်ရွယ်ပါတယ်။ ဖြူထိုင်းပါတီဟာ စစ်တပ်က နှစ်ကြိမ်တိုင်တိုင် အာဏာသိမ်းပြီး ဖြုတ်ချခဲ့တဲ့ ပါတီပါပဲ။အမည်အရသာ ကွဲနေတာပါ။ ဝန်ကြီးချုပ်ဟာ ရွေးကောက်တင်မြှောက်ခံရတဲ့ ပါလီမန်အမတ် ဖြစ်စရာမလိုဘူးဆိုတဲ့ ဟကွက်ဟာ စစ်ဘက်ကလူတွေ ရွေးကောက်တင်မြှောက်ခံ နိုင်ငံရေးသမားတွေကို ညှပ်ထားပြီး ဆရာကြီးလုပ်လို့ရအောင် ခွင့်ပြုထားတာပါ။ရွေးကောက်ပွဲကော်မရှင်၊ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့နဲ့ တရားရုံးတွေလို စောင့်ကြည့်ရေးအဖွဲ့တွေကိုလည်း လုပ်ပိုင်ခွင့်အာဏာအသစ်တွေ ပေးထားပါတယ်။ ဒီအချက်ကတော့ အပေါ်ယံကြည့်ရင် ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့တွေဟာ အစဉ်အလာအရကတော့ ထိုင်းနိုင်ငံရဲ့ အခွင့်ထူးခံ အီလစ်တွေရဲ့ အကျိုးစီးပွားကိုပဲ ထင်ဟပ်ပြတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ ဒီအဖွဲ့တွေကို လုပ်ပိုင်ခွင့်အာဏာ အသစ်တွေပေးလိုက်တဲ့အတွက် အကျပ်အတည်းဖြစ်တဲ့ အချိန်တွေမှာ နောက်ဆုံး အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိတာက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဖြစ်သွားပါတယ်။ အဲဒီ အဆုံးအဖြတ်ပေးပိုင်ခွင့်ကို အရင်က ဘုရင်ဘူမိဘောအဒူယာဒက်က ရထားတာပါ။ အခုတော့ ဘုရင်ရဲ့ အဲဒီအခွင့်အာဏာက အိုမင်းချိနဲ့လို့ သွားပါပြီ။ အဲဒီလို အပြောင်းအလဲ ဖြစ်သွားတာက နောက်တက်လာမယ့် ဘုရင်ဖြစ်တဲ့ အခုအိမ်ရှေ့မင်းသားဟာ ဖြူထိုင်းပါတီနဲ့ အခြားရန်သူလို့ ထင်ရတဲ့သူတွေဘက်ကို အလွယ်တကူ ပါသွားနိုင်တဲ့အပေါ် ဘန်ကောက်အခြေပြုအုပ်စုက စိုးရိမ်နေမှုကို ထင်ဟပ်ပြနေတာပါပဲ။ဒါတွေအားလုံးဟာ ထိုင်းနိုင်ငံရဲ့ အလွှာများစွာကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ နိုင်ငံရေးသမားတွေက ပရာယွတ်အနေနဲ့ နောက်အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ပြီးတဲ့အထိ အာဏာကို ဆက်ပြီး ထိန်းထားမှာဖြစ်တဲ့အတွက် သူတို့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေအပေါ် သြဇာလွှမ်းမိုးပိုင်ခွင့် ရှိနေတာကို သတိပြုမိပါတယ်။ နိုင်ငံရေးသမားတွေက ဖွဲ့စည်းပုံအခြေခံဥပဒေထဲ ပိုပြီးအံ့သြဖို့ကောင်းတာတွေကို အခန်းခွဲတွေနဲ့ ထပ်မံ ထည့်သွင်းမှာကိုလည်း စိုးရိမ်နေပါတယ်။ အခုတောင်မှ ဥပဒေရေးဆွဲသူတွေက ၂၀၁၇ ခုနှစ် အလယ်ပိုင်းမှာ ကျင်းပပေးမယ်လို့ ကတိပြုထားတဲ့ ရွေးကောက်ပွဲကို