‘မြန်မာ့ဆိုင်းပညာဟာ နက်နက်နဲနဲ ခက်ခဲသလို အင်မတန် ပင်ပန်းပါတယ်။ ကျန်းမာရေးလည်း ကောင်းရတယ်။ အားသွန်ခွန်စိုက် တီးရတာ’ ဆိုင်းပညာရှင် သီရိမောင်မောင်နှင့် တွေ့ဆုံခြင်း

‘မြန်မာ့ဆိုင်းပညာဟာ နက်နက်နဲနဲ ခက်ခဲသလို အင်မတန် ပင်ပန်းပါတယ်။ ကျန်းမာရေးလည်း ကောင်းရတယ်။ အားသွန်ခွန်စိုက် တီးရတာ’ ဆိုင်းပညာရှင် သီရိမောင်မောင်နှင့် တွေ့ဆုံခြင်း
Published 20 November 2015
အောင်ကျည်စိုးမြင့်

လူမျိုးတစ်မျိုး၏ အသက်သည် ယဉ်ကျေးမှုပင် ဖြစ်သည်။ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ခြင်း မရှိလျှင် လူမျိုးပါ ကွယ်ပျောက်သွားနိုင်သည်။ ယဉ်ကျေးမှုကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်းသည် မိမိလူမျိုးကို ကာကွယ် စောင့်ရှောက်ခြင်းပင် ဖြစ်သည်။ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွင် အနုပညာသည်လည်း ပါဝင်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆိုင်းပညာရှင် သီရိမောင်မောင်နှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များကို ပြန်လည် ဖော်ပြအပ်ပါသည်။
မေး- မြန်မာ့ရိုးရာ ဆိုင်းပညာကို ဘယ်လို စတင် သင်ယူခဲ့ပါသလဲ။
ဖြေ- ကျွန်တော့်ဖခင်နဲ့ မိခင်တို့က မြန်မာ့ဆိုင်းပညာရှင်များ မဟုတ်ပါဘူး။ ဝါသနာရှင် ဝန်ထမ်းပါ။ အဖေက ဝါသနာ ပါတော့ ခါးပြတ် ဆိုင်းဝိုင်းလေး ထောင်ထားပြီး အလှူမင်္ဂလာပွဲတွေမှာ ဆိုင်းပညာရှင်၊ နှဲပညာရှင် တွေခေါ်ပြီး အငှားလိုက်ပါတယ်။ ကျွန်တော့်အဖေရတဲ့ အကျိုးအမြတ်က ဆိုင်းပစ္စည်းတွေ သယ်ရပိုးရ၊ သိမ်းရဆည်းရ ထမ်းရ ပေမယ့် အဲဒီလိုနေနေရရင် ကျေနပ်ပျော်ရွှင်နေသူပါ။ ကျွန်တော့်ငယ်ဘဝမှာ လူရွှင်တော် ဦးလောရှည်ဆိုတာ အဖေ့မိတ်ဆွေပါ။ စိန်ဗိုလ်တင့် ဆိုင်းအဖွဲ့မှာ ဆိုင်းနောက်ထ လုပ်ပါတယ်။ သူက ဆိုင်းလည်းတီးတတ်တယ်။ စန္ဒရားလည်းတီးတတ်တယ်၊ သူ့ဆီမှာ စသင်ဖြစ်ခဲ့တယ်။ နောက်တော့ ဧရာဝတီတိုင်းဘက်မှာ နာမည်ကြီးတဲ့ ဗိုလ်ကလေး စိန်မြသောင်းကို အိမ်မှာဖိတ်ခေါ်ပြီး စနစ်တကျ သင်ခွင့်ရခဲ့တယ်။ ဆိုဗီယက်ပြန် စိန်ကုလားရဲ့ သားတွေနဲ့ သူငယ်ချင်းတွေမို့ အတူတူ သင်ဖြစ်တယ်။ နောက်တစ်ခါ ကျိုက်လတ်ဆရာ စိန်ဗိုလ်တင့်ဆီမှာ ဆက်သင်ဖြစ်ခဲ့တယ်။
