ဘယ်မောင်း ကန့်သတ်ချက် မထားတော့ဘဲ ကားများကို ယခင်မူဝါဒအတိုင်း လွတ်လပ်စွာ တင်သွင်းခွင့် ပြန်လည် ရရှိနိုင်မည်ဟု ဇန်နဝါရီ ၅ ရက်က စီးပွားကူးသန်း ဝန်ကြီးဌာနတွင် ကျင်းပသည့် မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားချက်အရ သိရသည်။
နေပြည်တော် စီးပွားကူးသန်း ဝန်ကြီးဌာနတွင် လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကြောင့် မော်တော်ယာဉ် တင်သွင်းရောင်းချမှုနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တင်သွင်းခွင့်နှင့် မှတ်ပုံတင်ခွင့် ဆိုင်ရာများကို လုပ်ငန်းရှင်များ တင်ပြသည့် အတိုင်း စီးပွားကူးသန်း ဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သမ္မတရုံးသို့ အတည်ပြုနိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိက အချက်ကတော့ လိုင်စင်နဲ့ ပတ်သက်ပြီး ၂၀၁၅ခုနှစ် လိုင်စင်တွေပါမစ်တွေ အကုန်လုံးကို ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်အထိ မှတ်ပုံတင်ခွင့် ပြုမယ်ဆိုတဲ့ တစ်ချက်ရယ်။ ဒုတိယအချက်အဖြစ် မော်တော်ယာဉ် တင်သွင်းခွင့် ခုနှစ်မော်ဒယ်သတ်မှတ်ချက်ကို ယခင်ကြီးကြပ်ရေး ကော်မတီက သတ်မှတ်တဲ့ ဟာတွေကို တစ်နှစ်တိုးပြီးတော့ သတ်မှတ်မယ်။ ယာဉ်အိုယာဉ်ဟောင်းနဲ့ ၂၀၀၆ ခုနှစ် အထက်ကို သုံးနှစ်ခုန်မယ်။ အခြားကားတွေကို တစ်နှစ်ခုန်ပြီး သတ်မှတ်မယ်။ ကျန်တဲ့အခြား အချက်တွေလည်း အများကြီးပါပါတယ်။ ဒီနှစ်ချက်ကတော့ ကျွန်တော်တို့ တောင်းဆိုတာ အဓိကအချက်တွေ ဖြစ်တဲ့အတွက် စီးပွားကူးသန်း ဝန်ကြီးဌာန အနေနဲ့ နိုင်ငံတော် သမ္မတရုံးကို တင်ပြသွားဖို့ရှိပါတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။
ထရပ်ကားများပင် ယခင်မူဝါအတိုင်း ဘယ်မောင်း ညာမောင်း မခွဲခြားဘဲတင်သွင်းခွင့် ရမည့်အပေါ် ဒေါက်တာစိုးထွန်းက “အသေးစိတ်ပြန်ပြောရရင် ထရပ်ကားတွေကလည်း အရင်မူအတိုင်းပဲ။ အရင်တုန်းက ၂၀၀၄ ခုနှစ်အထက် အခုက ၂၀၀၅ အထက် ဘယ်မောင်းညာမောင်း သွင်းလို့ရမယ်” ဟု ဆက်လက် ပြောကြားသည်။
ယခင်နှစ်က သတ်မှတ်ချက်အတိုင်း ဖြစ်သွားမည့်အပေါ် ဒေါက်တာစိုးထွန်းက “အခုကတော့ ကျွန်တော်တို့ နောက်ဆုံး ဆွေးနွေးချက်အရ အရင်နှစ်က လုပ်ခဲ့တဲ့ဟာကို အခြေခံပြီး ပြန်စဉ်းစား ပေးမယ်ပေါ့နော်။ မနှစ်က သတ်မှတ်တဲ့ ပုံစံအတိုင်း ဖြစ်သွားမယ်။ ဥပမာ ထရပ်ကားဆိုရင် မနှစ်က ၂၀၀၄ ခုနှစ်ပေါ့နော်။ ဒီနှစ်ကတော့ တစ်နှစ်တိုးပြီးတော့ ပြန်ခွင့်ပြုမယ့် အနေအထားရှိတဲ့ အတွက်ကြောင့်မိုလို့ ယခင်ကြီးကြပ်ရေး ကော်မတီက ခွင့်ပြုတာ အခြေခံပြီး စဉ်းစားပေးမယ်လို့။ ဒါကတော့ သမ္မတရုံးကို တင်ပြပြီးတော့ ကြီးကြပ်ရေး ကော်မတီနဲ့တော့ ဒီလိုပဲ သဘောတူလိုက်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က မော်တော်ယာဉ် တင်သွင်းသူတွေအတွက် အဆင်ပြေသွားတဲ့ အနေအထားတော့ ရှိပါတယ်” ဟုဆိုသည်။
