နောင်ချိုမြို့အဝင် စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ဆောင်ရွက်စဉ် ပစ္စတို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား

နောင်ချိုမြို့အဝင် စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ဆောင်ရွက်စဉ် ပစ္စတို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား
Published 23 October 2015
ထွန်းနေလှိုင်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန္တလေး-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ နောင်ချိုမြို့အဝင် အေးရှားဝေါလ် တိုးဂိတ်အနီးတွင် အောက်တိုဘာလ ၂၂ ရက်နေ့ည (၇) နာရီ (၅၀) အချိန်က လားရှိုး မူးယစ်တပ်ဖွဲ့စု (၂၄) မှ Mark-II အဖြူရောင်ယာဉ်အား မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးနှင့် လက်နက်ခဲယမ်းများ ရှာဖွေဆောင်ရွက်စဉ် ယာဉ်ပေါ်ပါလာသူမှ ပစ္စတို သေနတ်ဖြင့် ခုခံပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်ပေါ်တွင် ယာဉ်မောင်းသူနှင့် စီးနင်းလိုက်ပါလာသူ စုစုပေါင်း (၂) ဦးအား တွေ့ရှိရပြီး ယာဉ်မောင်းသူအား မူးယစ်တပ်ဖွဲ့စု (၂၄)မှ တာဝန်ရှိသူများက စစ်ဆေးစဉ် ယာဉ်မောင်းမှာ ကောင်းမွန်စွာ စစ်ဆေးခံသော်လည်း အတူ လိုက်ပါလာသူက စစ်ဆေးခံရန် ဟန်ပြပြီး ရုတ်တရက် ထိုင်ချကာ ပစ္စတို သေနတ်ဖြင့် (၄/၅) ချက်ခန့် ခုခံ ပစ်ခတ်သဖြင့်  နောင်ချို မြို့မ ရဲစခန်းမှ လုံခြုံရေး ကင်းတာဝန်ကျသူက M-22 သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရကြောင်း သိရသည်။ပြန်လည် ပစ်ခတ်မှုကြောင့် ခုခံ ပစ်ခတ်သူသည် ယာဉ်ပေါ်သို့ ပြန်လည်တက်ရောက်၍ အေးရှားဝေါလ် တန်ပိုစစ်ဆေးရေးဂိတ်ရှိ ကုန်တင်ကားများ တန်ပိုချိန်သည့် ကတ္တားချိန်သော လမ်းမှ မောင်းတံအား တိုက်ပြီး ပြင်ဦးလွင်ဘက်သို့ မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။“ဒီကားကို မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတွက် ရှာဖွေတဲ့အခါ ယာဉ်မောင်းက အသာတကြည် စစ်ဆေးခံပါတယ်။ ယာဉ်ပေါ်ပါလာတဲ့ နောက်တစ်ယောက်ကတော့ သူလွယ်လာတဲ့ ရှမ်းလွယ်အိတ်ထဲကို နှိုက်ပြီး စစ်ဆေးဖို့ လုပ်တဲ့အခါမှာ ကျွန်တော်တို့ကို အန္တရာယ်ပြုတော့မယ်လို့ ယူဆလို့ သူ့ကို တားဆီးပါတယ်။ တားဆီးတဲ့ အချိန်မှာ သူက ရုတ်တရက် ထိုင်ချလိုက်တယ်။ ပြီးတော့ သေနတ်ကို ထုတ်ပြီး ပစ်တာပါ။ လုံးထွေးပြီး လူကွဲတဲ့ အချိန်မှာ ဒီဘက်က ပစ်လိုက်တာ တရားခံကို ထိသွားတယ်လို့တော့ ယူဆရပါတယ်။ ဒါပေမယ့် ဘယ်နေရာကို ထိတယ် ဆိုတာကတော့ မသိပါဘူး။ နောက်သူက ပြန်ခံပစ် ကားပေါ်ပြန်တက်ပြီး အေးရှားဝေါလ်တိုးဂိတ်က ကုန်တင်ကားတွေ တန်ပိုချိန်တဲ့ ကတ္တားချိန်တဲ့ လမ်းကနေ မောင်းတံကိုတိုက်ပြီး မောင်းပြေးသွားပါတယ်။ တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ်။ သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုံစမ်းဖော်ထုတ် နေပါတယ်။ ဘယ်အဖွဲ့က ဆိုတာကတော့ လောလောဆယ် မသတ်မှတ်နိုင်သေးဘူး” အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စုမှူး၊ ရဲမှူး ရဲနိုင်က ဆိုသည်။အခင်းဖြစ်မှုကြောင့် ၉ မမကျည်ခွံ(၄)ခု၊ ဂျန့်ဖြစ်သွားသည့် ၉ မမကျည်(၁)တောင့်နှင့်အတူ ၎င်းကျန်ခဲ့သော အဝါရောင် ရှမ်းလွယ်အိတ် (၁) လုံး အတွင်းရှိ (၁၀၀၀) ကျပ်တန် ငွေစက္ကူ (၃၀) ရွက်၊ နေရပ် နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာနေ မှတ်ပုံတင် (၁)ခု စစ်ဆေးတွေ့ရှိခဲ့ရကြောင်း လားရှိုး မူးယစ်တပ်ဖွဲ့စု (၂၄)မှ သိရသည်။

Most Read

Most Recent