လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် နိုင်ငံတွင် ဒီမိုကရေစီအခွင့်အလမ်းနှင့် နိုင်ငံသားများ၏

လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် နိုင်ငံတွင် ဒီမိုကရေစီအခွင့်အလမ်းနှင့် နိုင်ငံသားများ၏
Published 1 February 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် နိုင်ငံတွင် ဒီမိုကရေစီအခွင့်အလမ်းနှင့် နိုင်ငံသားများ၏ အခြေခံ လူ့အခွင့်အရေးများ ပိုမိုရရှိရန် ကြိုးပမ်းအားထုတ်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ဦးဝင်းမြင့် ကတိပြု    လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အခွင့်အလမ်းနှင့် နိုင်ငံသားများ၏ အခြေခံ လူ့အခွင့်အရေးများ ပိုမိုရရှိရန် ကြိုးပမ်းအားထုတ်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ဦးဝင်းမြင့်က ကတိပြုပြောကြားသည်။
နေပြည်တော်တွင် ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မဲဆန္ဒနယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်သည် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီး နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း ကတိပြုခဲ့ခြင်း ဖြစ်သည်။
လွှတ်တော် အစည်းအဝေးကြီးကို ခေါ်ယူပေးသည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ သွားလာရေး အပါအဝင် အစစအရာရာ အဆင်ပြေရန် ကြိုတင် ဆောင်ရွက်ပေးသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ဥက္ကဋ္ဌသစ် ဦးဝင်းမြင့်က ပြောကြားသည်။
 “ ဒီနေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာ နေ့တစ်နေ့ဖြစ်ပါတယ်။ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ဒုတိယအကြိမ် လွှတ်တော်ကြီး ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ပြည်သူများ လိုလားမျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံသူ၊ နိုင်ငံသားများက ၎င်းတို့ကိုယ်စား လုပ်ပိုင်ခွင့် လွှဲအပ်ခြင်းခံရတဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။
ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည့်အတွက် အပြောအဆို၊ အပြုအမူ၊ အနေအထိုင်များသည် အလွန်အရေးကြီးကြောင်း၊ တွေးခေါ်ကြံဆ လုပ်ကိုင်ဆောင်ရွက်မှုသည်လည်း ဒီမိုကရေစီ ကျင့်စဉ်များ၊ လူ့အခွင့်အရေး စံနှုန်းများကို ခံစား၊ စံစားလိုကြသည့် နိုင်ငံသူ၊ နိုင်ငံသားများအတွက် စံနမူနာကောင်းများ ဖြစ်စေချင်ကြောင်းနှင့် တစ်ဦးနှင့်တစ်ဦး သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန် လေးစားခြင်း၊ နားလည်မှုရှိခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကို သယ်ပိုးစေလိုကြောင်း ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စားလှယ်များအား မှာကြားသည်။
“တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ကြည်စွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ ရှင်သန်ခိုင်မာဖို့နဲ့ လူ့အခွင့်အရေးများ မြှင့်တင်နိုင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ စသည်တို့ကို အတူတကွ လက်တွဲ ပူးပေါင်း အကောင်အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကိုယ်ကျိုးစီးပွားထက် အမျိုးသား အကျိုးစီးပွားကို ဦးစားပေးကာ မိမိတို့ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် မိမိတို့ရဲ့ဂုဏ်သိက္ခာကို မြင့်မားစေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်ကို ဖွင့်ခွင့်ရကြသူများပီပီ လွှတ်တော်ကြီး၏ ဂုဏ်ဒြပ်ပိုမိုမြင့်မားပြီး တင့်တယ်လာအောင် စွမ်းကြစေလိုပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် အာဏာကြီးသုံးရပ်အနက် လွှတ်တော်၏ အဓိကတာဝန်သည် ဥပဒေပြုရေးဖြစ်ပြီး ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူ မဖြစ်စေရဆိုသည့် ဆိုရိုးစကားနှင့်အညီ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့ကို လေ့လာဖတ်ရှုပြီး လေးစားလိုက်နာခြင်းဖြင့် ကိုယ်စားလှယ်များ၏ ဂုဏ်သရေကို ပြသစေလိုကြောင်း ဦးဝင်းမြင့်က ဆိုသည်။
ထို့အပြင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အနေဖြင့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ကြေညာချက်များသည် ဒီမိုကရေစီကျင့်စဉ်နှင့် ညီ၊ မညီ၊ လူ့အခွင့်အရေး စံညွှန်းများနှင့် ကိုက်၊မကိုက်၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် ဆီလျော်မှု ရှိ၊မရှိ၊ နိုင်ငံတကာ စာချုပ်စာတမ်းများနှင့် အကျုံဝင်၊ မဝင်၊ ပြည်သူလူထုအတွက် အကျိုး ရှိ၊မရှိ ပြည်သူလူထု၏ ဘဝလုံခြုံရေးနှင့် စိတ်လုံခြုံရေးကို အကာအကွယ်ပေး၊ မပေးတို့ကို လေ့လာစိစစ်ပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်ဟု ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။
၎င်းက“ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို လွှတ်တော်ကိုယ်စားလှယ်များက ကျွန်တော့်အား ပေးအပ်လိုက်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာဖြင့် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီတာဝန်ကြီးကို ကျွန်တော့်အနေဖြင့်လည်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဂတိတရားကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ အခွင့်အလမ်းများ ပွင့်လန်းလာစေရန် နိုင်ငံသားများရဲ့ အခြေခံ လူ့အခွင့်အရေးများ ပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်း အားထုတ်မည်ဖြစ်ပါကြောင်း လေးနက်တည်ကြည်စွာ ကတိပြုရင်း နိဂုံး ချုပ်အပ်ပါတယ်”ဟု ကတိပြုပြောကြားသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး နှစ်ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီအချိန်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တာမွေမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပြီး၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ ဖြစ်သည်။
NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ၄၇၅ ဦးနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိခဲ့သည်။
ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့်  ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်စလုံးတွင် ရွေးချယ်တင်မြှောက်ရမည့် ဒုတိယသမ္မတနှစ်ဦးကို ရွေးချယ်တင်မြှောက်ခွင့် ရရှိထားပြီ ဖြစ်သည်။ ထို့ပြင် သမ္မတ ရွေးချယ်တင်မြှောက်ရာတွင် လိုအပ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၃ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး၊  စုစုပေါင်း ၆၅၇ ဦး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြစ်သည့် ၃၂၉ နေရာကိုလည်း ကျော်လွန်စွာ ရရှိထားပြီဖြစ်သဖြင့် အစိုးရတစ်ရပ် ဖွဲ့စည်းခွင့် ရရှိထားသည်။

Most Read

Most Recent