တစ်နှစ် ကျပ်ဘီလျံနှင့်ချီ၍ ငှားရမ်းခ ရရှိနိုင်သော ကန်တော်ကြီး ကရဝိက်ဥယျာဉ်ကမ္ဘာရှိ မြေ ၂၅ ဧကအား ဇေကမ္ဘာ ကုမ္ပဏီသို့ တစ်နှစ်ကျပ် သိန်း ၃၀၀ ဖြင့် ငှားရမ်းထားမှုကို တစ်နှစ်ကျပ် သိန်း ၆၀၀ သို့ တိုးမြှင့်ဟုဆို

တစ်နှစ် ကျပ်ဘီလျံနှင့်ချီ၍ ငှားရမ်းခ ရရှိနိုင်သော ကန်တော်ကြီး ကရဝိက်ဥယျာဉ်ကမ္ဘာရှိ မြေ ၂၅ ဧကအား ဇေကမ္ဘာ ကုမ္ပဏီသို့ တစ်နှစ်ကျပ် သိန်း ၃၀၀ ဖြင့် ငှားရမ်းထားမှုကို တစ်နှစ်ကျပ် သိန်း ၆၀၀ သို့ တိုးမြှင့်ဟုဆို
Published 4 January 2016

တစ်နှစ် ကျပ်ဘီလျံနှင့်ချီ၍ ငှားရမ်းခ ရရှိနိုင်သော ကန်တော်ကြီး ကရဝိက်ဥယျာဉ်ကမ္ဘာ မြေ ၂၅ ဧကအား ဇေကမ္ဘာ ကုမ္ပဏီသို့ တစ်နှစ်ကျပ် သိန်း ၃၀၀ ဖြင့် ငှားရမ်းထားမှုကို တစ်နှစ်ကျပ် သိန်း ၆၀၀ သို့ တိုးမြှင့်ခဲ့ကြောင်း  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ကန်တော်ကြီး ကရဝိက် ဥယျာဉ်ကမ္ဘာ မြေ ၂၅ ဧကသည် တစ်နှစ်ကျပ် ၈၆၃၇ သိန်း ဝင်ငွေ ရရှိနေကြောင်း သိရသည်။ အကျယ်အဝန်း ၂၅ ဧကခန့်ရှိသော အချက်အချာ နေရာကျသည့် ရန်ကုန်မြို့ ကန်တော်ကြီး အတွင်းရှိ ကရဝိက်ဥယျာဉ်ကမ္ဘာအား ဇေကမ္ဘာ ကုမ္ပဏီသို့ ငှားရမ်းရာတွင် တစ်နှစ်လျှင် ငှားရမ်းခ ကျပ်သိန်း ၃၀၀ သာ ရရှိ၍ နိုင်ငံတော်အတွက် နစ်နာနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာက ဖော်ပြသည်။ကရဝိက်ဥယျာဉ်အား ဇေကမ္ဘာ ကုမ္ပဏီသို့ ၂၀၁၀ ပြည့်နှစ်မှ စတင်၍ နှစ် ၃၀ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ပထမ ငါးနှစ်အထိ (၁-၉-၂၀၁၀ မှ ၃၁-၈-၂၀၁၅) အထိ ငှားရမ်းခ တစ်နှစ်လျှင် တစ်ဧကအတွက် ကျပ် ၁၂ သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၃၀၀ (ကျပ်သန်း ၃၀) ဖြင့် ငှားရမ်းခဲ့ကြောင်း၊ စာချုပ်တွင် ငှားရမ်းခများအား နှစ်စဉ်တိုးမြှင့်လာသည့် ကာလပေါက်ဈေးနှင့် ဆီလျော်သည့် ငှားရမ်းခနှုန်းထားနှင့် ချိန်ထိုး၍ တိုးမြှင့်ရန် သင့်သော်လည်း စာချုပ်၌ ပထမ ငါးနှစ်တွင် တစ်နှစ် ငှားရမ်းခ  ကျပ်သိန်း ၃၀၀ (ကျပ်သန်း ၃၀)၊ ဒုတိယ ငါးနှစ်တွင် မူလငှားရမ်းခ၏ ငါးရာခိုင်နှုန်းထက် မနည်းသော ၁၀ ရာခိုင်နှုန်းထက်များသော ဈေးနှုန်း၊ တတိယ ငါးနှစ်တွင် ဒုတိယ ငါးနှစ်နှုန်း၏ ငါးရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းထက် မများသောနှုန်းထား စသည့် စည်းကမ်းချက်များအား ထည့်သွင်းထားသဖြင့် အငှားချထားသူ နိုင်ငံတော်ဘက်က နစ်နာစေလျက် အငှားချထားခြင်း ခံရသည့် ကုမ္ပဏီဘက်မှ အခွင့်အလမ်း ပိုမိုရရှိစေရန် ဆောင်ရွက်ထားသည့်သဘော သက်ဝင်နေကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာက ထောက်ပြခဲ့သည်။ကန်တော်ကြီး