အစုရှယ်ယာဈေးနှုန်း မြင့်တက်မှု၊ ငွေမည်း ခဝါချနိုင်သည့် ပြဿနာ၊ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများနှင့် လည်ပတ်တော့မည့် ရန်ကုန် စတော့အိတ်ချိန်း

အစုရှယ်ယာဈေးနှုန်း မြင့်တက်မှု၊ ငွေမည်း ခဝါချနိုင်သည့် ပြဿနာ၊ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများနှင့် လည်ပတ်တော့မည့် ရန်ကုန် စတော့အိတ်ချိန်း
Published 1 February 2016
ဖြိုးဝေ

၂၀၁၆ ခုနှစ် မတ်လခန့်တွင် အစုရှယ်ယာများ စတင်ရောင်းချတော့မည့် ရန်ကုန် စတော့အိတ်ချိန်းသည် ငွေမည်းခဝါချမှု ပြဿနာနှင့်အတူ အမေရိကန်နိုင်ငံမှ စီးပွားရေး ပိတ်ဆို့မှုဒဏ် ခံနေရသည့် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းအထိ ပါဝင်နေမှုကြောင့် အလိုအလျောက်ပင် ရန်ကုန် စတော့အိတ်ချိန်းသည် အမေရိကန်နိုင်ငံ၏ Sanction Blacklist စာရင်းတွင် ပါဝင်ခဲ့ပြီဖြစ်သည်။အဆိုပါ အခြေအနေများသည် မကြာမီစတင်တော့မည့် ရန်ကုန်စတော့အိတ်ချိန်းအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်သည်ဟု ဝေဖန်မှုများလည်း ရှိလာခဲ့သည်။အစုရှယ်ယာဈေးနှုန်း မြင့်တက်မှု ရန်ကုန်စတော့ အိတ်ချိန်းအတွက် အရွေးချယ်ခံထားရသည့် ကုမ္ပဏီများအား လိုင်စင်ထုတ်ပေးခြင်း မရှိသေးချိန်တွင် ရှယ်ယာဈေးနှုန်းများ မြင့်တက်လာမှုနှင့် အဆိုပါ ကုမ္ပဏီများမှာ စတော့အိတ်ချိန်း စာရင်းဝင် အဖြစ်မှ အချိန်မရွေး နုတ်ထွက်သွားနိုင်သဖြင့် အစုရှယ်ယာ ဝယ်ယူထားသူများ ထိခိုက်နိုင်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသိန်းက ပြောကြားသည်။ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာ စတင်ရောင်းချမည့် ကုမ္ပဏီများအဖြစ် First Myanmar Investment, First Private Bank (ပထမ ပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank, Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co., Myanmar Agribusiness Public Corporation (MAPCO) တို့ကို ရွေးချယ်ခဲ့သည်။အဆိုပါ ကုမ္ပဏီများအနက် ပထမပုဂ္ဂလိက ဘဏ်သည် အစုရှယ်ယာ တစ်စု၏ တန်ဖိုးမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၂၀၉၇၀ ရှိသည်ဟု ခန့်မှန်းထားပြီး အဆိုပါ တွက်ချက်မှုမှာ ဘဏ်ပိုင်မြေနှင့် အဆောက်အအုံများ၏ အသားတင် တိုးလာသည့် ကာလတန်ဖိုးများကို ထည့်တွက်မည် ဆိုပါက လက်ရှိ အစုရှယ်ယာ တန်ဖိုး၏ သုံးဆခန့် တန်ဖိုးရှိနေသည်ဟု ပထမပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ၂၄ ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ပြောကြားထားသည်။လက်ရှိအချိန်တွင် Myanmar Thilawa SEZ Holdings