ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်သည့် အစုအဖွဲ့မှ ၁၆ ဦး၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ ၁၆ ဦး စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းထားရာ လက်ရှိအစိုးရ လက်ထက်အတွင်း UPDJC ၏ နောက်ဆုံးအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် နိုင်ငံတော်ကို တည်ဆောက်သွားနိုင်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ ချမှတ်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် UPDJC ကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး UPDJC မှ ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အခြေခံ၍ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်ထိ နေပြည်တော်၌ ကျင်းပခဲ့သည်။UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “UPDJC အစည်းအဝေးကို ရှေ့လမှာ ကျွန်တော်တို့ ၂၀ ရက်လောက် လုပ်ဖို့ စီစဉ်ထားတယ်။ ၂၀ ရက် ဆိုတာက UPDJC ရဲ့ နောက်ဆုံး အစည်းအဝေး ဖြစ်မှာပေါ့။ အစိုးရသစ်ကို လွှဲရတော့မှာလေ။ နောက် အစိုးရက သူဆက်လုပ်ဖို့ပေါ့။ UPDJC က ရှိနေမယ်။ ဆိုတာက အပစ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးထားတာက တိုင်းပြည်အနေနဲ့ လက်မှတ်ထိုးထားတာ။ လွှတ်တော်မှာလည်း ဆုံးဖြတ်ထားတာ။ ငြိမ်းချမ်းရေးကိုတော့ဖြင့် အစိုးရသစ်က ဆက်လုပ်မှာ။ ဒါပေမဲ့ UPDJC ရဲ့ ဖွဲ့စည်းပုံကတော့ ပြောင်းသွားနိုင်တယ်။ ပြောင်းသွားနိုင်တယ် ဆိုတာက လက်ရှိအစိုးရကလည်း ပါလာတော့မှာ မဟုတ်တော့ဘူး။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေလည်း မဟုတ်တော့ဘူး။ အသစ်တွေ ပါလာတော့မှာ။ အထူးသဖြင့်တော့ NLD အစိုးရနဲ့ NLD လွှတ်တော်တွေပဲ အများစု ဖြစ်သွားမှာ။ တပ်မတော်တို့ လက်နက်ကိုင် အင်အားစုတို့ကတော့ ဒီအတိုင်း ရှိနေမှာ။ ပြောင်းလဲနိုင်တာ တစ်ခုက နိုင်ငံရေး ပါတီတွေပဲ။ နိုင်ငံရေး ပါတီတွေမှာတော့ နောက်တက်လာမယ့် အစိုးရက ဘယ်လို အသုံးပြုမလဲ မသိဘူး။ ပုံစံပြောင်းပြီး ဖွဲ့စည်းတာတော့ ဖွဲ့စည်းမှာပေါ့။ လုပ်ငန်းကတော့ ဒီလုပ်ငန်းပါ။ သို့သော် လူတွေနဲ့ ဖွဲ့စည်းပုံတော့ ပြောင်းမှာပေါ့” ဟု ပြောကြားသည်။ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးမှုများ ကျင်းပရန် စီစဉ်ထားကြောင်း၊ ပြည်သူလူထု၏ ဆန္ဒသဘောထားများ ရယူရန် ဆွေးနွေးရန်အတွက် အမျိုးသားအဆင့်ကို တိုင်းနှင့် ပြည်နယ်များတွင် လုပ်ဆောင်ရန် ပြင်ဆင်မှုများ ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။UPDJC အတွင်းရေးမှူး အဖွဲ့ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီ စသည့် အစုအဖွဲ့ ငါးခုမှ ကိုယ်စားလှယ် သုံးဦးစီဖြင့် ဖွဲ့စည်းထားရာ UPDJC အတွင်းရေးမှူးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ဇန်နဝါရီ ၂၃ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မှတ်တမ်းစာအုပ် ထုတ်ရန်ကိစ္စကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိအစိုးရ လက်ထက်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ၏ နောက်ဆုံး အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်၌ ကျင်းပရန် စီစဉ်ထား















