အိန္ဒိယနှင့် တရုတ် ကြက်သွန်နီ တင်သွင်းမှု ပိတ်သိမ်းခြင်းနှင့် ကုန်အဝင်နည်းခြင်းကြောင့် ကြက်သွန်ဈေး ပြန်လည်မြင့်တက်

အိန္ဒိယနှင့် တရုတ် ကြက်သွန်နီ တင်သွင်းမှု ပိတ်သိမ်းခြင်းနှင့် ကုန်အဝင်နည်းခြင်းကြောင့် ကြက်သွန်ဈေး ပြန်လည်မြင့်တက်
Published 7 January 2016

အိန္ဒိယနှင့် တရုတ်ဘက်မှ ကြက်သွန် တင်သွင်းမှု ပိတ်သိမ်းလိုက်သည့်အပြင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ပြည်တွင်းကြက်သွန်ကုန် အဝင်နည်းခြင်းကြောင့် သုံးရက်အတွင်း ကြက်သွန်နီဈေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
“ပြီးခဲ့တဲ့လက ကြက်သွန်ဈေးတွေ အ ရမ်းထိုးတက်သွားတာက ကြက်သွန်သစ် ပေါ်တာလည်း နောက်ကျတယ်။ ပွဲစားတွေ ဈေးကစားတာလည်း ပါတယ်။ ဒါကြောင့်  တရုတ်ဘက်က ကြက်သွန်တန် ၈၀၀ ကို တရားဝင် တင်သွင်းခွင့်ပြုရတာပါ။ ဒါပေမဲ့ အခု တရုတ်ကြက်သွန်တွေကို အဝင်ပိတ်လိုက်ပါပြီ။ နောက်ပြီး ကြက်သွန်ဈေးက ပြန်ကျပြီး အခု နှစ်ရက်သုံးရက်အတွင်း ကြက်သွန်ဈေးက ပြန်ပြီးတက်ရိပ်ပြနေပါတယ်”ဟု ကြက်သွန်နီ၊ ဖြူနှင့် စားဖိုဆောင်သီးနှံစိုက် ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။
ပြည်တွင်းကြက်သွန် ဈေးကွက်၌ ကြက်သွန်နီ ဈေးနှုန်းများမှာ ဇန်နဝါရီ  ၂ ရက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမျိုးအစားအလိုက် အနည်းဆုံး ကျပ်  ၅၀၀ မှ  အမြင့်ဆုံး ကျပ် ၁၂၀၀ အထိရှိရာ သုံးရက်အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်အနည်းဆုံး ကျပ် ၆၀၀ မှ အမြင့်ဆုံးကျပ် ၁၄၀၀ အထိမြင့် တက်သွားကြောင်း သိရသည်။
လက်ရှိတွင် ကြက်သွန်နီ ဈေးနှုန်းမှာ RC မြင်းခြံ အမျိုးအစား တစ်ပိဿာလျှင်  အနည်းဆုံး ကျပ် ၆၀၀ မှ အမြင့်ဆုံးကျပ် ၁၂၀၀ ရှိပြီး မြစ်သားကြက်သွန်နီ အမျိုးအစား တစ်ပိဿာလျှင် အနည်းဆုံး ကျပ် ၁၀၀၀ မှ အမြင့်ဆုံး ကျပ် ၁၄၀၀ အထိ ရောင်းဈေး ရှိကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်တွင်းကြက်သွန်နီ ဈေး နှုန်းမှာ အနည်းဆုံး ကျပ် ၃၆၀၀ မှ အမြင့်ဆုံး ကျပ် ၅၀၀၀ အထိ မြင့်တက်မှုရှိခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ကြက်သွန်ပွဲရုံ များမှ သိရသည်။
တရုတ်ကြက်သွန်များကို ပြည်တွင်းဈေးကွက်၌ ပြည်တွင်းစားသုံးသူများ အနေဖြင့် ကြိုက်နှစ်သက်မှုမရှိကြောင်း  ၎င်းက ပြောကြားသည်။

Most Read

Most Recent