မြဝတီနယ်စပ် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ သော့ခတ်ပိတ်ထားသော တံခါးအား အောက်တိုဘာ ၁၈ ရက် နံနက် ၁ နာရီ ၄၅ မိနစ်အချိန်က ယာဉ်မောင်းတစ်ဦးက အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်ဖြင့် ဝင်တိုက်ပြီး ဆက်လက်မောင်းနှင်ပြေးရာ ထိုင်းနိုင်ငံဘက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ယာဉ်မောင်း ချမ်းမြေ့အောင်သည် မြဝတီမြို့ အမှတ် (၃) ရပ်ကွက် ကုန်လှောင်ရုံ၌ သောက်စားမူးယစ်နေ၍ ဌေးကိုဆိုသူက ဆိုဆုံးမသည်ကို မကျေနပ်ဖြစ်ကာ သော့တန်းလန်းနှင့် အသင့်တွေ့ရသော ကားကို မောင်းလာခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်တင်ယာဉ်နှင့် တိုက်မိခြင်းကြောင့် ချစ်ကြည်ရေး တံတား၏ တံခါးပေါက် နှစ်ဖက် ကျိုးပဲ့ ပျက်စီးခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။“ဝုန်းဆိုတဲ့ အသံနဲ့အတူ အိမ်ပါ တုန်ခါသွားတယ်။ တံခါးပိတ်ထားတဲ့ တံတားပေါ် ကုန်ကားကြီးတစ်စီး ဒယိမ်းဒယိုင် တက်သွားတယ်။ မီးတိုင်ကို ဝင်တိုက်တယ်။ ပြီးတော့ ဆက်မောင်းပြေးသွားတာ တွေ့တယ်။ မူးရူးနေလို့လား၊ ဆေးကြောင်နေလို့လားတော့ မသိပါဘူး။ နေ့ဘက်ဆိုရင်တော့ လူတွေကားတွေနဲ့ အရမ်း အန္တရာယ် များပါတယ်” ဟု ချစ်ကြည်ရေးတံတား အနီးရှိ ရွှေတံတားကြီး တည်းခိုခန်းပိုင်ရှင် ဦးထွန်းအောင်က ပြောကြားသည်။၁၂ ဘီးယာဉ်ပေါ်၌ ပါလာသည့် ယာဉ်နောက်လိုက်ဖြစ်သူ ဝင်းနိုင် (၂၂ နှစ်) ဟင်္သာတမြို့ နေသူမှာ တံတား တံခါးသံတိုင်နှင့် တိုက်မိပြီး ပြုတ်ကျခဲ့ကာ သတိမရကြောင်းလည်း သိရသည်။အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည့် မြဝတီခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက တိုက်ပြီး ထွက်ပြေးသွားသည့် ယာဉ်နှင့် ယာဉ်မောင်းအား ထိုင်းနိုင်ငံဘက်သို့ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ ယာဉ်မောင်းအား ထိုင်းနိုင်ငံ မယ်ပ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးပြီး ထိုင်းရဲတပ်ဖွဲ့မှ နိုင်ငံဖြတ်ကျော် မှုခင်းအပြင် ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် မြန်မာနိုင်ငံ မြဝတီ ရဲစခန်းမှလည်း ချမ်းမြေ့အောင်အား ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ နိုင်ငံပိုင်ပစ္စည်း အကျိုးပျက်စီးမှု၊ တရားမဝင် နိုင်ငံဖြတ်ကျော်မှု၊ ဝတ္တရား နှောင့်ယှက်မှုများအပြင် ကားပေါ်၌ ဓားတွေ့ရှိခြင်းကြောင့် လက်နက်မှုဖြင့်ပါ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။သို့ဖြစ်၍ မော်တော်ယာဉ် မဆင်မခြင် မောင်းနှင်သူ ချမ်းမြေ့အောင် (၁၉)နှစ် (ဘ) ဦးဝင်းမြင့်၊ မြင်းခြံမြို့ အမှတ်(၇) ရပ်ကွက် ဘဘကြီးလမ်း နေထိုင်သူအား မြဝတီ ရဲစခန်းမှ ယာဉ် (ပ)၆၈/၂၀၁၅ ပြစ်မှု ပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈ တို့ဖြင့် အရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြဝတီနယ်စပ် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား ပိတ်ထားချိန်တွင် တံခါးအား ဝင်တိုက်ပြီး ထွက်ပြေးသည့် ကုန်တင်ယာဉ်ကို ထိုင်းနိုင်ငံဘက်၌ ဖမ်းဆီးရမိ