အတွင်းရှိ Dolphin စားသောက်ဆိုင်၏ တစ်နှစ်လုံးအတွက် မြေနေရာ ငှားရမ်းခမှာ မြေဧရိယာ စတုရန်းပေ ၁၂၀၄၀ အတွက် ကျပ်သိန်း ၁၂၀ (ကျပ် ၁၂ သန်း) ရရှိသဖြင့် မြေ ၂၅ ဧကဖြင့် တွက်ချက်မည် ဆိုပါက တစ်နှစ်လျှင် ကျပ်သိန်း တစ်သောင်းကျော် (ကျပ် ၁၀၈၅ ဒသမ ၃၈၂ သန်း) ရရှိမည် ဖြစ်သဖြင့်  နိုင်ငံတော်အတွက် တစ်နှစ်လျှင် ကျပ်သိန်းများစွာ လျော့နည်း ရရှိလျက် ရှိသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာက ဖော်ပြခဲ့ပြီး နောက်ထပ် စာချုပ် ထပ်မံချုပ်ဆိုချိန်တွင် နိုင်ငံတော်အတွက် နစ်နာမှု မရှိစေရန် အလေးထား ပြန်လည် ပြုပြင်ချုပ်ဆိုရန် လိုအပ်ကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာက ထောက်ပြခဲ့သည်။ဇေကမ္ဘာ ကုမ္ပဏီ အနေဖြင့် ကရဝိက်ကမ္ဘာမှ တစ်နှစ်လျှင် ဂိတ်ကြေး၊ ဆိုင်ခန်း ငှားရမ်းခ၊ မျှော်စင်ကျွန်း ငှားရမ်းမှု စုစုပေါင်း ကျပ်  ၈၆၃၇ သိန်း ရရှိပြီး ဝန်ထမ်းလစာ၊ အခွန်အခများ ပေးသွင်းမှု၊ ပြုပြင်ထိန်းသိမ်းစရိတ် သုံးစွဲငွေမှာ ကျပ် ၇၈၄၂ သိန်းကျော်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။သို့ဖြစ်ရာ ပထမငါးနှစ်သက်တမ်း စာချုပ်ပြည့်ခဲ့သည့် ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ငှားရမ်းခ တစ်နှစ် ကျပ်သိန်း ၃၀၀ အစား ကျပ်သိန်း ၆၀၀ သို့ တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး ယခုငှားရမ်းခ ကျပ်သိန်း ၆၀၀ ဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လကုန်အထိ ဆက်လက် ငှားရမ်းသွားမည်ဟု သိရသည်။“ကျပ်သိန်း ၆၀၀ တိုးလိုက်ပေမယ့်လည်း တော်တော်ကို နည်းပါတယ်။ ဒါကြောင့် နောက်အစိုးရတက်ရင် ဒီငှားရမ်း ကိစ္စတွေကို အဓိက လုပ်ရမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက မှတ်ချက်ပေးသည်။၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် ငှားရမ်းမှု ငါးနှစ်ပြည့်ပြီး ထပ်မံချုပ်ဆိုချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဇေကမ္ဘာ ကုမ္ပဏီတို့ ညှိနှိုင်းဈေးဖြင့် ဆက်လက် ငှားမည်ဟု သိရသည်။ဇေကမ္ဘာ ဦးခင်ရွှေသည် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သူဖြစ်ပြီး လက်ရှိရွေးကောက်ပွဲ အနိုင်ရ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးသူ ဖြစ်ကြောင်း သိရသည်။ယခုကဲ့သို့ ကန်တော်ကြီး ကရဝိက်ဥယျာဉ်နှင့် ပတ်သက်၍ တစ်နှစ်လျှင် ကျပ်ဘီလျံနှင့်ချီ၍ ငှားရမ်းခ ရရှိနိုင်နေသည်ဖြစ်ရာ ဇေကမ္ဘာ ကုမ္ပဏီအား တစ်နှစ်ကျပ်သိန်း ၆၀၀ ဖြင့်သာ ငှားရမ်းထားခြင်းသည် ရသင့်ရထိုက်သည့် ငှားရမ်းခထက် အဆမတန် နည်းပါးနေသောကြောင့် အခွင့်အရေး