တစ်ပြည်လုံးတွင် အောက်တိုဘာ ၂၆ ရက်မတိုင်မီ ကိုယ်ပိုင်ယာဉ်နှင့် ယာဉ်ကြီးများဖြင့် သစ်ခိုးထုတ်မှု ၁၅ မှု ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
တစ်နိုင်တစ်ပိုင် အနေအထားဖြင့် ယာဉ်ငယ်များ၏ နောက်ဖုံးများတွင် သစ်တုံးများကို ဖြတ်ပိုင်းကာ သယ်ယူခြင်း၊ ခြောက်ဘီးယာဉ်၊ ၁၂ ဘီးယာဉ်များဖြင့် လျှို့ဝှက်စွာ သယ်ယူမှုများ အပါအဝင် ရေယာဉ်များဖြင့် သစ်ခိုးထုတ်မှုများကို ဖမ်းဆီးရမိခဲ့သည်။
သစ်တုံးများ ဖမ်းဆီးရမိမှု အခြေအနေအရ တစ်တန်အောက် လျော့နည်းသည့် အမှုများနှင့် အများဆုံး ၂၅ တန်အထိ သယ်ဆောင်သော ယာဉ်များကို ဖမ်းဆီးရမိခဲ့သည်။
ရန်ကုန်၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ရှမ်းနှင့် မန္တလေးတိုင်း ဒေသကြီးတို့အတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ ဈေးကောင်းပေး ဝယ်လေ့ရှိသော တမလန်းသစ် အများဆုံး ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် တံခါးအဖြစ် ပုံဖော်ထားပြီဖြစ်သော ကျွန်းသစ်၊ ကညင်တို့ကိုပါ ဖမ်းဆီးရမိခဲ့ပြီး ပြည်တွင်းဈေးကွက်နှင့် ပြည်ပနိုင်ငံသို့ တင်ပို့ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်ငယ်များဖြင့် သစ်ခိုးယူ သယ်ဆောင်မှုမှာ လွန်ခဲ့သည့် တစ်နှစ်ကတည်းက ကျယ်ပြန့်စွာ လုပ်ကိုင်နေခြင်းဖြစ်ပြီး တရုတ်နှင့် မြန်မာနိုင်ငံနယ်စပ်ရှိ သစ်ဈေးကွက်သို့ တင်ပို့ ရောင်းချနေခြင်း ဖြစ်သည်။
သစ်မှောင်ခိုဈေးကွက် ကျယ်ပြန့်လာမှု၊ သစ်ဈေးကွက် ကောင်းမွန်နေခြင်းနှင့် တရုတ်နိုင်ငံဘက်မှ သစ်ဖြတ်စက်များ အလွယ်တကူ ဝင်ရောက်နေမှုကြောင့် ပြည်တွင်း တရားမဝင် သစ်ခုတ်သူ များလာကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် တရားမဝင် သစ်ခုတ်လှဲမှုများနှင့် သစ်ခိုးထုတ်မှုများမှာ စိုးရိမ်ဖွယ် အခြေအနေနှင့် ရင်ဆိုင်နေရပြီး ကချင်ပြည်နယ်ဘက်တွင် သစ်တောများ ကုန်သလောက် ဖြစ်နေပြီး ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင်လည်း သစ်တောများ ပြုန်းတီးသွားရန် အကြီးအကျယ် ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။
တစ်ပြည်လုံးတွင် အောက်တိုဘာလအတွင်း ကိုယ်ပိုင်ယာဉ်နှင့် ယာဉ်ကြီးများဖြင့် သစ်ခိုးထုတ်မှု ၁၅ မှု ဖမ်းဆီးရမိ