မေး- အသက်မွေးဝမ်းကျောင်း ပညာအနေနဲ့ စတင်ခဲ့တာ ဘယ်အရွယ်က စတင်ခဲ့ပါသလဲ။
ဖြေ- ကျွန်တော့် အသက်မွေးဝမ်းကျောင်း အနေနဲ့ စတင်ခဲ့တာ ၁၆ နှစ်သားမှာပါ။ ဆရာ မလှိုင်သန်းထွန်း၊ ဆရာမယဉ်ယဉ်နု ဆိုင်းအဖွဲ့မှာ လက်ထောက် ပတ်မတီး၊ မောင်းတီးနဲ့ ငါးနှစ်ကြာ စလုပ်ဖြစ်ခဲ့တယ်။ ဆရာမက ဆိုင်းဝိုင်းကြီးကို အမျိုးသမီးတစ်ဦးအနေနဲ့ ကိုယ်တိုင်တီးနိုင်တဲ့ ပညာရှင်ပါ။  ဆရာကလည်း အနီးကပ် သင်ကြားပေးခဲ့ကြပါတယ်။ ဆရာ စိန်စတင်းတို့၊ ဆရာမ ဒေါ်ကြည်ကြည်ဝင်းတို့နဲ့ မြန်မာ့ရုပ်မြင်သံကြား စတင်ခဲ့စဉ် က မြန်မာသီချင်းကြီးတွေကို သင်ယူရင်း ရိုက်ကူးခဲ့ကြတယ်။ စန္ဒရား စစ်ကိုင်းဦးလှရွှေနဲ့တွဲပြီး တီးခတ်ခဲ့ပါတယ်။
မေး- ဘယ်အချိန်မှာ ဆိုင်းဝိုင်းကြီးကို ဦးဆောင်တီး ခဲ့ပါသလဲ။
ဖြေ- ကျွန်တော် ၁၉၈၄-၈၅ ခုနှစ်လောက် ၁၈ နှစ်သားအရွယ်မှာ ဝိုင်းခေါင်းဆောင်အဖြစ် စတင် တီးခတ်ခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ ကျော် ဒီဆိုင်းပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုနေပါတယ်။
မေး- အခု ဆိုင်းဝိုင်းကြီးမှာ သားတွေနဲ့အတူ တီးနေ တာကိုလည်း ပြောပါဦး။
ဖြေ- အခုတော့ ကျွန်တော့်သားသမီးတွေထဲ မှာ သားအကြီး ဝေယံမောင်မောင်နဲ့ သား အလတ် ဆန်းဆင့်မောင်မောင်တို့နှစ်ယောက်က ကျွန်တော်နဲ့ အတူတွဲပြီး တီးခတ် နေကြပါပြီ။ သမီး လင်းလဲ့မောင်မောင်က သီချင်းဆိုပါတယ်။ သားအကြီးက ဆိုကရေးတီးပြိုင်ပွဲ နိုင်ငံတော်အဆင့်မှာ ဆိုင်းရွှေတံဆိပ် ခြောက်ဆုရခဲ့ပြီး စန္ဒရားလည်းတီးပါတယ်။ အသံဖမ်း အင်ဂျင်နီယာလည်း လုပ်ပါတယ်။ သားလတ်က ဆိုင်းတီးရုံသာမဟုတ်ဘဲ ဒရမ်လည်းတီးပါတယ်။ရာမာယဏ ဇာတ်တော်မှာ ဒဿ ဂီရိနေရာမှာလည်း  ပါဝင်ကပြပါတယ်။
မေး- ဆရာ့အနေနဲ့ ဘယ်အရပ် ဒေသတွေမှာ သွားရောက်တီးခဲ့ပါသေးလဲ။
