အကျိုးမရှိသည့် စစ်ပွဲများ ရပ်တန့်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်ပေးရန် အစိုးရ ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် တင်ပြခဲ့ဟု SSPP/SSA ကိုယ်စားလှယ် ပြောကြား

အကျိုးမရှိသည့် စစ်ပွဲများ ရပ်တန့်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်ပေးရန် အစိုးရ ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် တင်ပြခဲ့ဟု SSPP/SSA ကိုယ်စားလှယ် ပြောကြား
Published 21 November 2015
အောင်ဇော်ထွန်း

ပြည်သူများသာ ဒုက္ခရောက်ပြီး အကျိုးမရှိသည့် စစ်ပွဲများ ရပ်တန့်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်ပေးရန် အစိုးရ ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် တင်ပြခဲ့သည်ဟု ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) ဗဟိုကော်မတီဝင် ဦးစဝ်နော်လိတ်က နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။ရှမ်းပြည်နယ် အတွင်း၌ အစိုးရတပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေမှုများနှင့် ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ဦးစဝ်နော်လိတ်တို့သည် မူလက နေပြည်တော်တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း နေပြည်တော်တွင် မတွေ့ဖြစ်ဘဲ နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ဦးစိုင်းနော်လိတ်၏ ပြောပြချက်အရ သိရသည်။တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ဦးစိုင်းနော်လိတ်က “အဓိက ကတော့ အစစအရာရာ ညှိနှိုင်းဖို့ ကော်မတီလေးဖွဲ့ပြီးတော့ ပြန်လာဖို့ ဖိတ်တာပါ။ ကျွန်တော်ကတော့ တင်ပြတာတော့ ရှိတယ်။ အခုလတ်တလော ဖြစ်နေတဲ့ တိုက်ပွဲက ကြာလည်းကြာပြီ လူထုတွေလည်း ဒုက္ခရောက်ပြီ။ ဘာမှလည်း အကျိုးမရှိဘူး။ မြန်မြန်လေး ညှိနှိုင်းပြီးတော့ ရပ်တန့်ပေးဖို့ တင်ပြတယ်။ ဒီအတိုင်းလည်း ပြောလို့မရဘူး။ ကျွန်တော်တို့ ဒီဒေသက နိုင်ငံတော်အနေနဲ့ သဘောထားကြီးစွာနဲ့ မိခင်တပ်ရင်းကို ပြန်လည် ဆုတ်ခွာပေးဖို့ အဲဒါမှ ငြိမ်းချမ်းသွားမှာလို့ ကျွန်တော်က တင်ပြခဲ့တယ်။ ဦးခင်မောင်စိုးကတော့ ကျွန်တော်တို့ အကောင်းဆုံး ပြန်ဖြစ်အောင် ညှိနှိုင်းပေးပါမယ်တဲ့။ ဒါပေမဲ့ ခင်ဗျားတို့ ကော်မတီလေးဖွဲ့ပြီးတော့ ရွေးချယ်ပြီး ပြန်လာပါတဲ့။ အဲဒီအချိန်မှာ ဦးသိန်းဇော်ရယ်၊ ဦးအောင်မင်းရယ်၊ သူရယ်ပြန်ပြီးတော့ ဆွေးနွေးမယ်။ သမ္မတလည်းပဲ ပြန်ပြီးတော့ တင်ပြမယ်။ အဲဒီလို ပြောပါတယ်” ဟု ပြောကြားသည်။အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် SSPP/SSA ကိုယ်စားလှယ် အဖွဲ့တို့၏ တွေ့ဆုံမှုကိုလာမည့် တနင်္လာနေ့ နိုဝင်ဘာ ၂၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်လိုသည်ဟု အစိုးရဘက်က အဆိုပြုခဲ့သည်ဟု ဦးစဝ်နော်လိတ်က ဆိုသည်။“ပြန်တွေ့ဖို့က နောက်အပတ်ထဲမှာ။ သူတို့ကတော့ လာမယ့် တနင်္လာနေ့ တွေ့ချင်တယ်။ အဲဒီရက်ဆိုရင် သမ္မတနဲ့လည်း တင်ပြဖို့ အဆင်ပြေတယ်တဲ့။  ဒါပေမဲ့ ကျွန်တော်တို့ ရောက်နိုင် မရောက်နိုင် ဆိုတာက ကျွန်တော်တို့က လူရွေးရမှာ။ ပြီးတော့ ခရီးကလည်း ဝေးတယ်” ဟု ၎င်းက ဆိုသည်။အစိုးရနှင့် SSPP တို့သည် ၂၀၁၂ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ထားခြင်း ဖြစ်သော်လည်း သုံးနှစ်ကျော်ကာလအတွင်း တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သည်။ တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ် မထိုးသေးသည့် SSPP နှင့် အစိုးရ တပ်မတော်အကြား ပြီးခဲ့သည့် အောက်တိုဘာ လဆန်းမှ စတင်ကာ ပြင်းထန်သည့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်သား အများအပြား ထိခိုက် သေဆုံးခဲ့ပြီး တိုက်ပွဲများကြောင့် ဒေသခံ တစ်သောင်းကျော် စစ်ဘေးဒုက္ခ ကြုံတွေ့နေကြရပြီး စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

Most Read

Most Recent