ရွှေအတု လိမ်လည် ရောင်းချမှုဖြင့် တရုတ်နိုင်ငံသား သုံးဦးအား အလုံမြို့နယ် တရားရုံးတွင် ဆက်လက် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေး

ရွှေအတု လိမ်လည် ရောင်းချမှုဖြင့် တရုတ်နိုင်ငံသား သုံးဦးအား အလုံမြို့နယ် တရားရုံးတွင် ဆက်လက် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေး
Published 21 October 2015
ပြည့်ဖြိုးအောင်

ရန်ကုန်မြို့အတွင်း ရွှေအတု လိမ်လည် ရောင်းချမှုကြောင့် အင်းစိန်ထောင်၌ ချုပ်နှောင် ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား သုံးဦးအား အလုံမြို့နယ် တရားရုံး၌ အောက်တိုဘာ ၂၁ ရက်က ဆက်လက် ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် တရားလိုပြ သက်သေအဖြစ် ၎င်းတရုတ်နိုင်ငံသား သုံးဦး တည်းခိုခဲ့သည့် မိုတယ်မှ မန်နေဂျာအား စစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ရုံးချိန်းအား အောက်တိုဘာ ၃၀ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။“ဒီနေ့ကတော့ သူတို့ တည်းခိုခဲ့တဲ့ မိုတယ်ရဲ့ မန်နေဂျာကို စစ်ဆေးခဲ့တာပါ။ သ့ူမိုတယ်မှာ လာတည်းတယ် ဆိုတဲ့အကြောင်း၊ ဧည့်စာရင်း ကိစ္စတို့ အဲဒါတွေကို စစ်ဆေးခဲ့ပါတယ်။ နောက်ရုံးချိန်းကိုတော့ တရားလိုပြ သက်သေနှစ်ဦးကို စစ်ဖို့ ၃၀ ရက်နေ့ကို ချိန်းခဲ့ပါတယ်” ဟု တရုတ်နိုင်ငံသား သုံးဦး၏ အကျိုးဆောင်ရှေ့နေ ဦးမြင့်စိုးက ပြောကြားသည်။အမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ ၁၇ ဦးအား တင်ပြထားပြီး တရားလိုပြ သက်သေ ၁၄ ဦးအား စစ်ဆေးခဲ့ပြီးဖြစ်သည်။အဆိုပါ တရုတ်နိုင်ငံသား သုံးဦးအနက် Yang Huiping (၄၄) နှစ်၊ နိုင်ငံကူးလက်မှတ် အမှတ် (E 3460942) နှင့် Yang Huiping (44) နှစ်၊ နိုင်ငံကူး လက်မှတ်အမှတ် (E 3460942) တို့နှစ်ဦးကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက အလုံမြို့နယ် ဆင်မင်းဈေးရှေ့တွင် အမေရိကန်ဒေါ်လာ တစ်သိန်းခန့် (မြန်မာကျပ်ငွေ သိန်းတစ်ထောင်ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ယင်းနောက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းရာတွင် ငွေများနှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်း မရှိဘဲ အလုံမြို့နယ် အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် တွေ့ရှိခဲ့ပြီး ထပ်မံစစ်ဆေးရာမှ ရွှေအတုများ လိမ်လည်ရောင်းချနေခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ကျန်တရုတ်နိုင်ငံသား တစ်ဦးဖြစ်သည့် ZHUHAIYUA (၄၃)နှစ် နိုင်ငံကူးလက်မှတ် အမှတ် (E-37117470) ကိုင်ဆောင်သူအား ကြည့်မြင်တိုင်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။၎င်းတို့ သုံးဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျန်ရှီးပြည်နယ် လင့်ထရံမြို့နယ် လွေ့ကျင်းမြို့ ချွမ်းထိုးရွာတွင် နေထိုင်သူများဖြစ်ပြီး မြန်မာနိုင်ငံသို့ Business ဗီဇာဖြင့် ရောက်ရှိနေသူများဖြစ်ကြောင်း သိရသည်။အဆိုပါ တရုတ်နိုင်ငံသား သုံးဦးကို အလုံမြို့မ ရဲစခန်းမှ (ပ)၂၅၅/၂၀၁၅၊ ပုဒ်မ- ၄၂၀ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။အလားတူ ပြီးခဲ့သည့် သြဂုတ်လ အတွင်းကလည်း ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ကျောက်မျက်ရောင်းဝယ်ရေးဆိုင် တစ်ဆိုင်မှ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်နေ Liu Jian Yue (၄၇) နှစ်နှင့် Yang Jian Zhang (၅၁)နှစ်တို့သည် ငွေကျပ် ၁၅ သိန်းခန့် တန်ဖိုးရှိ ကျောက်စိမ်းပြား ခိုးယူခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာ စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ရာ ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။    

Most Read

Most Recent