Public ကုမ္ပဏီ၏ အစုရှယ်ယာများမှာ ရန်ကုန်စတော့အိတ်ချိန်းတွင် အရွေးချယ် မခံရမီက ကျပ် ၁၀၀၀၀ ဖြင့် ရောင်းချထားသည့် ရှယ်ယာများမှာ ကျပ် ၄၀၀၀၀ ကျော်အထိ ဈေးကွက်ပေါက်ဈေး ဖြစ်ပေါ်နေပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် အရွေးချယ်ခံရပြီးနောက် လက်ရှိတွင် ရှယ်ယာတစ်စုလျှင် ကျပ် ၈၀၀၀၀ ကျော်အထိ ဈေးကွက်ပေါက်ဈေး ဖြစ်လာနေသည်။ထို့ပြင် First Myanmar Investment ၏ အစုရှယ်ယာများသည်လည်း ယမန်နှစ် ဇန်နဝါရီတွင် ရှယ်ယာတစ်စုလျှင် ကျပ် ၁၂၀၀၀ ခန့်သာ ဖြစ်ပေါ်နေရာမှာ ရှယ်ယာတစ်စုလျှင် တစ်နှစ်ခန့် အချိန်အတွင်း သုံးဆခန့် တန်ဖိုးမြင့်တက်လာနေပြီး ယခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၃၅၀၀၀ အထိ ဖြစ်ပေါ်လာနေသည်။ထိုသို့ ဈေးများ မြင့်တက်နေခြင်းမှာ မည်သည့် အကြောင်းကြောင့် မြင့်တက်နေရသည်ကို မည်သူမျှ မသိရှိဘဲ ဖြစ်နေကြောင်းနှင့် ထိုသို့ မြင့်တက်နေမှုများသည် စတော့အိတ်ချိန်းတွင် အမှန်တကယ်သာ ရှယ်ယာများ ရောင်းချတော့မည် ဆိုပါက မည်သည့်ဈေးနှုန်းဖြင့် သတ်မှတ်ရောင်းချမည်ကိုလည်း သိရှိမှု မရှိသေးကြောင်းနှင့် ငွေကြေးခဝါချမှုများ၊ ဈေးကွက် လက်ဝါးကြီးအုပ်မှုများ စသည့် အခြေအနေများစွာ ကျန်ရှိနေသည်ဟု စတော့အိတ်ချိန်းအကြောင်း ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။“စတော့အိတ်ချိန်းကို ကြီးကြပ်မယ့် SECM (မြန်မာ့ငွေချေးသက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ကြီးကြပ်မှု ကော်မရှင်) ပေါ့ အရေးအကြီးဆုံးပဲ။ စတော့အိတ်ချိန်းကတော့ ဂျပန်က လုပ်ပေးတဲ့အတွက် အရည်အသွေးက ပြောစရာလိုမှာ မဟုတ်ဘူး။ Security ကုမ္ပဏီ ၁၀ ခုလောက် ပေးထားတယ်။ ရှယ်ယာရောင်းမယ့် ကုမ္ပဏီက ခြောက်ခုပဲ ပေးထားတယ်။ ဒီခြောက်ခုကို ဝိုင်းလုကြမှာလား။ မြန်မာနိုင်ငံမှာက ရှယ်ယာတွေ ထုတ်ရောင်းနေတယ်။ ဒီရှယ်ယာတွေ ရောင်းတာတွေက တရားမဝင်ဘူး။ ဒီလို ထုတ်ရောင်းနေတာ အတွက်လည်း SECM က အရေးမယူဘူး။ သူတို့ ကိုယ်တိုင်က အားနည်းနေတယ်။ အများပိုင် ကုမ္ပဏီတွေက ဘာစာရင်းမှ မရှိဘူး။ စာရင်းအချက်အလက်တွေရှိဖို့ ဥပဒေအရ ထုတ်ပြဖို့လိုတယ်။ ရှယ်ယာ ဆိုတာက အတက်အကျ ကြမ်းတယ်။ အခု ရွေးခံရတဲ့ ကုမ္ပဏီတွေက EOI မှာ ဝင်လျှောက်ပြီး အရွေးခံရတဲ့ အဆင့်ပဲ ရှိသေးတယ်။ IPO လည်း မလုပ်နိုင်သေးဘူး။ အခြားအဆင့်တွေလည်း အများကြီး ကျန်နေသေးတယ်။ လိုင်စင်ကလည်း မရသေးဘူး။ ဒီကုမ္ပဏီတွေက အချိန်မရွေး နုတ်ထွက်သွားနိုင်တယ်။ ရန်ကုန်စတော့ အိတ်ချိန်းမှာ ပါဝင်ဖို့အတွက် ဘယ်အဆင့်ပဲ ရောက်နေနေ စတော့အိတ်ချိန်းမှာ ပါဝင်ခွင့်ပြုဖို့ ငြင်းပယ်နိုင်တယ်။ ဒီလို ထွက်သွားပြီဆိုရင် ဘာမှ မတတ်နိုင်ဘူး။ ဒီလို မသေချာသေးချိန်မှာ ခင်ဗျားတို့ အနေနဲ့ ရှယ်ယာတွေ ဝယ်ထားဖို့ စဉ်းစားသင့်တယ်။ ဒီအခြေအနေက Very Wrong ပဲ” ဟု ဦးစိုးသိန်းက ဆိုသည်။ထို့သို့ အစုရှယ်ယာဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုသည် လုပ်ငန်းတစ်ခု၏ အစုရှယ်ယာ ဈေးနှုန်းများ မြင့်တက်လာမှု အခြေအနေသည် ပကတိတန်ဖိုးအပေါ် အမှီမပြုဘဲ ကုမ္ပဏီများ၏ ဈေးနှုန်းဆွဲမြှင့်တင်မှု အခြေအနေ ဖြစ်နေနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် ဝင်ရောက်၍ အစုရှယ်ယာများ ရောင်းချလိုသည့် အများပိုင် ကုမ္ပဏီများအတွက် သတ်မှတ်ထားသည့် အနိမ့်ဆုံး စံသတ်မှတ်ချက် ၁၇ ချက်ရှိပြီး အဆိုပါ အချက်များတွင် စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီ၏ အချက်အလက်များကို အမှီပြုကာ ရှယ်ယာများကို လက်ဦးမှုရအောင် ဝယ်ယူခြင်းကို တားဆီးနိုင်စေရန် ကုမ္ပဏီ၏ အတွင်းသတင်း အချက်အလက် သိရှိသူများက စတော့ရှယ်ယာများကို ကြိုတင်ရောင်းဝယ် ဆောင်ရွက်ခြင်း (Insider Trading) ကို ကာကွယ်တားဆီးနိုင်ရန် စနစ်တစ်ရပ် ထူထောင်ထားရှိရမည် ဖြစ်ကြောင်း ကန့်သတ်မှု ပြုလုပ်ထားသည်။“တစ်ဦးချင်း ထိခိုက်အောင် မပြောချင်ပါဘူး။ ဒါပေမဲ့ ရှယ်ယာ တစ်စုရဲ့ တန်ဖိုးဆိုတာ တကယ် ကျွမ်းကျင်သူတွေက တန်ဖိုး ဖြတ်ရတယ်။ ဒီမှာက အဲဒီလို ဖြစ်မနေဘူး။ ဒလန်တွေက အများကြီးပဲ။ ရှယ်ယာတစ်စုက အဆမတန် တန်ဖိုးတက်လာအောင် ဘာလုပ်ငန်းတွေ လုပ်နေလဲဆိုတာ ကြည့်ရမယ်။ မြန်မာနိုင်ငံမှာ အယူအဆ လွဲနေတာ တစ်ခုက စတော့အိတ်ချိန်း ဖွင့်လိုက်ရင် ရှယ်ယာဈေး တက်လာမယ် ဆိုတာကိုက မှားနေတယ်။ ဘာမှ မဆိုင်ဘူး။ ကုမ္ပဏီ တစ်ခုက စတော့အိတ်ချိန်း တင်တင် မတင်တင် သူ့စွမ်းဆောင်နိုင်မှုကောင်းရင် လုပ်ငန်းတန်ဖိုး တက်တာပဲ။ စတော့အိတ်ချိန်း ဝင်ပြီးလည်း သူ့စွမ်းဆောင်နိုင်မှု မကောင်းရင် တန်ဖိုးကျသွားမှာပဲ။ နိုင်ငံတကာမှာဆိုရင် စတော့ရှယ်ယာဈေး တက်တယ် ဆိုတာက ပျမ်းမျှတက်တာကို ပြောတာ။ အခုဆိုရင် ရေနံကုမ္ပဏီတွေရဲ့ ရှယ်ယာတန်ဖိုးတွေ ပြုတ်ကျသွားတာက အများကြီးပဲ။ အခုဟာက လူတွေက ဘာမှနားမလည်ဘဲ ရှယ်ယာဈေးတွေ တက်လာမယ်ထင်ပြီး မျှော်လင့်တကြီးနဲ့ ရှယ်ယာတွေ ဝယ်နေတာက အရမ်းကို အန္တရာယ် ကြီးပါတယ်” ဟု ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။“အစုရှယ်ယာ ဆိုတာက ထုတ်ရောင်းထားတဲ့ ပမာဏ အတွင်းမှာပဲ အရောင်းအဝယ် လုပ်တာဆိုတော့ သူ့အကန့်အသက်က သေးတယ်။ ဝယ်ချင်သူများပြီး ရောင်းချင်သူ နည်းနေရင်တော့ ရှယ်ယာ ဆိုတာက ဈေးတက်တာပဲ။ နောက်ပြီး ကုမ္ပဏီတစ်ခုရဲ့ ထုတ်ကုန်က နိုင်ငံတကာကို ထိုးဖောက်နိုင်တဲ့ ထုတ်ကုန် ထုတ်လုပ်နိုင်ရင် ဈေးတက်တယ်။ နိုင်ငံတကာမှာ ဆိုရင်တော့ စတော့အိတ်ချိန်း စာရင်းဝင်တဲ့ ကုမ္ပဏီတွေက သူ့ရှယ်ယာကိုယ်ဝယ် ကိုယ့်ရှယ်ယာသူဝယ်ပြီး ဈေးတက်အောင် လုပ်ကြတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို လုပ်မလုပ်တော့ ကျွန်တော် မသိဘူး” ဟု မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။ 
