ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့သည့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ဇန်နဝါရီ ၁၉ ရက်က ပြင်ဆင် အတည်ပြုခဲ့သည်။ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းသည့် ဥပဒေကြမ်းတွင် ပြည်ထောင်စု၏ အသုံးစရိတ်တွင် ကျပ် ၂၁၃၇၁ ဘီလျံ လျာထားမှုအပေါ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က အဖွဲ့ ၁၉ ဖွဲ့ဖြင့် စိစစ်ကာ သာမန် အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်း ကျပ် ၆၂၉ ဘီလျံကို ဖြတ်တောက်ခွင့်ပြုခဲ့သည်။အဆိုပါ ပမာဏသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းအတွင်း အများဆုံးနှင့် အတိကျဆုံးနီးပါးဖြစ်အောင် ဖြတ်တောက်ကာ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ယခင်ဘဏ္ဍာနှစ်များတွင် ယခင်အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့သည့် စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်နေရခြင်းကြောင့် ယခုကဲ့သို့ အတိကျဆုံးနီးပါး ဖြတ်တောက်နိုင်ခဲ့ခြင်း မရှိခြင်းဖြစ်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။သို့ရာတွင် ကြွေးမြီများနှင့် ပတ်သက်၍ အသုံးစရိတ်များကို ဖြတ်တောက်ခြင်း မရှိဘဲ ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုခဲ့သည်။ထိုသို့ ဖြတ်တောက်ခွင့်ပြုခဲ့ခြင်းကြောင့် ပြည်ထောင်စု၏ လိုငွေသည်လည်း မူလခန့်မှန်းထားသည်ထက် လျော့နည်းသွားကာ လိုငွေနှင့် ဂျီဒီပီ အချိုးသည်လည်း မူလ ခန့်မှန်းထားသည့် ၄ ဒသမ ၆၆ ရာခိုင်နှုန်းမှ ၄ ဒသမ ၁၆ ရာခိုင်နှုန်းခန့်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။အသုံးစရိတ် ဘတ်ဂျက်ပမာဏ ထိုသို့ ဖြတ်တောက်ခဲ့ခြင်းကြောင့် လာမည့် ဘဏ္ဍာနှစ်တွင် အစိုးရသစ်အတွက် အခက်အခဲတွေ့မည် မဟုတ်ဘဲ ပိုမို အဆင်ပြေစေ၍ လုပ်သာကိုင်သာ ရှိမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။“နောက်တက်လာမယ့် အစိုးရ အနေနဲ့လည်း မလိုအပ်တဲ့ စီမံကိန်းတွေကို ဒုက္ခခံပြီး ဆက်သွယ်သွားစရာ မလိုတော့ဘူး။ လှုပ်လေမြုပ်လေ စီမံကိန်းတွေကို ဆက်လုပ်စရာ မလိုဘူးပေါ့” ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။ပြည်ထောင်စု၏ အရအသုံးများ၊ စီမံကိန်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေကြမ်းများ ဖြစ်သည့်အတွက် လာမည့် လွှတ်တော်တွင် ပြင်ဆင်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့ပေါ့ခြင်းများ ဆောင်ရွက်နိုင်သည် ဖြစ်သောကြောင့် လွှတ်တော် အနေဖြင့် အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး ဖြစ်စေရန် ဆောင်ရွက်ပေးထားကြောင်း စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီမှ ဦးအေးမောက်က ပြောကြားသည်။ပြည်ထောင်စု လွှတ်တော်က ဥပဒေကြမ်းပါ လျာထားသုံးငွေများနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏ အသုံးစရိတ်မှ ကျပ်သန်း ၅၉၁ ဒသမ ၁၊ ဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ ကျပ်သန်း ၁၉၆၀၄ ဒသမ ၄၉၈၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ကျပ်သန်း ၄၅၅ ဒသမ ၈၅၂၊ သမဝါယမ ဝန်ကြီးဌာနမှ ကျပ်သန်း ၁၇၄၅ ဒသမ ၃၁၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကျပ်သန်း ၁၁၁၃၅၀ ဒသမ ၆၈၃၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ကျပ်သန်း ၈၀၀၀၁ ဒသမ ၂၈၅၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ကျပ်သန်း ၅၀၄၇ ဒသမ ၄၈၊ ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ကျပ်သန်း ၁၂၈၅၀၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ကျပ်သန်း ၆၄ ဒသမ ၂၅၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ကျပ်သန်း ၃၁၂၇၆ ဒသမ ၉၉၈၊ အားကစား ဝန်ကြီးဌာနမှ ကျပ်သန်း ၁၃၇ ဒသမ၅၂၉၊ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကျပ်သန်း ၄၇၀၊ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ကျပ်သန်း ၄၁၉၉ ဒသမ ၃၃၉၊ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ကျပ်သန်း ၉၁၉ ဒသမ ၃၇၅၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ကျပ်သန်း ၇၇၉၆၆ ဒသမ ၆၇၅၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ကျပ်သန်း ၂၉၀ ဒသမ ၇၅ ဖြတ်တောက်ရန် လွှတ်တော်က အတည်ပြုခဲ့သည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်း သုံးငွေလျာထားကျပ် သန်း ၁၀၀၀၀ မှ ကျပ်သန်း ၁၂၃၆ ဒသမ ၂၈၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီအတွက် ထောက်ပံ့ငွေ လျာထားကျပ် သန်း ၁၅၆၆၆ ဒသမ ၂၁၄ မှ ကျပ်သန်း ၅၀၀၀ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေလုံးငွေရင်း လျာထားသုံးငွေ ကျပ်သန်း ၁၈၅၆ ဒသမ ၂၀၃ မှ ကျပ်သန်း ၁၇၃ ဒသမ ၂၅၉ ကို ဖြတ်တောက်ရန်လည်း လွှတ်တော်က အတည်ပြုခဲ့သည်။ထို့အတူ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများမှ လျာထားသုံးငွေများမှလည်း စိစစ်ဖြတ်တောက်ခဲ့သည်။ထို့အပြင် စီမံကိန်း ဥပဒေကြမ်းပါ ပြန်ကြားရေး ဝန်ကြီးဌာန အောက်ရှိ ကျပ်သန်း ၂၁၀ ဒသမ ၀၀၀ တောင်းခံထားသည့် ရေကူးအသံလွှင့်စက်ရုံ Over Head Line တည်ဆောက်ခြင်း စီမံကိန်းနှင့် ရေကူး အသံလွှင့်စက်ရုံ အုတ်တံတိုင်းများ ပြန်လည်ပြုပြင်ရန်အတွက် တောင်းခံထားသည့် ကျပ်သန်း ၁၃၈ ဒသမ ၅၀၀၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်တွင် အိန္ဒိယချေးငွေဖြင့် ဆောင်ရွက်သည့် ဆည်မြောင်းဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် မြောက်ယမားလက်ဝဲ တိုးချဲ့ ရေသောက်စနစ် စသည်ဖြင့် ဆည်ရေသောက်စနစ် လုပ်ငန်းတစ်ခုလျှင် အနည်းဆုံး ကျပ်သန်း ၂၀၀၀ ကျော် ကုန်ကျမည်ဟု တင်ပြထားသည့် လုပ်ငန်း ၁၀ ခု၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများနှင့် ယာဉ်များ ဝယ်ယူရန် တင်ပြထားသည့် ကျပ်သန်း ၁၄၀ ဒသမ ၁၇၀ အား ငြင်းပယ်ခြင်း၊ သံဖြူဇရပ်၊ သင်္ကန်းညီနောင် အစရှိသည့် ဒေသများမှ တံတားများအတွက် တောင်းခံထားမှုများကိုလည်း လွှတ်တော်က ငြင်းပယ်ခဲ့သည်။၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ ရငွေတွင် ကျပ်ဘီလျံ ၁၇၄၄၈ ဒသမ ၆၉ ရရှိရန် လျာထားသည်။“စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အသုံးစရိတ် ဘတ်ဂျက် အများစုကို လုံးဝငြင်းပယ်ပြီး ဖြတ်တောက်လိုက်တာ မဟုတ်ဘူး။ အရင်ဆုံး ဒီပမာဏကိုပဲ သုံးလို့ ခွင့်ပြုလိုက်တာ။ ဒီတော့ ဥပဒေအရ တစ်နှစ်မှာ နှစ်ကြိမ် လွှတ်တော်ကို တင်ပြတောင်းခံနိုင်တဲ့အတွက် မလောက်ရင် ထပ်တိုးဘတ်ဂျက် (RE) မှာ ထပ်ပြီး တောင်းခံနိုင်တယ်။ ဒါကြောင့် အစိုးရသစ် အနေနဲ့ ဘယ်လိုမှ အခက်အခဲဖြစ်စရာ မရှိပါဘူး” ဟု ဦးခိုင်မောင်ရည်က ပြောကြားသည်။
ပြည်ထောင်စု အစိုးရအဖွဲ့မှ တင်သွင်းသည့် မူလခန့်မှန်းခြေငွေစာရင်း (BE) အရ ဘဏ္ဍာနှစ်အလိုက် ဖြစ်ပေါ်ခဲ့သော ရငွေ၊ သုံးငွေ၊ လိုငွေများ
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အသုံးစရိတ် ဘတ်ဂျက်ကို ပထမအကြိမ် လွှတ်တော် သက်တမ်းအတွင်း အများဆုံးနှင့် အတိကျဆုံး နီးပါး ဖြတ်တောက်ခဲ့ဟု သိရ