ဖြေ- ရွှေတိဂုံဘုရား အရှေ့မုခ်ဘက်မှာရှိတဲ့ တောင်တန်း သာသနာပြုအဖွဲ့က အဏ္ဏဝါ ဦးမောင်မောင် မြန်မာပြည်အရပ်ရပ်က ဘုရားစေတီ ထီးတင်ပွဲတွေမှာ လိုက်တီးခတ်ပါတယ်။ ရောက်ခဲ့တာတွေကတော့ ရှမ်းပြည်နယ် (တောင်ပိုင်း) (မြောက်ပိုင်း)၊ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတွေ ဘက်လည်း ရောက်ခဲ့ ပါတယ်။
မေး- နိုင်ငံခြား ခရီးစဉ်တွေအနေနဲ့ ဘယ်နိုင်ငံတွေမှာ သွားရောက် ဖျော်ဖြေ တီးခတ်ခွင့် ရခဲ့ပါသလဲ။ အတွေ့ အကြုံတွေ သိပါရစေ။
ဖြေ- နိုင်ငံခြား ခရီးစဉ်တွေကတော့ ၂၀၀၁ ခုနှစ်မှာ စင်ကာပူနိုင်ငံမှာရှိတဲ့ ခင်မင်ရင်းနှီးတဲ့ မြန်မာမိတ်ဆွေတွေက ဖိတ်ခေါ်စီစဉ်လို့ စင်ကာပူ ဘုန်းကြီးကျောင်းကို ရွှေမန်း ကိုချမ်းသာတို့နဲ့ သွားရောက်ခဲ့တာ ပထမဦးဆုံးပါ။  ၂၀၀၆ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာရှိနေတဲ့ ရွှေမန်းသဘင်က ကိုဝင်းမောင်နဲ့ ကုမ္ပဏီတစ်ခုက မိတ်ဆွေခေါ်လို့ ရွှေမန်းကိုချမ်းသာနဲ့ သွားခဲ့တယ်။ ဟိုမှာက မြန်မာဆိုင်းဝိုင်းကြီးရှိနေလို့ ဒီကဆိုင်းပစ္စည်းတွေ ယူသွားစရာမလိုပါဘူး။ မြန်မာ စကား ကျွမ်းကျင်စွာ ပြောနိုင်တဲ့ အမေရိကန်လူမျိုး မစ္စစ်ကစ်ယန်းက မြန်မာ့ဆိုင်းဝိုင်း အနုပညာအကြောင်းကို စင်မြင့်ပေါ်က ရှင်းပြပေးပါတယ်။ အဲဒီနောက် ကျွန်တော်တို့ မြန်မာဆိုင်းရဲ့ တီးခတ်မှုနဲ့အတူ အနောက်တိုင်း တူရိယာတွေရဲ့ တီးခတ်မှုနဲ့ပေါင်းပြီး တီးကြတယ်။ နိုင်ငံခြားသား ဧည့်ပရိသတ်တွေ အင်မတန် စိတ်ဝင်စား နှစ်သက်တာကို မြင် ရပါတယ်။ ကိုဝင်းမောင်နဲ့ ကိုချမ်းသာတို့ ညီအစ်ကိုအကနဲ့ ကျွန်တော့်ဆိုင်းဝိုင်းကြီး တီးခတ်မှုတွေဟာ သူတို့အဖို့ အင်မတန် အံ့သြစရာကောင်းတဲ့ ထူးခြားတဲ့ အနုပညာအဖြစ် မြင်တွေ့ရပါတယ်။ ၂၀၀၈ ခုနှစ်မှာ အင်္ဂလန် ဆရာတော် ဖိတ်ခေါ်မှုကြောင့် ဗုဒ္ဓဘာသာ ထွန်းကားရေးနဲ့ ယဉ်ကျေးမှုပြန့်ပွားရေး အတွက်ဆောင်ရွက်ရင်း အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံတွေကို ရောက်ခဲ့ပါတယ်။ ရွှေမန်းသဘင်က ကိုချမ်းသာတို့ ဇာတ်သဘင်အဖွဲ့နဲ့ ကျွန်တော့်အဖွဲ့ပေါင်း လူအင်အား ၂၀ လောက်ပါဝင်ပြီး ရက်ပေါင်း ၂၀ လောက် ကြာခဲ့ပါတယ်။ ကျွန်တော် အင်္ဂလန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေကို သုံးခေါက် ရောက်ခဲ့ပါတယ်။
