မြန်မာ-ထိုင်း နှစ်နိုင်ငံ လုပ်ငန်းရှင်များ တရားဝင် ကုန်သွယ်မှု ပြုနိုင်ရန် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများ၌ ကုန်သွယ်မှု ရပ်တန့်ခြင်း မရှိဘဲ ပုံမှန်အတိုင်း ကုန်သွယ်မှု ပြုလုပ်လျက်ရှိ

မြန်မာ-ထိုင်း နှစ်နိုင်ငံ လုပ်ငန်းရှင်များ တရားဝင် ကုန်သွယ်မှု ပြုနိုင်ရန် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများ၌ ကုန်သွယ်မှု ရပ်တန့်ခြင်း မရှိဘဲ ပုံမှန်အတိုင်း ကုန်သွယ်မှု ပြုလုပ်လျက်ရှိ
Published 30 December 2015
ချမ်းမြေ့သူ

မြန်မာ-ထိုင်း နှစ်နိုင်ငံ လုပ်ငန်းရှင်များ တရားဝင်ကုန်သွယ်မှု ပြုနိုင်ရန် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများ၌ ကုန်သွယ်မှု ရပ်တန့်ခြင်း မရှိဘဲ ပုံမှန်အတိုင်း ကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညွှန့်အောင်က ဒီဇင်ဘာ ၃၀ ရက်တွင် The Daily Eleven ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။“မြန်မာ-ထိုင်း နယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ ကုန်သွယ်ရေး စခန်းတွေ အားလုံးမှာ ကုန်သွယ်မှုတွေ ပုံမှန်အတိုင်း ပြုလုပ်နေပါတယ်။ ပိတ်ထားခြင်း၊ ကုန်သွယ်မှု ရပ်တန့်ခြင်း မရှိပါဘူး” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။မြန်မာ-ထိုင်း နယ်စပ်တွင် နှစ်နိုင်ငံ လုပ်ငန်းရှင်များ တရားဝင် ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီးနှင့် မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်တွင် မြန်မာနိုင်ငံသား နှစ်ဦးအား သေဒဏ် ချမှတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဖြစ်ပေါ်နေပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှု မရှိတော့ကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ-ထိုင်း နယ်စပ်တွင် ဖွင့်လှစ်ကာ ကုန်သွယ်မှု ပြုနေသည့် ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာတွင် ကုန်သွယ်မှုမှာ ပုံမှန်အတိုင်းပင် ပြုလုပ်လျက်ရှိကြောင်း ပြောကြားခဲ့ကြသည်။မြန်မာ-ထိုင်း နယ်စပ်တွင် ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ကုန်သွယ်မှု အများဆုံး ပြုလုပ်လျက်ရှိသည့် မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးမြင့်ကျော်က “ကုန်သွယ်မှုက ပုံမှန်အတိုင်း ပြုလုပ်လျက် ရှိနေပါတယ်။ အခု ဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကုန်သွယ်မှုကို ထိခိုက်တာမျိုး မရှိပါဘူး။ ဒီရက်ပိုင်းမှာတော့ ထိုင်းဘက်ကို ရေထွက်ကုန်နဲ့ စိုက်ပျိုးရေးထွက်ကုန် အချို့ကို တင်ပို့မှုရှိပြီး ထိုင်းနိုင်ငံဘက်က စားသောက်ကုန်တွေကို တင်သွင်းမှု ရှိပါတယ်” ဟု ဆိုသည်။မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ဦးစီးအရာရှိက “ကုန်သွယ်မှု ပုံမှန်အတိုင်း ပြုလုပ်နေပါတယ်။ ထိုင်းဘက်ကို ပရိဘောဂ ပစ္စည်းနဲ့ ဆီအုန်းတင်ပို့မှု များပါတယ်” ဟု ပြောကြားသည်။မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက “ကုန်သွယ်မှု အခြေအနေကတော့ ပုံမှန်ပါပဲ။ ထိုင်းဘက်ကို ရေထွက်ကုန် အဓိက တင်ပို့နေတယ်။ သွင်းကုန်ကတော့ မရှိသလောက် နည်းပါတယ်” ဟု ပြောကြားသည်။မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး သဘောတူစာချုပ်များကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်းနှင့် လာအိုနိုင်ငံတို့နှင့် ချုပ်ဆိုထားခြင်းဖြစ်ပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး သဘောတူစာချုပ်ကို ၁၉၉၆ ခုနှစ် မတ် ၁၇ ရက်က ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းနောက် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက သက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေး စခန်းများကို နှစ်အလိုက် ဖွင့်လှစ်မှုများ ပြုလုပ်ခဲ့ပြီး မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းကို ၁၉၉၈ ခုနှစ်တွင်လည်းကောင်း၊ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းကို ၁၉၉၆ ခုနှစ်တွင် လည်းကောင်း၊ ကော့သောင်းနယ်စပ် ကုန်သွယ်ရေး စခန်းကို ၁၉၉၆ ခုနှစ်တွင် လည်းကောင်း၊ မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းကို ၁၉၉၉ ခုနှစ်တွင် လည်းကောင်း၊ ထီးခီး/နဘုလယ်နယ်စပ် ကုန်သွယ်ရေး စခန်းကို ၂၀၁၃ ခုနှစ်တွင် လည်းကောင်း၊ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းကို ၂၀၁၃ ခုနှစ်တွင်လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဆက်လက်၍ မြန်မာ-ထိုင်းနယ်စပ်တွင် ဖွင့်လှစ်ရန် မယ်စဲနယ်စပ် ကုန်သွယ်ရေးစခန်း၊ ဘုရားသုံးဆူနယ်စပ် ကုန်သွယ်ရေး စခန်းနှင့် ပုံပါကျင်နယ်စပ် ကုန်သွယ်ရေး စခန်းများကို ထပ်မံဖွင့်လှစ်ရန် လျာထားကြောင်း သိရသည်။သို့ဖြစ်၍ မြန်မာ-ထိုင်းနယ်စပ်ရှိ ဘုရားသုံးဆူ နယ်စပ်ဂိတ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရားဝင် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားခြင်း မရှိဘဲ ကုန်သွယ်မှုလည်း မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။လက်ရှိ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၂၅ ရက်အထိ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှု ပမာဏ စုစုပေါင်း ဒေါ်လာသန်း ၈၀၀ ကျော်ရှိပြီး ထိုင်းနိုင်ငံဘက်မှ သွင်းကုန်တင်သွင်းမှု ပိုမိုပြုလုပ်ထားကြောင်း သိရသည်။