■ ငွေမည်း ခဝါချနိုင်သည့် ပြဿနာငွေကြေး ခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့ခြင်းများအား မထိန်းချုပ်နိုင်ပါက ရန်ကုန်စတော့အိတ်ချိန်းသည် ငွေကြေးခဝါချသည့် ဗဟိုဌာနကြီး ဖြစ်လာနိုင်သည်ဟု ဝေဖန်မှုများ ရှိနေသည်။“ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး ဘိန်းချတဲ့ သူပဲလို့ ခင်ဗျားတို့ မြင်တယ်။ မကပါဘူး။ လက်နက်လိုမျိုး အရောင်းအဝယ် လုပ်တာ၊ ဘိန်းရောင်းတာ၊ အခွန်မဆောင်ဘဲ ရှောင်ထားတဲ့ ငွေတွေ၊ ရာဇဝတ်မှုက ရတဲ့ ငွေတွေက ငွေကြေးခဝါချမှုထဲမှာ ပါပါတယ်။ လာဘ်ပေးလာဘ်ယူ လုပ်ထားတဲ့ ငွေတွေက ငွေကြေးခဝါချမှု ဖြစ်တယ်။ အမေရိကန်လို နိုင်ငံမှာနေတဲ့ လူတစ်ယောက်ကို ပထမ တစ်လ ဒေါ်လာ ၁၀၀၀ ပို့တယ်။ ရတယ်။ နောက်တစ်လ ဒေါ်လာ ၁၀၀၀ ထပ်ပို့တယ်။ ရချင်မှ ရတော့မယ်။ သုံးလလောက် ပို့နေပြီ ဆိုတာနဲ့ ဟိုဘက်က လူက သေချာပေါက် အစစ်ခံရပြီ။ ဒီလိုမျိုး အသေးစိတ် လိုက်စစ်ထားတော့ တစ်ခုခုကို အရောင်းအဝယ် လုပ်ပြီဆိုရင် စစ်ဆေးစရာ မလိုဘူး။ ဒီမှာက အရောင်းအဝယ်တစ်ခု လုပ်တော့မယ်ဆိုမှ ငွေဖြူလား ငွေမည်းလား လိုက်စစ်နေတာ မပြီးတော့ဘူး။ စတော့အိတ်ချိန်းမှာ ဒီလို ငွေကြေးခဝါချမှု ဖြစ်လာရင် ဘယ်သူက ထိန်းချုပ်မှာလဲ။ ကျွန်တော်တော့ မကြားမိသေးဘူး။ ဥပမာ ဝယ်သူတစ်ယောက်က ရှယ်ယာတစ်သောင်း ဝယ်မယ်ဆိုပြီး Security ကုမ္ပဏီကို တင်လိုက်တယ်။ အဲဒီ အချိန်မှာ ဒီဝယ်သူကို ငွေမည်းခဝါချတာ  ဟုတ်မဟုတ် ဘယ်သူက လုပ်မှာလဲ။ Security ကုမ္ပဏီက လုပ်မှာလား။ ရန်ကုန် စတော့အိတ်ချိန်းက လုပ်မှာလား။ အခု အခြေအနေအရဆိုရင် Security ကုမ္ပဏီက လုပ်ရမယ်။ သူတို့ အနေနဲ့လည်း ဒီလိုလုပ်ဖို့ အခက်အခဲတွေ လူသားအရင်းအမြစ်တွေ အများကြီး ရှိတယ်။ ဝယ်သူတစ်ယောက်က ရှယ်ယာဝယ်မယ်ဆိုပြီး တင်လာမှ ငွေဖြူလား ငွေမည်းလား စစ်နေရင်လည်း အရောင်းအဝယ်က ဖြစ်တော့မှာ မဟုတ်ဘူး။ လွှတ်ပေးလိုက်လို့ ရှိရင်လည်း စတော့အိတ်ချိန်းက ငွေကြေးခဝါချတဲ့ ဗဟိုဌာနကြီး ဖြစ်လာလိမ့်မယ်” ဟု မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ပေါ်ပေါက်ရန် စတင် လုပ်ဆောင်သူများတွင် ပါဝင်ခဲ့သည့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) က ပြောကြားသည်။အဆိုပါ အခြေအနေအတွက် ရန်ကုန် စတော့အိတ်ချိန်းအား