မေး- အင်္ဂလန်ကို ရောက်နေတဲ့အချိန်မှာ ကြုံတွေ့ခဲ့ တာလေးတွေ ပြောပါဦး။
ဖြေ- နော်ဝေနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ကိုယ်တိုင် တက်ရောက် လက်ခံယူပြီး အင်္ဂလန်နိုင်ငံကို လှည့်ဝင်လာပါတယ်။ အင်္ဂလန်နိုင်ငံ ရောက်နေကြတဲ့ မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုကြိုဆို နှုတ်ဆက်ဖို့ စီစဉ်ကြပါတယ်။ ကျွန်တော်တို့အဖွဲ့နဲ့အတူ အဆိုတော် ဒေါ်မာမာအေး၊ စန္ဒရားဒေါက်တာ လှဘူးတို့နဲအတူ တီးခတ်ပြီး ဂုဏ်ပြုနှုတ်ဆက်ပွဲမှာ ပါဝင်ခဲ့ရတာ ဘဝတစ်သက်တာအတွက် မမေ့နိုင်စရာပါပဲ။ အဲဒီပွဲမှာ မြန်မာတွေက လူဦးရေ ၈၀၀၀ လောက်နဲ့ အင်္ဂလိပ်လူမျိုးတွေ၊ နိုင်ငံခြားသားတွေ အားလုံးပေါင်း လူဦးရေ တစ်သောင်းလောက် အခမ်းအနား တက်ရောက်တယ်။ ပွဲကျင်းပတဲ့ ခန်းမကြီးက ပရိသတ် ၁၂၀၀၀ လောက် ဆံ့တယ်။ ကြည်နူးပီတိ ဖြစ်လွန်းလို့ မြန်မာပရိသတ်တွေ ဝမ်းသာလွန်းလို့ မျက်ရည်ကျကြတယ်။
နောက်ပြီးတော့ ကမ္ဘာ့အိုလံပစ်ပွဲတော်ကြီးနဲ့ ကြုံတာကြောင့် အာရှစတိတ်မှာ သားအဖနှစ်ယောက် တီးခတ်ခွင့် ရခဲ့သေးတယ်။  ပွဲမတိုင်ခင် နှစ်ရက်မှာပေါ့။ ကျွန်တော်တို့ ဆိုင်းအဖွဲ့မှာ ရှစ်ယောက်ပါသွားတယ်။ သူ တို့က အင်တာနက်မှာ ကျွန်တော်တို့တီးတာတွေ ကြည့်ဖူးတယ်။ ကျွန်တော်တို့သားအဖ နှစ်ယောက်က ဆိုင်းနဲ့ ပတ္တလားတီးပြီး  တရုတ်၊ ဖိလစ်ပိုင်၊ အိန္ဒိယနိုင်ငံ ဂီတပညာရှင်တွေလည်း အတူတကွ ပါဝင်တီးခတ်ကြပါတယ်။ နိုင်ငံတကာ ဂီတ သင်္ကေတတွေနဲ့ပေါ့။ ဂီတမှူးက အိန္ဒိယနိုင်ငံက လူငယ်လေးပါ သူက မြန်မာနိုင်ငံကို ရောက်ဖူးတယ်။
မေး- ဆရာ အခု မြန်မာ့ဂီတ ဆိုင်းပညာနဲ့ ဘာတွေ ဆောင်ရွက်နေပါသလဲ။
