၁၈ နှစ်အရွယ် မိန်းကလေးအား နေအိမ်တွင် တစ်လနီးပါးကြာ ချုပ်နှောင်နှိပ်စက်ပြီး သားမယားအဖြစ် ပေါင်းသင်းနေထိုင်သူ အမျိုးသားကို ဖမ်းဆီး

၁၈ နှစ်အရွယ် မိန်းကလေးအား နေအိမ်တွင် တစ်လနီးပါးကြာ ချုပ်နှောင်နှိပ်စက်ပြီး သားမယားအဖြစ် ပေါင်းသင်းနေထိုင်သူ အမျိုးသားကို ဖမ်းဆီး
Published 27 October 2015

ချစ်ကြိုက်နေသည်ဟု ဆိုသည့် မိန်းကလေးအား နေအိမ်အတွင်း ချူပ်နှောင် နှိပ်စက်ပြီး သားမယား ပြုကျင့်ခဲ့သည့် အမျိုးသား တစ်ဦးအား ဝေဘာဂီနယ်မြေ ရဲစခန်းမှ အောက်တိုဘာ ၂၅ ရက်က ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ စုံစမ်းသိရသည်။ကျူးလွန်သူမှာ စိန်ချယ်လမ်း၊ (ဌ) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့တွင် နေထိုင်သည့် ကို.........(၃၄) နှစ် ဆိုသူ ဖြစ်ပြီး ၎င်းနှင့် ချစ်ကြိုက်နေသည်ဟု ဆိုသည့် အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် လက်မှတ်ရောင်းသည့် အလုပ်ကို လုပ်ကိုင်သည့် မ........(၁၈)နှစ်အား စက်တင်ဘာ ၂၃ ရက်တွင် နေအိမ်သို့ ခေါ်ဆောင်ကာ သားမယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း သိရသည်။ထို့နောက် မ...... (၁၈) နှစ်က ၎င်း၏နေအိမ်အား ပြန်လည်ပို့ဆောင်ပေးရန် ပြောဆိုရာ လက်မခံဘဲ မ....... (၁၈)နှစ်၏ ခြေထောက်အား သံကြိုးဖြင့် ချည်နှောင်ခဲ့ပြီး ကို........ (၃၄)နှစ်က မ...... (၁၈)နှစ်အား လက်သီးနှင့်ထိုး၊ စတီးဓားဖြင့် ဆွဲခြစ်ခြင်း၊ ကြက်မွေး လက်ကိုင်တုတ်ဖြင့် ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ထိုသို့ နှိပ်စက်ခံရသဖြင့် မ....... (၁၈)နှစ်မှာ အောက်တိုဘာ ၂၂ ရက်တွင် နေအိမ်သို့ ဖုန်းဆက် အကြောင်းကြားသဖြင့် မိခင်ဖြစ်သူက ဝေဘာဂီနယ်မြေ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။ယင်းသို့ လာရောက်တိုင်ကြားသဖြင့် ဝေဘာဂီနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူများသည် နေအိမ်အတွင်း မိန်းကလေးတစ်ဦးအား ဖမ်းဆီးချုပ်နှောင် နှိပ်စက်ပြီး သားမယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့သည့် ကို........ (၃၄)နှစ်အား (ပ)၅၃၁/၂၀၁၅၊ ပြစ်မှုပုဒ်မ -၃၆၅/၃၂၅/၃၂၄ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent