လင်မယားနှစ်ဦးအား လူလေးဦးက ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့၍ ညဦးပိုင်းတွင် လုယက်မှု မရမ်းကုန်းမြို့နယ်၌ ဖြစ်ပွား

လင်မယားနှစ်ဦးအား လူလေးဦးက ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့၍ ညဦးပိုင်းတွင် လုယက်မှု မရမ်းကုန်းမြို့နယ်၌ ဖြစ်ပွား
Published 29 November 2015

နိဗ္ဗာန်ဈေးမှပြန်လာသည့် လင်မယားနှစ်ဦးအား လူလေးဦးက ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့၍ ညဦးပိုင်း၌ လုယက်မှု မရမ်းကုန်းမြို့နယ်တွင် နိုဝင်ဘာ ၂၇ ရက်က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ အမှတ် (၂၂၂)၊ (၃)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် လင်မယားနှစ်ဦးသည် နိုဝင်ဘာ ၂၇ ရက်တွင် သမိုင်းလမ်းဆုံ၊ အောင်ဓမ္မရိပ်သာနိဗ္ဗာန်ဈေး ပွဲတော်သို့ သွားရောက်ပြီး ည ၇ နာရီခွဲ ခန့်တွင် နိဗ္ဗာန်ဈေးမှ ပြန်လာစဉ် မရမ်းကုန်း မြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာရှေ့ရှိ ပလက်ဖောင်းပေါ်၌ စကားပြောနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦး ရောက်ရှိလာခဲ့ကြောင်း သိရသည်။
 
ထို့နောက်တွင် လူလေးဦးမှ ခင်ပွန်းဖြစ်သူ၏ ဇက်ပိုးအား ရိုက်နှက်ပြီး ဇနီးဖြစ်သူ၏ပါးစပ်အား လက်ဖြင့်ပိတ်၊ သံချွန်ဟုထင်ရသည့်အရာဖြင့် ဗိုက်ကိုထောက်ကာ ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေလက်စွပ်  နှစ်ကွင်း၊ ရွှေလက်ကောက်လေးကွင်းနှင့် ယာဘက်နားမှပြုတ်ကျသွားသည့် ရွှေနားကပ်များအပြင် ခင်ပွန်း ဖြစ်သူဝတ်ဆင်ထားသည့် ရွှေလက်စွပ်နှင့် လက်ကိုင်ဖုန်းတို့အား လုယူထွက်ပြေးသွားကြောင်း သိရသည်။
 
ထိုသို့ လုယူထွက်ပြေးသွားသဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်းသို့ လင်မယားနှစ်ဦးမှ သွားရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။
 
ယင်းသို့ လာရောက်တိုင်ကြားသဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများမှ လုယူထွက်ပြေးသွားသူများအား ဝိုင်းဝန်းပိတ်ဆို့ရှာဖွေရာ ၎င်းတို့လေးဦးအနက်မှ  တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
“ကျွန်တော်တို့အနေနဲ့ သတင်းသိသိချင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ရှာဖွေရာမှာ လုယူရာမှာပါဝင်တဲ့ လူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ကျန်တဲ့သုံးဦးကိုတော့ ဖမ်းဆီးရမိဖို့ ကြိုးစားနေပါတယ်”ဟု ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
 
ထိုသို့လင်မယားနှစ်ဦးထံမှ ပစ္စည်းများလုယူသွားသည့် လူလေးဦးအား ဘုရင့်နောင် နယ်မြေရဲစခန်းမှ (ပ) ၆၄၃/၂၀၁၅၊ ပြစ်မှုပုဒ်မ -၃၉၄ ဖြင့် ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။         သီဟ

Most Read

Most Recent