ဖြေ- ကျွန်တော် နိုင်ငံတော် ဆိုကရေးတီး ပြိုင်ပွဲမှာ ရွှေတံဆိပ် ၁၉ ခု၊ ငွေတံဆိပ်နှစ်ခု ရခဲ့ပြီး နေပြည်တော်က ပြိုင်ပွဲတွေမှာ ဆိုင်းပညာ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်နေပါတယ်။ မြန်မာ့ဆိုင်းဝိုင်းမှာလည်း ဂီတသင်္ကေတတွေနဲ့ တီးတတ်နေကြပါပြီ။ နိုင်ငံတကာက ဆင်ဖိုနီ အော်ကက်စတြာတွေမှာ ကွန်ဒက်တာလို့ခေါ်တဲ့ တီးဝိုင်းခေါင်းဆောင်က ရှေ့ဆုံးကနေ အချက်ပြတယ်။ သူပြနေတာကို ကြည့်ပြီးတီးရတာ။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဗမာ့ဆိုင်းဝိုင်းမှာ ပတ်ဝိုင်းဆရာက ခေါင်း ဆောင်ပဲ ၊ ပတ္တလား၊ ကြေးနောင်၊ ပတ်မကြီး၊ စခွန့်၊ နှဲ၊ မောင်း စတဲ့ တီးခတ်သူတွေကို နားစောင့်လို့ ခေါ်တဲ့ ဆိုင်းခေါင်းဆောင်ရဲ့ ဦးခေါင်းလှုပ်တာနဲ့ တစ်ပြိုင်တည်း စတီး၊  ဦး ခေါင်းလှုပ်တာနဲ့ တစ်ပြိုင်တည်း ရပ်ရတာ လေ။ အခုခေတ်မှာ လူငယ်တွေက နိုင်ငံခြား တူရိယာတွေကိုသာ တီးခတ်ချင်နေကြတယ်။  မြန်မာ့ဆိုင်းပညာကို လက်ဆင့်ကမ်း သင်ယူချင်စိတ် နည်းနေပြီ။ ယဉ်ကျေးမှုတက္ကသိုလ် ဇာတ်သဘင်ဌာနမှာ သင်ကြားပေးနေတာကြောင့် မျိုးဆက်သစ် ပညာရှင်တွေတော့ ရှိလာနေပြီလေ။ မြန်မာ့ဆိုင်းပညာဟာ နက်နက်နဲနဲ ခက်ခဲသလို အင်မတန် ပင်ပန်းပါတယ်။ ကျန်းမာရေးလည်း ကောင်းရတယ်။ အားသွန်ခွန်စိုက်တီးရတာ။ မြန်မာမှု ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဆိုရာမှာ သားရေဗုံလုံးတွေကို လက်နဲ့ပုတ်တီးရတာလေ၊ ညဘက်တီးပြီးရင် မနက်ကျ ဗုံတွေကိုတောင် မကြည့်ချင်ဘူး။ ပွဲစမတီးခင် သွေးပူအောင် ခုံစောင်းတွေ၊ ပတ်လုံးကြီးတွေကို လက်နဲ့ ရိုက်ရတာ သွေးပူသွားရင်တော့ တီးပေရော့ ပဲ။ မနက်ကျရင် လက်ချောင်းတွေ အရမ်းနာ တယ်။ ဒါပေမဲ့ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းပဲလေ။ ပွဲရာသီအတွက် တီးလုံးအသစ်တွေ တီထွင်ရတယ်။ သားကြီး ဝေယံမောင်မောင်ကလည်း ဒီနှစ်မှာ ဝိုင်းခေါင်းဆောင်အဖြစ် စတင်ေ ဆာင်ရွက်တော့မှာပါ။ ကျွန်တော်တို့အဖွဲ့ သြဂုတ် ၈ ရက်မှာ ရွှေမန်း သဘင်ဦးချမ်းသာ၊ တင်မောင်ဆန်းမင်းဝင်း တို့နဲ့အတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှာ ဖျော်ဖြေပွဲသွားရဦးမှာပါ။                    

Most Read

Most Recent