SMEs လုပ်ငန်းများ ချေးငွေအာမခံဖြင့် ငွေချေးနိုင်ရန် စီစဉ်ခဲ့သော်လည်း ဘဏ်များမှ ချေးပေးခြင်း မရှိသောကြောင့် ယခုအထိ ချေးငွေအာမခံ ဝယ်ယူသူ မရှိသေး

SMEs လုပ်ငန်းများ ချေးငွေအာမခံဖြင့် ငွေချေးနိုင်ရန် စီစဉ်ခဲ့သော်လည်း ဘဏ်များမှ ချေးပေးခြင်း မရှိသောကြောင့် ယခုအထိ ချေးငွေအာမခံ ဝယ်ယူသူ မရှိသေး
Published 10 January 2016
သက်ထား

အသေးစား အလတ်စား လုပ်ငန်းများ အနေဖြင့် ချေးငွေအာမခံ (Credit Gua- rantee  Insurance) ဖြင့် ချေးငွေချေးနိုင်ရန် ဘဏ္ဍာရေး ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ဘဏ်များမှ ချေးငွေထုတ်ချေးပေးခြင်း မရှိသောကြောင့် ယခုအထိ ချေးငွေအာမခံကို ရောင်းချပေးထားခြင်း မရှိသေးကြောင်း မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်းမှ အပေါင်ပစ္စည်းဖြင့် သော်လည်းကောင်း၊ အပေါင်ပစ္စည်းမဲ့ သော်လည်းကောင်း ချေးငွေချေးယူနိုင်ရန် ချေးငွေအာမခံကို ၂၀၁၄ ခုနှစ်မှစ၍ စတင်ရောင်းချခဲ့ကြောင်း သိရသည်။“ချေးငွေအာမခံက အခုချိန်အထိ တစ်စောင်မှ မရောင်းရသေးပါဘူး။ ဥပမာ SMEs လုပ်ငန်းရှင်က အပေါင်ပစ္စည်းပြပြီး သိန်း ၁၀၀ ချေးမယ်။ အဲဒီမှာဘဏ်က သူလိုချင်တဲ့ ကျပ်သိန်း ၁၀၀ လုံးကို မချေးဘူး။ သိန်း ၃၀ ပဲ ချေးမယ်။ ကျန်တဲ့ သိန်း ၇၀ ကို လိုချင်ရင် CGI ကိုဝယ်ပြီး ချေးလို့ရတယ်။ စချေးတုန်းကတော့ SME လုပ်ငန်းရှင်က ဖိနပ်လုပ်ငန်း လုပ်မယ်ဆိုပြီး ချေးတယ်။ အဲဒီမှာ ဖိနပ်လုပ်ငန်း မလုပ်ဘဲ အခြားလုပ်ငန်း လုပ်နေမယ်ဆိုရင် အာမခံ ပေးထားတဲ့ အပိုင်းကို ပြန်သိမ်းမယ်။ အဲဒီလို ပြန်သိမ်းလိုက်ရင် ဘဏ်တွေက တာဝန်ယူရမှာ ဖြစ်တဲ့အတွက် ဘဏ်ကလည်း မချေးတော့ဘူး” ဟု မြန်မာ့အာခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ချေးငွေအာမခံ ဝယ်ယူလိုသည့် အသေးစား အလတ်စား လုပ်ငန်းရှင်များ အနေဖြင့် မိမိအား ငွေချေးမည့်ဘဏ်နှင့် ကနဦး ညှိနှိုင်းရမည်ဖြစ်ကာ ထို့နောက် ဘဏ်မှတစ်ဆင့် မြန်မာ့အာမခံ လုပ်ငန်းသို့ အဆိုပြုလွှာ တင်သွင်းရမည်ဖြစ်ပြီး ချေးငွေအာမခံ ဝယ်ယူရန်ကိုမူ ဘဏ်နှင့် အာမခံလုပ်ငန်းတို့ကြား စာချုပ်ချုပ်ဆိုမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ချေးငွေအာမခံ (Credit Gua-rantee  Insurance) သည် ယခင်က ဆုံးရှုံးမှု တန်ဖိုးကို အခြေခံ၍ လျော်ကြေးပေးလျော်ရာမှ ချေးငွေပေါ် အခြေခံ၍ လျော်ကြေး ပေးလျော်သည့် မူဝါဒသို့ ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် စတင်ပြောင်းလဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent