ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု ဆောင်ရွက်သည့် စစ်တွေနှင့် မောင်တောစခန်းများမှ နယ်စပ်ကုန်သွယ်မှု ယခင် ဘဏ္ဍာနှစ်ထက် ကျဆင်း

ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု ဆောင်ရွက်သည့် စစ်တွေနှင့် မောင်တောစခန်းများမှ နယ်စပ်ကုန်သွယ်မှု ယခင် ဘဏ္ဍာနှစ်ထက် ကျဆင်း
Published 4 January 2016
မင်းသီဟဇော်

ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု ဆောင်ရွက်သည့် နယ်စပ်စခန်း နှစ်ခုလုံးမှ နယ်စပ်ကုန်သွယ်မှု ယခင်ဘဏ္ဍာနှစ်ထက် ကျဆင်းနေကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရန်အတွက် စစ်တွေနှင့် မောင်တောနယ်စပ်စခန်း နှစ်ခု ဖွင့်လှစ်ထားပြီး ယင်းစခန်း နှစ်ခုလုံးမှ နယ်စပ်ကုန်သွယ်မှုမှာ ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၅ ရက်အထိ စစ်တွေနယ်စပ်စခန်းမှ ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၄ ဒသမ ၃၃၀ သန်း ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် ဒေါ်လာ ၀ ဒသမ ၃၉၈ သန်း လျော့ကျခဲ့ကြောင်း သိရသည်။ အလားတူ မောင်တောနယ်စပ် ကုန်သွယ်မှု စခန်းမှ လက်ရှိ ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၃ ဒသမ ၆၂၁ သန်း ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကာလတူ ကုန်သွယ်မှုထက် ဒေါ်လာ ၁ ဒသမ ၇၂၇ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။ အိမ်နီးချင်းနိုင်ငံ လေးခုနှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရန် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခု ဖွင့်လှစ်ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်တွင် ကုန်သွယ်ရေးစခန်း ခုနစ်ခုဖြင့် အများဆုံး ဖွင့်လှစ်ထားကြောင်း သိရသည်။အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှာ ကုန်သွယ်မှု အများဆုံး ဆောင်ရွက်နေကြောင်း သိရသည်။ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ စတင်ကာ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့များအား ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent