ဂန့်ဂေါမြို့နယ် အတွင်းရှိ ကျေးရွာများတွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချသော စာရွက်နှင့် စီဒီခွေများ ဖြန့်ဝေမှု ဆက်လက် ဖြစ်ပေါ်

ဂန့်ဂေါမြို့နယ် အတွင်းရှိ ကျေးရွာများတွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချသော စာရွက်နှင့် စီဒီခွေများ ဖြန့်ဝေမှု ဆက်လက် ဖြစ်ပေါ်
Published 30 October 2015
အောင်သူထွန်း(ကလေးမြို့)

ဂန့်ဂေါမြို့နယ် အတွင်းရှိ ကျေးရွာများတွင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချထားသော စာရွက်များနှင့် စီဒီခွေများ ဖြန့်ဝေမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
“ဒီလို စီဒီခွေတွေ ဖြန့်ချိတယ် ဆိုတာက NLD ကို ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်တာ ဖြစ်ပါတယ်။ တိပိဋက မော်ကျွန်း ဆရာတော်ရဲ့ တရားဆိုပြီး ဖြန့်တာပါ။ ဒါပေမဲ့ အထဲမှာတော့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက တိုက်ခိုက်ထားတာ တွေ့ရတယ်။ ပါတီကြီး တစ်ခုက တိုက်ခိုက်နေတယ်လို့ ယူဆရပါတယ်။  စီဒီခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးဖို့ ဟောထားတယ်။ အဲဒီ စီဒီခွေ အဖုံးမှာ တိပိဋက မော်ကျွန်း ဆရာတော်ဆိုပြီး ရေးထားတယ်။ အဲဒီဆရာတော်ရဲ့ တရားကို မနာဖူးတော့ ဆရာတော်ရဲ့ အသံဟုတ်၊ မဟုတ် ကျွန်တော်တို့ မသိဘူး။ အဲဒီခွေတွေထဲမှာ နိုင်ငံရေး ကိစ္စတွေ ပါတယ်ဆိုပြီး ကန်သာရွာ ဗောဓိရိပ်သာ ကျောင်းမှာ ဆရာတော်ကို ပြောတော့ ဆရာတော်က သူကိုယ်တိုင် နားထောင်ကြည့်ပြီး ဟုတ်တယ် ဆိုပြီးတော့ သူ့ဆီမှာရှိတဲ့ စီဒီခွေတွေပါ အပ်လိုက်ပြီး သူဖြန့်ထားတဲ့ စာရင်းတွေပါ ပေးလိုက်တယ်။ အရင်ကတော့ တရားခွေဆိုပြီး ဘုန်းကြီးတွေက ဖြန့်နေတာပါ။ စီဒီခွေ ၄၆ ခွေ သိမ်းမိတယ်။ နိုင်ငံရေးအရ NLD ပါတီကို အပုပ်ချထားတာတွေ ပါတယ်ဆိုပြီး တားတော့ ဘုန်းကြီးတွေက ဆက်မဖြန့်တော့ဘူး။ ဘုန်းကြီးတွေ ဖြန့်တဲ့အခွေနဲ့ ပြည်ခိုင်ဖြိုးက ဖြန့်သွားတဲ့ တစ်ခွေနဲ့က အတူတူ ဖြစ်နေတယ်။ အခုလို ရွေးကောက်ပွဲနီးတဲ့ အချိန်မှာ ဒီလို အောက်လမ်းနည်းတွေ သုံးနေတယ်ဆိုတာ ရွေးကောက်ပွဲ အပေါ်မှာ မရိုးသားဘူးဆိုတာ ထင်ထင်ရှားရှား ပြတော့တာပေါ့။ ဘာသာရေးကို အခြေခံပြီးတော့ စည်းရုံးပွဲတွေ ပြုလုပ်တယ် ဆိုတာကလည်း အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေကိုလည်း ချိုးဖောက်ပါတယ်။ ဘာသာရေးကို အသုံးချထားတာလေ။ မြောက်ခရမ်း ရွာမှာလည်း ဒီလိုဖြစ်စဉ်ဖြစ်လို့ တရားစွဲထားတာတွေ ရှိပါတယ်။ အဲဒီကိစ္စကို ညှိနှိုင်းဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို အောက်တိုဘာ ၃၀ ရက်မှာ ချိန်းထားပါတယ်” ဟု NLD ပါတီမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်ဇော်က ပြောကြားသည်။
အောက်တိုဘာ ၂၄ ရက်တွင် တောင်ခင်ရန်း ကျေးရွာသား တစ်ဦးကို အဆိုပါ စာရွက်များ ဖြန့်ချိ၍ ရပ်ကျေး ကော်မရှင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ရှေ့တွင် ခံဝန်ကတိ လက်မှတ်ရေးထိုး စေခဲ့သည်ဟု သိရသည်။
အောက်တိုဘာ ၂၈၊ ၂၉ ရက်များတွင် ဂန့်ဂေါမြို့နယ် လယ်ကြီး၊ ဟံသာဝတီ၊ ဘောပြင်း၊ ကန်ရွာ၊ ကန်သာ၊ ရွှေဘို၊ တောင်ခင်ရန်း၊ သင်တော၊ ရေရှင်၊ ရဲလှ၊ ကျောက်ချပ်၊ မွှေ့လယ်၊ မိုးစိုရွာမ၊ လက်ပန်၊ တောင်ယာပြင်၊ ချောင်းကောက်၊ မိုးစိုးရွာသစ်၊ သားကောင်း ရှဉ်းရှည်၊ ချောင်းနက်ရွာ များတွင် စာရွက်ဖြန့်ဝေမှုနှင့် စီဒီခွေ ဖြန့်ဝေမှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent