ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကို ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်ဖြစ်၍ နောင်လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဒေါ်အောင်ဆန်းစုကြည်ကသာ ဦးဆောင်မည်ဖြစ်ကာ တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းမှု ရရှိစေရန် ဖော်ဆောင်မည်ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။လက်ရှိ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံညှိနှိုင်းပြီး ရေးဆွဲထားသည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါရှိသည့် အချက်များအနက် ကောင်းသည့် အချက်များကို ဆက်လက် ကျင့်သုံးမည် ဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးနှင့်ပတ်သက်ပြီး အဟန့်အတား ဖြစ်စေမည့် အချက်များကို ဖယ်ရှားသွားမည်ဟု ဦးဝင်းထိန်က ဆိုသည်။ဦးဝင်းထိန်က“NLD က အစိုးရဖွဲ့မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ NLD အစိုးရကိုလည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နောင်လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်မယ်။ ဘယ်လို ဦးဆောင်မယ် ဆိုတာကိုတော့ မပြောသေးဘူး။ မဆွေးနွေးရသေးဘူး။ သို့သော် ပြောနိုင်တာက အခုလက်ရှိလုပ်ထားတဲ့ NCA မှာ ကောင်းတဲ့အချက်တွေ ကျွန်တော်တို့ ဆက်သုံးမယ်။ ဒီမိုကရေစီ မဆန်ဘူး။ ဖက်ဒရယ် ဒီမိုကရေစီနဲ့ ပတ်သက်လို့ အဟန့်အတားဖြစ်မယ့် အချက်တွေဆိုရင် ကျွန်တော်တို့ ဖယ်မယ်။ ဒါက ကျွန်တော်တို့ သဘောထားပဲ။ ဒီကိစ္စ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းပို့ပြီးပြီ။ သူကိုယ်တိုင်လည်း သဘောတူတယ်” ဟု နိုဝင်ဘာ ၂၀ ရက်က ပြောကြားသည်။လက်ရှိ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် NCA လက်မှတ် မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ထိုသို့ တိုက်ပွဲဖြစ်ပွားမှုများ မရှိသင့်ကြောင်း ၊NLD အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းမှု ရစေမည့် အခြေအနေ တစ်ရပ်ကို ဖော်ဆောင်နိုင်ရေး ကြိုးစားသွားမည် ဖြစ်ကြောင်း ဦးဝင်းထိန်က ဆိုသည်။ဦးဝင်းထိန်က“ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့လုပ်တဲ့ ဆွေးနွေးပွဲတွေကို ကျွန်တော် တက်တာရှိတယ်။ ဦးထွန်းထွန်းဟိန် တက်တာရှိတယ်။ ရွေးကောက်ပွဲ မတိုင်ခင် တုန်းကပေါ့။ အဲဒီတက်တဲ့အခါမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးမယ် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က မေးခွန်းထုတ်တယ်။ ခေါင်းစဉ်က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်။ တစ်နိုင်ငံလုံးမှာ ဖြစ်တဲ့အဖွဲ့တွေက အများကြီး လက်မှတ်ထိုးတာက ရှစ်ခုတည်း။ အဲဒါကိုက သဘာ၀ မကျဘူး။ တစ်နိုင်ငံလုံး မဟုတ်ဘူး။လက်မှတ်ထိုးတဲ့ သူတွေကို ပစားပေးပြီး လက်မှတ်မထိုးတဲ့ သူတွေကို ဖိတိုက်မယ်။ အဲဒါမျိုးတွေ ကျွန်တော်တို့ စိုးရိမ်ခဲ့တယ်။ အဲဒါမျိုးတွေ ကျွန်တော်တို့ ဖွင့်ပြောခဲ့တယ်။ အခုဖြစ်နေတာလည်း အဲဒီအတိုင်းပဲ ဖြစ်နေတာ လက်မှတ်ထိုးတဲ့ သူကျတော့ တရားမဝင် အဖွဲ့အစည်း အဖြစ်ကနေ ပယ်ဖျက်လိုက်ပြီဆိုပြီး တရားဝင် အဖွဲ့အစည်း ဖြစ်သွားပြီ။ ကျန်တဲ့ မဖြစ်တဲ့ အဖွဲ့တွေကျတော့ ဖိတိုက်နေတာပေါ့။ ဒါမဖြစ်သင့်တဲ့ ကိစ္စ” ဟု ပြောကြားသည်။နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် ရေးဆွဲခြင်းနှင့် ပတ်သက်ပြီး အားလုံးပါဝင်ရေး ဆိုရာတွင် ရွေးကောက်ပွဲ၌ လူထုထောက်ခံသည့် ပါတီများကိုသာ စဉ်းစားသင့်ပြီး ရွေးကောက်ပွဲတွင် တစ်ယောက်မှ အနိုင်မရသည့် ပါတီများကို မစဉ်းစားသင့်ဟု ၎င်းက ဆိုသည်။“နိုင်ငံရေး မူဘောင်ချမှတ်ရေး ကိစ္စ။ သူတို့က ၉၂ ပါတီ အားလုံး ပါစေချင်တယ်။ အဲဒီမှာတုန်းက ကျွန်တော်ပြောခဲ့တယ်။ သူတို့က ပါတီကြီးမို့လို့ ပါတီငယ်တွေကို နှိမ်လည်း မနှိမ်ချင်ဘူး။ ကဲ့ရဲ့တဲ့ စကားလည်း မပြောချင်ဘူး။ သို့သော်လည်းပဲ လက်တွေ့ အလုပ်ဖြစ်တဲ့ဘက်က စဉ်းစားမယ်ဆိုရင် သဘာ၀ မကျဘူး။ ဘာကြောင့် သဘာဝမကျလဲဆိုရင် ၉၂ ပါတီဆိုရင် တစ်ပါတီ တစ်ယောက်ပဲ ထားဦး ၉၂ ယောက်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ ပါမယ်။ တစ်ရာကျော်မယ်။ ဘယ်လိုနည်းနဲ့မှ ဒီရေရာတဲ့အဖြေ ရစရာ အကြောင်း မရှိဘူး” ဟု