တရားမဝင် ထွက်ရှိမှုများ ရှိနေသည့်အတွက် ရွှေနှင့်စိန်အား ပြည်ပသို့ တရားဝင် တင်ပို့ခွင့်ပြုရန် စီးပွား/ကူးသန်းသို့ ပြန်လည်တင်ပြထားကြောင်း သိရ

တရားမဝင် ထွက်ရှိမှုများ ရှိနေသည့်အတွက် ရွှေနှင့်စိန်အား ပြည်ပသို့ တရားဝင် တင်ပို့ခွင့်ပြုရန် စီးပွား/ကူးသန်းသို့ ပြန်လည်တင်ပြထားကြောင်း သိရ
Published 7 January 2016
ချမ်းမြေ့သူ

စီးပွား/ကူးသန်း ဝန်ကြီးဌာနက တင်ပို့ခွင့်ပိတ်ပင်ထားသည့် ကုန်စည်များအနက် ဖြေလျှော့တင်ပို့ခွင့်ပြုနိုင်မည့် ကုန်စည်များကို ရွေးချယ်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ သဘောထားမှတ်ချက် တောင်းခံထားရာ တရားမဝင် ထွက်ရှိမှုများ ရှိနေသည့်အတွက် ရွှေနှင့်စိန်အား ပြည်ပသို့ တရားဝင် တင်ပို့ခွင့်ပြုရန် ပြန်လည်တင်ပြ ထားကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၁၉၉၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက် ရက်စွဲပါ အမိန့်အမှတ် ၁၀/၉၉ အရ ပြည်ပသို့ တင်ပို့ခွင့်မပြုသော ပစ္စည်းများအဖြစ် သတ်မှတ်သည့်အမိန့်ကို ထုတ်ပြန်ခဲ့ရာ အဆိုပါအမိန့်အရ ပုံမှန်ကုန်သွယ်မှုနည်း လမ်းဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့ခွင့်မပြု သည့် ကုန်စည် ၃၁ မျိုးနှင့် နယ်စပ်ဒေသများ မှတင်ပို့ရောင်းချခွင့် မပြုသော ပစ္စည်း ၃၂ မျိုးကို သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ပသို့ တင်ပို့ခွင့်မပြုသော ကုန်ပစ္စည်းများကို ပြောင်းလဲလာသော အခြေအနေအရ ခေတ်နှင့်အညီ လျော်ညီစွာ ပြန်လည်သုံးသပ်၍ အဆင့်ဆင့်ဖြေလျှော့ တင်ပို့ခွင့်ပြုခဲ့ရာ လက်ရှိအခြေအနေတွင် ပြည်ပသို့ တင်ပို့ခွင့် မပြုသော ကုန်ပစ္စည်း ၁၂ မျိုးကျန်ရှိသည့်အတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ သဘောထားမှတ်ချက် တောင်းခံထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ သဘောထားမှတ်ချက် တောင်းခံထားခြင်းအပေါ် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က “တရားဝင် တင်ပို့ခွင့်ပြုဖို့ပြန်ပြီး တင်ပြထားပါတယ်။ တရားဝင်တင်ပို့ခွင့် မပြုထားတဲ့အတွက် နယ်စပ်ကနေ တရားမဝင် ထွက်တာတွေ ရှိနေတယ်။ ပြည်တွင်းမှာ ရွှေဈေးမြင့်ရင် တရုတ်နဲ့ မဲဆောက်ဘက်က ရွှေတွေဝင်လာတယ်။ ပြည်တွင်းမှာ ရွှေဈေးကျနေရင် တရုတ်နဲ့ မဲဆောက်ဘက်ကို တရားမဝင် ပြန်ထွက်သွားတယ်။ အဲဒီလိုတွေ ရှိနေတဲ့အတွက် တရားဝင်ကုန်သွယ်ခွင့် ပြုစေချင်တာပါ။ တရားဝင် ကုန်သွယ်ခွင့်ပြုရင် လက်ခစား အလုပ်အကိုင်တွေ တိုးတက်လာနိုင်ပြီး တရားဝင် ကုန်သွယ်မှုပြုတဲ့အတွက် နိုင်ငံတော်ကလည်း အခွန်ငွေပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
“သတ္တုတွင်းဥပဒေမှာလည်း ရွှေကို ပြည်ပတင်ပို့ခွင့်နဲ့ ပတ်သက်ပြီး မပါလာဘူး။ လုပ်ကွက်သက်တမ်း တိုးတဲ့ကိစ္စနဲ့ အစိုးရက ပေးဆောင်ရမယ့် အခွန်လျှော့လိုက်တဲ့ ကိစ္စပဲ ပါလာတယ်။ အဲဒါကြောင့် စီးပွား/ကူးသန်း အနေနဲ့ ထုတ်ထားတဲ့အမိန့်ကို ဖြေလျှော့ပေးလိုက်ရင် တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်ပြီပေါ့” ဟု ၎င်းကဆက်လက် ပြောကြားသည်။
စီးပွား/ကူးသန်း ဝန်ကြီးဌာနက သဘောထားမှတ်ချက် တောင်းခံထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးထွန်းလှအောင်အား မေးမြန်းရာ “ပြည်ပနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကုန်သွယ်မှု ပြုနိုင်အောင် စိန်ကို ပြည်ပကို တရားဝင် တင်ပို့ခွင့်ပြုဖို့ တင်ပြထားပါတယ်” ဟု ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးအတွက် ကုန်သွယ်မှု အတားအဆီးများ ဖြေလျော့ပေးခြင်းအပြင် ပြည်တွင်း/ပြည်ပ ဈေးကွက်လိုအပ်ချက်များ အပေါ်မူတည်၍ ပြုပြင်ပြောင်းလဲမှုများ၊ ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့မှုများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်ပသို့ တင်ပို့ခွင့်မပြုသည့် ပို့ကုန်ပစ္စည်းများအနက် ကုန်ပစ္စည်းအချို့ကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်သုံးသပ်၍ ဖြေလျှော့တင်ပို့ခွင့် ပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။                                      

Most Read

Most Recent