ကြီးကြပ်မည့် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ ဒေါက်တာမောင်မောင်သိမ်းကမူ မြန်မာနိုင်ငံရှိ လုပ်ငန်းအများစုတွင် ငွေမည်းခဝါချမှု ပြုလုပ်နိုင်ကြောင်းနှင့် ရန်ကုန်စတော့အိတ်ချိန်းတွင် ငွေမည်းခဝါချမှု ပြုလုပ်မည်ဟု ပြောဆိုနေခြင်းမှာ ရန်ကုန်စတော့အိတ်ချိန်းကို ထိုးနှက်ခြင်းသာဖြစ်ကြောင်း မီဒီယာများသို့ တုံ့ပြန် ပြောကြားထားသည်။ လက်ရှိ သုံးသပ်နေမှုများအတွက် ဒေါက်တာမောင်မောင်သိမ်း၊ ရန်ကုန်စတော့အိတ်ချိန်းမှ တာဝန်ရှိသူများနှင့် Myanmar Thilawa SEZ Holdings public ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်တို့အား ဆက်သွယ် မေးမြန်းသော်လည်း တုံ့ပြန်ပြောဆိုမှု မရှိခဲ့ချေ။“သူပြောသွားတာက အရမ်း ပေါ့ပေါ့ဆဆ ပြောသလို ဖြစ်နေတယ်။ ငွေသိန်း ၁၀၀ ကျော်မှ စိစစ်မယ် ဆိုတော့ ဥပမာ သိန်း ၉၀ ဖိုးဝယ်ပြီး အခွန်ဆောင်လိုက်မယ်။ ဒါဆိုရင် ဒီငွေတွေက အစုရှယ်ယာဝယ်ပြီး အခွန်ဆောင်တဲ့ ငွေဖြူဖြစ်သွားပြီ။ ဒီလိုမျိုး ဆက်တိုက်လုပ်နေရင် ဒါက ဘယ်သူမှ စစ်ဆေးမှု မရှိတဲ့ ငွေမည်းကို ငွေဖြူဖြစ်အောင် ခဝါချတာ ဖြစ်သွားပြီ” ဟု ဦးစိုးသိန်းက ဆိုသည်။ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ်
ထို့ပြင် ရန်ကုန်စတော့အိတ်ချိန်းသည် စည်းမျဉ်းစည်းကမ်းများ တည်ငြိမ်မှု မရှိသေးခြင်း၊ ငွေကြေး ဈေးကစားသူများ ဈေးကစားမည့် အခြေအနေကို စိုးရိမ်နေရခြင်းနှင့် ကြီးကြပ်မည့်သူများသည် အစိုးရလူများသာ ဖြစ်နေခြင်း စသည့် အချက်များ ရန်ကုန်စတော့အိတ်ချိန်းအတွက် စိန်ခေါ်မှုများ ဖြစ်လာနေပြီး ကျွမ်းကျင်ပညာရှင်နှင့် လုပ်သားရှားပါးမှု၊ စတော့အိတ်ချိန်းတွင် ပါဝင်မည့် ကုမ္ပဏီများအား မည်သို့သော အချက်များဖြင့် ရွေးချယ်ခဲ့သည်ဆိုသည့် အချက်များကို ပြည်သူများ မသိရှိသေးမှု စသည့်အချက်များအပြင် အခြားသော စိန်ခေါ်မှုများစွာ ရှိနေသည်ဟု ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။“ငွေဖြူငွေမည်း ပြဿနာက ကျွန်တော်တို့နိုင်ငံက မလွတ်သေးဘူး။ ကျွန်တော်တို့ အနေနဲ့ အခု ရှယ်ယာတွေ ရောင်းမယ်ဆိုရင် ဒီလိုမျိုး ငွေကြေး ခဝါချတာလား၊ ရှယ်ယာတွေကို ထိန်းချုပ်ချင်တာလား အသေအချာ စိစစ်လို့ ရတယ်။ ဒီလို ငွေကြေးတွေကို ဈေးကစားနိုင်သူတွေကလည်း မြန်မာနိုင်ငံမှာ သိပ်မရှိဘူး။ လူနည်းစုပဲ ရှိတယ်။ ဒီလိုလူတွေက စတော့အိတ်ချိန်းမှာဆိုရင် အတားအဆီးမရှိ ဝယ်နိုင်သွားမယ်။ ကျွန်တော်တို့ စိစစ်လို့ မရတော့ဘူး။ ဒီအခြေအနေက စိုးရိမ်စရာ ဖြစ်နေတယ်” ဟု ပထမပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ပြောကြားသည်။ 
