မင်္ဂလာဈေးရှိ ဆိုင်ခန်းအချို့ မြန်မာ့အာမခံ လုပ်ငန်း၌ မီးအာမခံ ထားရှိမှုပြုလုပ်ထားသည်ဟု သိရပြီး ပျက်စီးမှု အခြေအနေနှင့် အာမခံထားရှိသည့် ဆိုင်ခန်းပါဝင်မှု ရှိ မရှိ စစ်ဆေးပြီး လျော်ကြေးပေးလျော်မည်ဟု မြန်မာအာမခံ လုပ်ငန်းမှ သိရသည်။“မင်္ဂလာဈေးမှာရှိတဲ့ ဆိုင်ခန်းတွေထဲမှာ မြန်မာ့အာမခံ လုပ်ငန်းမှာ မီးအာမခံ လာထားထားတာတွေ ရှိတယ်။ ဆိုင်ခန်းအားလုံးတော့ မဟုတ်ဘူးပေါ့။ အခုလို မီးလောင်မှု ဖြစ်ပွားတဲ့အခါ ထိခိုက်ခံရတဲ့ အနေအထားလည်း မတူကြဘူးလေ။ ပြီးတော့ အာမခံထားတဲ့ ဆိုင်ခန်းတွေ ပါ မပါ ဆိုတာကိုလည်း စစ်ရဦးမယ်။ စာရင်းအတိအကျ မရသေးဘူး။ လျော်တာကတော့ မီးအာမခံ လာထားတဲ့ထဲက ပျက်စီးဆုံးရှုံးမှုရှိခဲ့ရင် လျော်ကြေး ပေးလျော်သွားမှာပါ” ဟု မြန်မာ့အာမခံ လုပ်ငန်းမှ မီးအာမခံနှင့် ပတ်သက်၍ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။မင်္ဂလာဈေး မီးစတင်လောင်ကျွမ်းချိန်မှာ ဇန်နဝါရီ ၉ ရက် နံနက် ၁ နာရီ မိနစ် ၂၀ တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၅ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ကာ နံနက် ၇ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။မီးလောင်ကျွမ်းရသည့် အကြောင်းရင်းမှာ ဝိုင်ယာရှော့ခ်ကြောင့် မီးလောင်ခြင်း ဖြစ်သည်ဟု သိရပြီး ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း သုံးသောင်းကျော်ရှိကြောင်း မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။မီးလောင်ကျွမ်းခဲ့သည့် အထပ်များမှာ တတိယထပ်၊ စတုတ္တထပ်နှင့် ပဉ္စမထပ်တို့ဖြစ်ပြီး တတိယထပ်တွင် အခန်းပေါင်း ၇၉၁ ခန်း၊ စတုတ္တထပ်တွင် အခန်းပေါင်း ၇၉၇ ခန်း၊ ပဉ္စမထပ်တွင် စားသောက်ဆိုင်ခန်းပေါင်း ၄၈ ခန်းတို့ မီးလောင်ကျွမ်းခဲ့ပြီး တတိယထပ်နှင့် စတုတ္တထပ်တို့သည် ကုန်မျိုးစုံ၊ အလှကုန်၊ မီးဖိုချောင်သုံးပစ္စည်းနှင့် ဆေးပစ္စည်းများကို ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။မြန်မာ့အာမခံလုပ်ငန်း အနေဖြင့် မီးအာမခံ ဝန်ဆောင်မှုအား လုပ်ဆောင်ရာတွင် အမျိုးအစား လေးမျိုး သတ်မှတ်ထားပြီး အဆောက်အအုံ အမျိုးမျိုးအတွက် မီးအာမခံ၊ ပရိဘောဂပစ္စည်းများအတွက် မီးအာမခံ၊ စက်ရုံအလုပ်ရုံများအတွက် အဆောက်အအုံ မီးအာမခံ၊ စီးပွားရေး လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ ကုန်ချောပစ္စည်းနှင့် စက်ပစ္စည်းများအတွက် မီးအာမခံဟူ၍ ခွဲခြားထားကြောင်း သိရသည်။စီးပွားရေး လုပ်ငန်းများ အနေဖြင့် လုပ်ငန်းတွင် အသုံးပြုမည့် ကုန်ကြမ်းနှင့် ကုန်ချောပစ္စည်းများ၊ စက်ပစ္စည်းများအား အာမခံ ထားရှိလိုပါက အာမခံထားရှိမည့် ကုန်ပစ္စည်း အမျိုးအစားနှင့် သိုလှောင်မည့် ဂိုဒေါင် အဆောက်အအုံပေါ် မူတည်၍ အာမခံကြေး သတ်မှတ်ကြောင်း သိရသည်။မီးအာမခံ ထားရှိရာတွင် အာမခံကြေးများကို တစ်နှစ်လျှင် တစ်ကြိမ် ပေးသွင်းရခြင်း ဖြစ်ကြောင်း သိရသည်။
မင်္ဂလာဈေးရှိ ဆိုင်ခန်းအချို့ မြန်မာ့အာမခံ လုပ်ငန်း၌ မီးအာမခံ ထားရှိမှု ပြုလုပ်ထားသည်ဟု သိရပြီး ပျက်စီးမှု အခြေအနေနှင့် အာမခံထားမှု ရှိ မရှိ စစ်ဆေးပြီး လျော်ကြေးပေးမည်ဟုဆို