ရယူထားသကဲ့သို့ ဖြစ်နေကြောင်း သုံးသပ်မှုများ ရှိနေသည်။အလားတူပင် ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စုက ရန်ကုန်မြို့လယ်ရှိ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်အား စတင်ငှားရမ်းစဉ်က တစ်လ ကျပ် ၅၈ သိန်းဖြင့် ငှားရမ်းခွင့် ရခဲ့ပြီး လက်ရှိတွင် တစ်လ ကျပ် ၆၄ သိန်းကျော်သာ ပေးသွင်းရပြီး နည်းပါးသည့် ငှားရမ်းခဖြင့် လုပ်ကိုင်ခွင့် ရထားကြောင်း၊ ယင်းအပြင် ပြင်ဦးလွင်ရှိ အမျိုးသား ကန်တော်ကြီး ဥယျာဉ်အား တစ်လလျှင် ငှားရမ်းခ ကျပ် ၁၆ သိန်းကျော်၊ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်အား တစ်လ ငှားရမ်းခ ကျပ်ရှစ်သိန်းကျော်၊ ရန်ကုန်မြို့ရှိ လှော်ကား ဥယျာဉ်အား တစ်လ ငှားရမ်းခ ကျပ် ၁၇ သိန်းကျော် (ယခု နောက်ပိုင်းတွင်မှ ငှားရမ်းခအား ၁၀ ရာခိုင်နှုန်း တိုးပေးခြင်းဖြစ်ကြောင်း သိရသည်) စသည့် ကာလတန်ဖိုးထက် နည်းပါးသည့် ငှားရမ်းခများဖြင့် စာချုပ်ချုပ်ဆို ရယူလုပ်ကိုင်နေကြောင်း သိရသည်။ ထို့အပြင် ထူးကုမ္ပဏီအုပ်စု အနေဖြင့် ရန်ကုန်မြို့ရှိ ပြည်လမ်းနှင့် ပြည်ထောင်စုရိပ်သာ လမ်းထောင့်ရှိ ၂၂ ဧကနီပါးအထိ ကျယ်ဝန်းသော ပြည်ထောင်စုရိပ်သာဝန်း တစ်ခုလုံးအား BOT စနစ်ဖြင့် နှစ်ရှည် လုပ်ကိုင်ခွင့် ရခဲ့ရာတွင်လည်း တစ်ပေပတ်လည် တစ်နှစ်ငှားရမ်းခ ကျပ် ၁၅၀၀ ဝန်းကျင်ဖြင့် လုပ်ကိုင်ခွင့် ရထားကြောင်းလည်း သိရသည်။ (ငှားရမ်းခကိုသာ တွက်ချက်ထားခြင်းဖြစ်ပြီး ပရီမီယံကြေး ထပ်မံပေးသွင်းရသည်ဟု သိရသည်)။ပြီးခဲ့သည့်  ဒီဇင်ဘာလအတွင်းက NLD ပါတီမှ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များအား သင်တန်းပို့ချရန် နေပြည်တော်ရှိ ဦးတေဇပိုင် ရွှေစံအိမ် ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း၊ ဦးတေဇပိုင် AGD ဘဏ်မှ စပွန်ဆာပေး ကူညီခဲ့ကြောင်း သင်တန်းတာဝန်ခံဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းက ပြောကြားခဲ့ပြီး ယင်းကိစ္စအပေါ် ဝေဖန်မှုများ ပေါ်ပေါက်ခဲ့ဖူးသည်။ထို့ကြောင့် နိုင်ငံနှင့် လူထုအတွက် နစ်နာနိုင်သော ကိစ္စရပ်များ၊ ဓာတ်ဆီဆိုင် မြေနေရာများနှင့် အခြားသော စီးပွားရေးဆိုင်ရာ ကိစ္စများတွင် ကာလတန်ဖိုးထက် များစွာနည်းပါးသည့် နှုန်းများဖြင့် ရယူထားသည့် အခွင့်အရေးများကြောင့် ပြည်သူများ ဆင်းရဲနေခြင်း ဖြစ်ကြောင်း၊ ပြည်သူများ နစ်နာနေသည့် စီမံကိန်းများ၊ မြေယာ မတရား သိမ်းဆည်းမှုများ၊ မမျှတသည့် စာချုပ်များ၊ ဥပဒေများနှင့် ပတ်သက်၍ လာမည့် NLD အစိုးရ လက်ထက်တွင် မည်ကဲ့သို့ ဖြေရှင်းမည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

Most Read

Most Recent