၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ်တွင် နှစ်အလိုက် ဈေးနှုန်းနှင့် ပုံမှန်ဈေးနှုန်းအရ အကောင်အထည် ဖော်နိုင်မှုမှာ ရည်မှန်းချက်ထက် လျော့နည်းနိုင်ကြောင်း စီမံ/စီးပွား ဒုဝန်ကြီး ပြောကြား

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ်တွင် နှစ်အလိုက် ဈေးနှုန်းနှင့် ပုံမှန်ဈေးနှုန်းအရ အကောင်အထည် ဖော်နိုင်မှုမှာ ရည်မှန်းချက်ထက် လျော့နည်းနိုင်ကြောင်း စီမံ/စီးပွား ဒုဝန်ကြီး ပြောကြား
Published 1 January 2016

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ်တွင် နှစ်အလိုက် ဈေးနှုန်းနှင့် ပုံမှန်ဈေးနှုန်းအရ အကောင်အထည် ဖော်နိုင်မှုမှာ ရည်မှန်းချက်ထက် လျော့နည်းနိုင်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြောကြားသည်။ဇန်နဝါရီ ၁ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အမျိုးသား စီမံကိန်း အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပေါ် ပြန်လည်ရှင်းလင်း ပြောကြားစဉ် ဒုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုကြောင့် ရည်မှန်းချက်အပေါ် အကောင်အထည် ဖော်နိုင်မှု လျော့နည်းခဲ့ခြင်းဖြစ်ပြီး ဒုတိယ ခြောက်လပတ်တွင်လည်း သီးနှံအထွက်နှင့် ထုတ်လုပ်မှုကို ထိခိုက်နိုင်သောကြောင့် ဒုတိယ ခြောက်လပတ်တွင်လည်း ရည်မှန်းချက် အကောင်အထည် ဖော်နိုင်မှုမှာ ထပ်မံလျော့နည်းနိုင်ခြင်းဖြစ်ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။“ပထမ ခြောက်လပတ်မှာ ရည်မှန်းချက်အပေါ် နှစ်အလိုက် ဈေးနှုန်းနဲ့ ပုံမှန်ဈေးနှုန်းအရ အကောင်အထည် ဖော်နိုင်မှုတွေဟာ ၉၅ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ၉၀ ဒသမ ၃ ရာ ခိုင်နှုန်းသာရှိပြီး ရည်မှန်းချက်ထက် လျော့နည်းခဲ့တာဟာ ပထမ ခြောက်လပတ်ထဲမှာ ရေကြီးရေလျှံပြီးတော့ စိုက်ပျိုးမှုဧက ပျက်စီးဆုံးရှုံးမှုတွေ၊ ထုတ်လုပ်မှုတွေ လျော့ကျခြင်းကြောင့် ဖြစ်ပါတယ်။ ဒီရေကြီးရေလျှံမှုတွေ ဖြစ်တဲ့ကာလဟာ စိုက်ပျိုးတဲ့ကာလ ဖြစ်တဲ့အတွက် သီးနှံအချို့ စိုက်ပျိုးချိန် နောက်ကျခြင်း၊ သီးနှံအထွက် ထိခိုက်ခြင်းများ ရှိပေမယ့်လည်း သီးနှံထွက်ရှိချိန် မဟုတ်သေးတဲ့ အတွက်ကြောင့် လည်းကောင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက်ကြောင့် လည်းကောင်း အခုလို ရာခိုင်နှုန်း ၉၀ ကျော်အထိ အကောင်အထည် ဖော်နိုင်ခြင်းဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဒါပေမဲ့ ဒုတိယ ခြောက်လကာလရဲ့ သီးနှံအထွက်ကို ထိခိုက်နိုင်တဲ့အတွက် ဒုတိယ ခြောက်လပတ်မှာလည်း ရည်မှန်းချက်ထက် လျော့နည်းနိုင်ကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်” ဟု ဒုဝန်ကြီးက ဆိုသည်။ဆက်လက်၍ ဒုဝန်ကြီးက စီမံကိန်းနှင့် ပတ်သက်၍ ဝန်ကြီးဌာနများမှ တင်ပြခဲ့သည့် ရှင်းလင်းတင်ပြချက်များကို ပြန်လည်ရှင်းလင်းခဲ့ပြီး လွှတ်တော်က ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အစီရင်ခံစာကို အတည်ပြုခဲ့သည်။ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသော ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အမျိုးသား စီမံကိန်း အစီရင်ခံစာအရ  နှစ်အလိုက် ဈေးနှုန်းအရ အကောင်အထည် ဖော်နိုင်မှုမှာ ကျပ်သန်း ၂၄၇၂၈၅၄၂ ဒသမ ၂  ဖြစ်ရာ ပထမ ခြောက်လပတ် ရည်မှန်းချက်၏ ၉၅ ဒသမ ၇ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ခဲ့ပြီး တစ်နှစ်လုံး ရည်မှန်းချက်အပေါ် ၃၃ ဒသမ ၇ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း သိရသည်။