ပြည်တွင်းသုံးအတွက် လက်ရှိအချိန်၌ သဘာ၀ ဓာတ်ငွေ့သိုက်များမှ တစ်နေ့လျှင် ကုဗပေသန်း ၃၅၀ ကျော်၊ ၃၆၀ ခန့် တင်ပို့အသုံးပြုလျက် ရှိသော်လည်း လာမည့်မတ်လ နောက်ပိုင်းတွင်မူ ယခုထက် ပိုမိုအသုံးပြုသွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။သဘာ၀ ဓာတ်ငွေ့သိုက်များမှ နေ့စဉ် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု အနေဖြင့် ရတနာ သဘာ၀ ဓာတ်ငွေ့စီမံကိန်းမှ တစ်နေ့လျှင် ကုဗပေ သန်း ၈၅၀ မှ သန်း ၉၀၀ ကြား လည်းကောင်း၊ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် ကုဗပေ သန်း ၅၀၀ အထိလည်းကောင်း၊ ဇောတိက သဘာ၀ ဓာတ်ငွေ့စီမံကိန်းမှ တစ်နေ့လျှင် ကုဗပေ သန်း ၃၅၀ မှ ၃၆၀ ကြားနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ကုဗပေ သန်း ၂၅၀ ကျော် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ယင်းတို့အနက် ရတနာ၊ ရဲတံခွန်နှင့် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ လည်းကောင်း၊ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ လည်းကောင်း တင်ပို့ရောင်းချလျက် ရှိသည်။မြန်မာ့ကမ်းလွန်တွင် လက်ရှိ သဘာဝဓာတ်ငွေ့ ထုတ်ယူနေသော သဘာဝဓာတ်ငွေ့ လုပ်ကွက်တစ်ခုဖြစ်သည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအား ၂၀၀၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်ရောင်းချခဲ့ကြောင်း သိရသည်။ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းအား TOTAL ကုမ္ပဏီမှ ရှာဖွေထုတ်ယူနေပြီး စုစုပေါင်း ထွက်ရှိမှုပမာဏ တစ်ရက်လျှင် ကုဗပေ သန်းပေါင်း ၉၁၀ ရှိပြီး ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗပေ ၇၁၁ သန်း တင်ပို့နေပြီး ကုဗပေသန်းပေါင်း ၁၁၉ သန်းကို ပြည်တွင်း သုံးစွဲရန်အတွက် ပေးထားကြောင်း ယင်းလုပ်ကွက်အား ၁၉၈၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၉၈ တွင် စတင်ထုတ်ယူခဲ့ကြောင်း သိရသည်။ ထို့အတူ တနင်္သာရီ ကမ်းလွန်တွင်ရှိသော ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းအား ၁၉၉၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင် ထုတ်ယူခဲ့ကြောင်း ယင်းသဘာ၀ ဓာတ်ငွေ့သိုက်မှ တစ်နေ့လျှင် ကုဗပေသန်းပေါင်း ၃၃၀ တင်ပို့နေကြောင်း၊ ရဲတံခွန်မှ ပြည်တွင်းသုံးစွဲမှုအတွက် ရယူထားခြင်း မတွေ့ရကြောင်း၊ အလားတူ ဇောတိက သဘာဝဓာတ်ငွေ့သိုက်အား ၁၉၉၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ စတင်တင်ပို့ခဲ့ကြောင်း၊ ယင်းသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထုတ်လုပ်မှု ကုဗပေသန်းပေါင်း ၃၅၃ သန်း ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ ကုဗပေ ၂၇၉ သန်း တင်ပို့နေပြီး ပြည်တွင်းသုံးအတွက် ကုဗပေ ၆၄ သန်း ရရှိထားကြောင်း ၂၀၁၄ ခုနှစ်အတွင်းက ကျင်းပခဲ့သည့် စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။
ပြည်တွင်းသုံးအတွက် လက်ရှိတွင် သဘာ၀ ဓာတ်ငွေ့သိုက်များမှ တစ်နေ့လျှင် ကုဗပေသန်း ၃၆၀ ခန့် တင်ပို့လျက် ရှိသော်လည်း လာမည့်မတ်လနောက်ပိုင်း ယခုထက် ပိုမိုအသုံးပြုမည်