■ အမေရိကန်၏ Sanction Blacklist နှင့် လည်ပတ်တော့မည့် ရန်ကုန် စတော့အိတ်ချိန်းရန်ကုန် စတော့အိတ်ချိန်းကို ဂျပန်-မြန်မာ ဖက်စပ်တည်ထောင်ခဲ့ပြီး ရန်ကုန် စတော့အိတ်ချိန်း ဖက်စပ် ကုမ္ပဏီလီမိတက် (YSX) သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က မှတ်ပုံတင်ဖွဲ့စည်းခဲ့ကာ ခွင့်ပြုမတည် ရင်းနှီးငွေမှာ ကျပ်ဘီလျံ ၁၀၀ နှင့် ထည့်ဝင်ရင်းနှီးငွေမှာ ကျပ် ၃၂ ဘီလျံ ဖြစ်ကြောင်း သိရသည်။ရန်ကုန် စတော့အိတ်ချိန်းကို မြန်မာနိုင်ငံဘက်မှ မြန်မာ့စီးပွားရေးဘဏ်က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Daiwa Institute of Research နှင့် Japan Exchange Group တို့မှ ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။မြန်မာနိုင်ငံရှိ ငွေကြေးအဖွဲ့အစည်းများအနက် အမေရိကန်နိုင်ငံ၏ Sanction Blacklist စာရင်းဝင်သည့် လုပ်ငန်းများမှာ နိုင်ငံပိုင် ဘဏ်များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ တပ်မတော်နှင့် ဆက်နွှယ်နေသည့် အင်းဝဘဏ်၊ မြဝတီဘဏ်နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ဘဏ်များတွင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာဝတီဘဏ်တို့ဖြစ်သည်။ ထိုသို့ အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုအောက်တွင် ရောက်ရှိနေသည့် မြန်မာ့စီးပွားရေးဘဏ်၏ ရန်ကုန်စတော့အိတ်ချိန်းတွင် ၅၁ ရာခိုင်နှုန်း ပါဝင်နေသည့် အခြေအနေကြောင့် ရန်ကုန်စတော့အိတ်ချိန်းသည် အမေရိကန်နိုင်ငံ၏ Sanction Blacklist စာရင်းတွင် အလိုအလျောက် ပိတ်မိသွားခဲ့ခြင်းဖြစ်သည်။“လောလောဆယ်တော့ ပြဿနာ မရှိနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ အခု လုပ်နေတာက ပြည်တွင်းမှာပဲ ဖြစ်နေတယ်။ နောက်ပြီး အမေရိကန်က စီးပွားရေး ပိတ်ဆို့ထားတယ် ဆိုပေမဲ့ Article 19 အရဆိုရင် အမေရိကန် နိုင်ငံသားတွေပဲ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်တာ။ စီးပွားရေး လုပ်ငန်းတွေက လုပ်လို့ရတယ်။ နောက်ပြီး ရန်ကုန်စတော့အိတ်ချိန်းက ပြည်တွင်းမှာပဲ အလုပ်လုပ် နေဦးမှာပဲ။ အဲဒီအတွက် အနည်းဆုံး အချိန်နှစ်နှစ်လောက် ယူပြီး လည်ပတ်ရဦးမယ်။ အခုအချိန်မှာ တိုင်းပြည်ကလည်း နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်လာနေပြီဆိုတော့ ကျွန်တော် ထင်ပါတယ်။ အမေရိကန်ရဲ့ Sanction Blacklist စာရင်းဝင်သွားလို့လည်း ရန်ကုန် စတော့အိတ်ချိန်းက ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။ Sanction Blacklist ကလည်း လွတ်သွားနိုင်ပါတယ်” ဟု ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent