သီလဝါ ဆိပ်ကမ်း၌ ဂျပန်အိုဒီအေ ချေးငွေဖြင့် တည်ဆောက်သည့် ဆိပ်ခံတံတားနှစ်စင်းအား လပေါင်း ၃၀ အတွင်း အပြီးတည်ဆောက်မည်

သီလဝါ ဆိပ်ကမ်း၌ ဂျပန်အိုဒီအေ ချေးငွေဖြင့် တည်ဆောက်သည့် ဆိပ်ခံတံတားနှစ်စင်းအား လပေါင်း ၃၀ အတွင်း အပြီးတည်ဆောက်မည်
Published 10 January 2016
ရွှန်းလဲ့ဝင်း

သီလဝါ ဆိပ်ကမ်း၌ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တည်ဆောက်သည့် ဆိပ်ခံတံတားနှစ်စင်းအား တည်ဆောက်ရေးကာလ လပေါင်း ၃၀ အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။သီလဝါ ဒေသ၌ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မြေကွက် အမှတ် ၂၅ နှင့် ၂၆ တွင် အထွေထွေ ကုန်တင်ဆိပ်ကမ်း တစ်ခုနှင့် ကုန်သေတ္တာတင် ဆိပ်ကမ်းတစ်ခုအား ဂျပန်နိုင်ငံမှ အိုဒီအေ ချေးငွေဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။အဆိုပါ ဆိပ်ခံတံတားများ တည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံမှ Toyo GSE Engi-neering Joint Venture Co Ltd မှ တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် တည်ဆောက်ရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် စတင်တည်ဆောက်နေပြီ ဖြစ်သည်။သီလဝါ ဆိပ်ကမ်း၌ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တည်ဆောက်မည့် ဆိပ်ခံတံတားများအတွက် ဒေသခံများအား တစ်ဧကလျှင် ကျပ် ၆၇ သိန်းနှုန်းဖြင့် မြေဧက ၆၃ ဧကအတွက် လျော်ကြေးငွေ ကျပ် ၄၂၂၁ သိန်း ပေးအပ်ခဲ့ပြီးဖြစ်သည်။“ဇန်နဝါရီ လဆန်းပိုင်းမှ စတင်တည်ဆောက်နေပါပြီ။ တည်ဆောက်ရေးကာလ လပေါင်း ၃၀ အတွင်း အပြီးတည်ဆောက် သွားမှာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားသည်။မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် ဇွန် ၃၀ ရက်က သီလဝါ ဧရိယာတွင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အပိုင်း ၁၊ ၂ တို့အတွက် JICA မှ အိုဒီအေချေးငွေ ယန်းသန်း ၁၄၇၅၀ ပေးအပ်မည့် စာချုပ်အား လက်မှတ် ရေးထိုးခဲ့သည်။ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် လုပ်ငန်းစီမံကိန်း သုံးခုကို အကောင်အထည် ဖော်ရန်အတွက် အတိုးနှုန်း သက်သာသည့် ဂျပန်တရားဝင် ဖွံ့ဖြိုးတိုးတက်မှု အကူအညီ ချေးငွေ စုစုပေါင်း ဂျပန်ယန်း ၂၅ ဒသမ ၈၈၈ ဘီလျံ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၂၁၀) အား ထောက်ပံ့ရန် ချေးငွေစာချုပ်များကို ဇွန်  ၃၀ ရက်တွင် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။သီလဝါ ဆိပ်ကမ်းတွင် တည်ဆောက်မည့် ဆိပ်ခံတံတားများအတွက် တင်ဒါခေါ်ယူခဲ့ရာ ဂျပန်နိုင်ငံမှပင် တင်ဒါအောင်မြင်ခဲ့ပြီး ဂျပန်ကုမ္ပဏီမှ တည်ဆောက်သွားမည် ဖြစ်သည်။    သီလဝါ ဒေသတွင် ဆိပ်ကမ်းများ တည်ဆောက်ရန် မြေကွက်တစ်ကွက်လျှင် မျက်နှာစာအလျား ၂၀၀ မီတာ၊ ကုန်းတွင်းဘက်သို့ ၇၅၀ ကီလိုမီတာ (အကျယ် ၃၇ ဒသမ ၀၆ ဧက) ရှိ မြေကွက် ၃၇ ကွက်အား တိုးချဲ့ဖော်ထုတ်ခဲ့သည်။ယင်းမြေကွက်များအနက်မှ မြေကွက် အမှတ် ၂၅၊ ၂၆ တွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆိပ်ကမ်းနှစ်ခုအား တည်ဆောက်မည် ဖြစ်သည်။

Most Read

Most Recent