ကြန့်ကြာစေနိုင်မယ့် လုပ်ငန်းစဉ်တစ်ရပ်ကို လုပ်ဆောင်နေတာပါ။ ဆန့်ကျင်ကြမှာကို အနံ့ရထားတဲ့ စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဝေဖန်တဲ့သူတွေအနေနဲ့ “သဘောထားညှိယူရေးသင်တန်း”တွေ တက်ရမယ်လို့ စတင်သတိပေးနေပါပြီ။ သူတို့ပြောတဲ့ အဲဒီ သဘောထားညှိယူရေး သင်တန်းဆိုတာ တရားမစွဲဘဲ ရက်အကန့်အသတ်မရှိ ဖမ်းဆီး ထိန်းသိမ်းထားတာမျိုးပါ။ စစ်အစိုးရက ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းကို ဇူလိုင်လကုန် မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်မယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။ရွေးကောက်ပွဲကော်မရှင်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် အစီအစဉ်တွေကို ပြင်ဆင်ထားနှင့်ပြီလို့ ဆိုပါတယ်။ ကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ မဟုတ်မဟတ် ဖော်ပြတဲ့သူတွေကို အပြစ်ပေး အရေးယူဖို့လည်း လိုလားနေပါတယ်။ အခု လောလောဆယ်ဆယ်ကို ဗိုလ်ချုပ်ကြီးတစ်ဦးက ဗိုလ်လောင်းတွေကို ပြောကြားရာမှာ လူတွေမှန်ကန်တဲ့ ရလဒ်ထွက်ပေါ်လာအောင် မဲပေးရေးကို ကူညီဖို့ မဲရုံတွေဆီပို့မယ်လို့ ဆိုထားပါတယ်။ ထင်မြင်ချက် စစ်တမ်းအနည်းငယ်ကတော့ ထိုင်းနိုင်ငံသားတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသစ်ကို ငြင်းပယ်ကြလိမ့်မယ်လို့ ညွှန်ပြနေပါတယ်။ရွေးကောက်တင်မြှောက်ခံ အစိုးရအဖွဲ့ဆီ ပြန်သွားမယ့် စစ်အစိုးရရဲ့အချိန်ဇယားဟာ အလုပ်မဖြစ်နိုင်တဲ့ အလားအလာကို ပြနေပေမယ့် ပရာယွတ်ကတော့ ဘာပဲဖြစ်ဖြစ် ၂၀၁၇ ခုနှစ်အတွင်းမှာတော့ အထွေထွေရွေးကောက်ပွဲကို ကျင်းပမယ်လို့ အခိုင်အမာဆိုထားပါတယ်။ ထိုင်းနိုင်ငံရဲ့ အတိတ်ကာလထဲကနေ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပြန်လည်ရှင်သန်လာဖို့ ပရာယွတ်က ကြိုးပမ်းနေပုံရပါတယ်။ သူ့ဘာသာ ဖန်တီးထားတဲ့ ရွေးကောက်ပွဲစနစ်တစ်ရပ် ထည့်သွင်းဖို့လည်း ကြိုးပမ်းနေပုံရပါတယ်။ နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့ကို ဦးဆောင်တဲ့ ဥပဒေပညာရှင်တစ်ဦးဖြစ်တဲ့ မီးချိုင်းရူချူဖန်က သူ့အဖွဲ့က ရေးဆွဲထားတာကို ထိုင်းနိုင်ငံသားတွေ ဆန့်ကျင်ပြီး မဲပေးခဲ့ကြမယ်ဆိုရင် ထိုင်းနိုင်ငံသားတွေ ပိုပြီးတော့တောင်မကြိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပဲရလိမ့်မယ်လို့ သတိပေးထားပါတယ်။