ဦးဝင်းထိန်က ပြောကြားသည်။တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် အဖွဲ့ရှစ်ဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အစိုးရနှင့် အောက်တိုဘာ ၁၅ ရက်က လက်မှတ် ရေးထိုးခဲ့ရာ အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား အသိသက်သေအဖြစ် တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်နိုင်ခြင်း မရှိ၍ တက်ရောက်ခဲ့ခြင်း မရှိပေ။လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့၏ အလုပ်အဖွဲ့ဖြစ်သော Myanmar Peace Center ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီးလည်း ပြန်လည် သုံးသပ်ရမည်ဟု ဦးဝင်းထိန်က ပြောကြားသည်။“နောက်တစ်ခုက MPC ဆိုတာ တော်တော်များများက မလေးစားတဲ့ အဖွဲ့အစည်းတစ်ခု။ အဲဒီအဖွဲ့အစည်းကို ဖျက်ပစ်ဖို့တော့ မရည်ရွယ်ပါဘူး။ သို့သော်လည်းပဲ အဲဒီ လုပ်ငန်းဆောင်တာတွေကိုတော့ ပြန်ပြီး သုံးသပ်ရမယ်” ဟု ၎င်းက ဆိုသည်။NLD အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရ ဖြစ်ပါက ပထမ ဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စများထဲတွင် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ ပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ် စည်းရုံးရေး ခရီးစဉ်များတွင် ထုတ်ဖော် ပြောဆိုထားသည်။ဒေါ်အောင်ဆန်းစုကြည်က“တိုင်းရင်းသား အရေးတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ပြောင်းသင့်တာတွေကို ပြောင်းရပါလိမ့်မယ်။ ဒီလို ပြောင်းသင့်တာတွေ ပြောင်းမှ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ရမှာပါ။ ဒုတိယ ပင်လုံညီလာခံလိုဟာမျိုး ညီလာခံတစ်ခု ခေါ်ပြီးတော့ အဲဒီလို ခေါ်တဲ့အခါမှာ ကျွန်မတို့ ထာဝရငြိမ်းချမ်းရေးအတွက် ဘာတွေ လိုအပ်တယ်ဆိုတာ ကျွန်မတို့ ကြည့်ရမှာပါ။ ထာဝရ ငြိမ်းချမ်းရေးအတွက် အခြေခံ လိုအပ်ချက်က တိုင်းရင်းသား ပြည်သူအားလုံးရဲ့ ကျေနပ်မှုပါပဲ။ ကျေနပ်မှု၊ လုံခြုံမှု၊ ချစ်ခင်မှု အဲဒီဟာတွေကို ဘယ်နည်းနဲ့ ကျွန်မတို့ ပြုစုပျိုးထောင်မလဲ ဆိုတာဟာ ညီလာခံခေါ်ပြီးတော့ ဆုံးဖြတ်ချက် ချရမှာ ဖြစ်ပါတယ်” ဟု ပြောကြားထားသည်။ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိမှုနှင့် ပတ်သက်ပြီး အစိုးရနှင့် NCA လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရော၊ လက်မှတ် မထိုးရသေးသည့် အဖွဲ့များပါ ဂုဏ်ပြုစကား ပြောကြားခဲ့ကြသည်။အစိုးရ အဖွဲ့သစ် အနေဖြင့် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆက်လက်ပြီး အလေးထား ဆောင်ရွက်သွားလိမ့်မည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း၊ ဘဝတူ ညီနောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အားလုံးအနေဖြင့် ဘုံနိုင်ငံရေး ရည်မှန်းချက် ဖြစ်သော “နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများမှတစ်ဆင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်သို့” ညီညီညွတ်ညွတ် ဆက်လက် ချီတက်ကြရန် တိုက်တွန်းကြောင်း NCA လက်မှတ်ထိုးပြီးသည့် အဖွဲ့ရှစ်ဖွဲ့က နိုဝင်ဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ပါဝင်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က လည်း NKD အနေဖြင့် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီးသည့်နောက် နိုင်ငံအတွင်း ဖြစ်ရှိနေသော ပြဿနာများစွာအနက် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ တိုင်းရင်းသား လူမျိုးများအကြား ပြန်လည် ရင်ကြားစေ့ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဦးစားပေး လုပ်ငန်းစဉ်များအဖြစ် သက်ဆိုင်ရာ အင်အားစု ပါတီအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဖော်ဆောင်သွားရန် တိုက်တွန်းခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်ရှိ အစိုးရနှင့် လည်းကောင်း၊ နောက်တက်လာမည့် အစိုးရနှင့်လည်းကောင်း UNFC အနေဖြင့် ဆက်လက် ဆွေးနွေး ညှိနှိုင်း အဖြေရှာသွားရန် အဆင်သင့်ရှိသည်ဟု နိုဝင်ဘာ ၁၂ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။
နောင်လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းမှု ရရှိစေရန် NLD ဖော်ဆောင်မည်