ယခုဆွေးနွေးထားသည့် အချက်များအတိုင်း အတည်ပြုနိုင်သည့်အပေါ် ဒေါက်တာစိုးထွန်းက “အကြမ်းဖျင်းကတော့ သမ္မတကြီးနဲ့ မနက်ကတွေ့တဲ့ အတွက်ကြောင့်မို့ မနက်ကတည်းက လမ်းညွှန်တာကတော့ အသင်းနဲ့ တွေ့ပြီး ဆောင်ရွက်ပါလို့ ပြောတဲ့အတွက်ကြောင့် အဲဒီအတိုင်းပဲ ထွက်မှာပေါ့” ဟု ပြောကြားသည်။
ထပ်မံ၍လည်း သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ဒေါက်တာစိုးထွန်းက “ကျွန်တော်ပြောတာက ရှင်းရှင်းလေးပဲ။ ကြီးကြပ်ရေး ကော်မတီမှာတော့ အတည်ပြုထားပြီ။ သို့သော် သမ္မတရုံးကို ဆက်တင်မှာဖြစ်တဲ့ အတွက်ကြောင့် သမ္မတရုံးကနေ ကြေညာချက် အမိန့်ပြုရင်တော့ ကြေညာချက်ထွက်ပြီ။ ဒီနေ့ညပဲ သိမှာပေါ့။ မနက်ဖြန်ဆို ထွက်မှာပေါ့” ဟု ထပ်မံရှင်းပြခဲ့သည်။
ဒီဇင်ဘာလ အတွင်းက ကညန မှ ၂၀၁၆ ခုနှစ်အတွင်း တင်သွင်းရမည့် ကားမူဝါဒ ထုတ်ပြန်ရာတွင် ဘယ်မောင်း ညာမောင်း ကန့်သတ်ချက်၊ မော်ဒယ်ကန့်သတ်ချက်များ ပါဝင်ခဲ့ပြီး ယခုအခါ အဆိုပါ မူဝါဒအတိုင်း မဟုတ်ဘဲ ယခင်အတိုင်း ပြန်လည် သတ်မှတ်မည်ဖြစ်၍ တင်သွင်းမည့်သူများအတွက် လွယ်ကူ အဆင်ပြေမည်ဖြစ်ပြီး ကားတင်သွင်းမှုမှာလည်း ပိုမိုများပြားလာမည် ဖြစ်သည်။
လက်ရှိကားကျပ်မှုနှုန်းနှင့် ချိန်ထိုးလျှင်မူ ယာဉ်ကြောပိတ်ဆို့မှုပိုမို ဖြစ်ပေါ်လာမည် ဖြစ်၍ NLD အစိုးရ လက်ထက်တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို အကြီးအကျယ် ဖြေရှင်းရဖွယ်ရှိသည်။
ယာဉ်ကြောကျပ်တည်းမှုမှာ အများသုံး ယာဉ်တင်သွင်းမှုထက် ပုဂ္ဂလိကပိုင်ယာဉ်များ တင်သွင်းမှုကို ပိုမိုအားပေးသည့် အတွက် ကျပ်တည်းရခြင်းဖြစ်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားခဲ့သည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့ လုပ်တယ်ဆိုရင် အရင်ဆုံး အများသုံး ယာဉ်တွေကို အားပေးရမယ်။ ကား ၁၀ စီးမှာ ၁၀ ယောက်သွားမယ့်အစား ဘတ်စ်ကားထဲမှာ ၁၀ ယောက် သွားမယ်ဆိုရင် ကားကိုးစီး သက်သာမယ်ပေါ့။ ကားတွေများတဲ့ အထဲမှာ ဘာကြောင့်များလဲဆိုရင် ပုဂ္ဂလိကပိုင်ယာဉ်တွေ သွင်းတဲ့ဘက်ကို အားပေးတော့ အဲဒီယာဉ်တွေ သိပ်များတယ်။ အများသုံးနိုင်တဲ့ ယာဉ်တွေ အတွက်ကို အားပေးမယ်ဆိုရင် အများအတွက် သယ်ယူပို့ဆောင်ရေးကို အားပေးမယ် ဆိုလို့ရှိရင် ဒီလမ်းကြော ပိတ်တာတွေကို သက်သာနိုင်မယ်လို့ ထင်ပါတယ်” ဟု ဒီဇင်ဘာ ၂၆ ရက်က တော်ဝင်နှင်းဆီ၌ ပြုလုပ်သည့် အနှေးယာဉ်လုပ်သား ဆိုက်ကား ဆရာကြီးများအား ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ဘယ်မောင်း ကန့်သတ်ချက် မထားဘဲ ယခင်အတိုင်း ကားများကို လွတ်လပ်စွာ တင်သွင်းခွင့် ပြန်လည်ရရှိမည်ဟုဆို










