မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အကြား G to G ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ မြန်မာ့ဆန်တန်ချိန် နှစ်သောင်း အင်ဒိုနီးရှားသို့ သုံးလအတွင်း တင်ပို့မည်

မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အကြား G to G ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ မြန်မာ့ဆန်တန်ချိန် နှစ်သောင်း အင်ဒိုနီးရှားသို့ သုံးလအတွင်း တင်ပို့မည်
Published 31 January 2016
နီလာ

မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့အကြား G to G ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ မြန်မာ့ဆန်တန်ချိန် နှစ်သောင်းကို အင်ဒိုနီးရှားနိုင်ငံသို့ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လသုံးလအတွင်း တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ရရှိသော သတင်းများအရ သိရသည်။“အင်ဒိုနီးရှားရဲ့ ကြိုတင်ပြင်ဆင်မှုက ၂၀၁၃ ခုနှစ်မှာ ထိုးခဲ့တဲ့ အစိုးရနဲ့ G to G ထိုးထားတဲ့ စာချုပ်ကို ပြန်လည်အသက်သွင်းပြီးတော့ ကျွန်တော်တို့ဆီက ဆန်ပြန်ဝယ်တယ်။ ဒီစာချုပ်က ခုမှထိုးတာ မဟုတ်ဘူး။ အင်ဒိုနီးရှားနဲ့ မြန်မာတို့ G to G ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာ (MoU) က ၂၀၁၃ ခုနှစ်ကတည်းက ရေးထိုးထားတာပါ။ အဲဒီ MoU အရ ဆန်တန်ချိန် နှစ်သောင်းကို ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လ သုံးလအတွင်း တင်ပို့သွားပါမယ်။ တင်ပို့မယ့် အမျိုးအစားက well-milled ဧည့်မထ ၁၅ မှတ်ဆန် ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။မြန်မာနိုင်ငံမှ ဆန်ကို ပြည်ပတင်ပို့ရာတွင် မူဆယ်နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့လည်းကောင်း၊ မူဆယ်နယ်စပ် အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ မှလည်း အိမ်နီးချင်းနိုင်ငံများသို့ ကုန်သွယ်မှု ပြုလုပ်နေသည်။ ပင်လယ်ရေကြောင်းမှ တစ်ဆင့် ဒေသတွင်း နိုင်ငံများအပြင် အီးယူနိုင်ငံများသို့ပါ တင်ပို့နေကြောင်း၊ ယင်းသို့ တင်ပို့ရာတွင် ယခုနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ပထမပတ်အထိ ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ကိုးသိန်းနီးပါး တင်ပို့ခဲ့မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၂၁ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။မြန်မာ့ဆန်ကို ပြည်ပဈေးကွက်သစ်များ တိုးချဲ့ တင်ပို့နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည့်နည်းတူ တန်ချိန်လည်း တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း ၂၀၁၅ ခုနှစ် မိုးရာသီက ရေကြီးရေလျှံမှုများကြောင့် လယ်ဧက သိန်းနှင့်ချီကာ ထိခိုက်ပျက်စီးခဲ့သဖြင့် ယခုနှစ် ပြည်ပဆန်တင်ပို့မှု လျော့ကျနိုင်ကြောင်းလည်း သိရသည်။ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၉၁၀၈၇ တင်ပို့မှုမှ ဒေါ်လာ ၃၀၈ သန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၃၄၂၆၅ တင်ပို့မှုမှ ဒေါ်လာ ၅၂၈ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၀၆၆၄၁၄ ခန့်တင်ပို့မှုမှ ဒေါ်လာသန်း ၃၈၀ ကျော်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၆၅၀၀၀ တင်ပို့မှုမှ ရငွေဒေါ်လာ ၅၀၇ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။          

Most Read

Most Recent