ဘာဝနာကထာ

ဘာဝနာကထာ
Published 11 September 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ဘာဝနာဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း နောက်ဆုံး လုပ်ရမယ့် အမြင့်ဆုံး အဆင့်လို့ ယေဘုယျ နားလည် ထားကြတယ်။ အမှန်က လူတိုင်း နေ့စဉ် ကျင့်သုံးရမှာက ဘာဝနာပါပဲ။ တိုးတက် လိုချင်သူတိုင်း ဘာဝနာ အလုပ်ကို လုပ်ရမယ်။ ကြီးပွား လိုသူတိုင်း ဘာဝနာ အလုပ်ကို လုပ်ရမယ်။ အမှန်တော့ ဘာဝနာ ဆိုတာ စိတ်ပိုင်းဆိုင်ရာ တိုးတက် မြင့်မားကြီးပွားမှု ပါပဲ။လောဘ၊ ဒေါသ၊ မာန်မာနနှင့်၊ ဣဿာ မစ္ဆေ၊ နည်းပါးစေ၍၊ စိတ်နေ စိတ်ထား၊ သဒ္ဓါပွားလျက်၊ ကြီးမားမြင့်မြတ်၊ ဖြစ်စေတတ်၊ မှတ်လေ ဘာဝနာ။(မဟာဂန္ဓာရုံဆရာတော်)    သဒ္ဓါပွားလျက်ဆိုတဲ့ နေရာမှာ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိ တာ၊ ဥပေက္ခာစတဲ့ ကောင်းမြတ်တဲ့ စေတသိက် တရားတွေ အားလုံး ထည့်ရပါမယ်။နည်းပါးစေရမှာက လောဘ၊ ဒေါသ၊ မာန်မာန၊ ဣဿာမစ္ဆရိယ စတဲ့ အကုသိုလ် တရားတွေ၊ တရားဆိုးတွေ။ တိုးပွားစေရ ပွားများစေ ရမှာက သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုတဲ့ စိတ်ခွန်အား တရားငါးပါး၊  မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရား လေးပါး၊ သဒ္ဓါ၊ သတိ၊ ဟိရီ၊ သြတ္တပ္ပ၊ ဝီရိယ၊ သုတ၊ ပညာဆိုတဲ့ သူတော်ကောင်း တရားခုနစ်ပါး၊ အထက်ပါ ခုနစ်ပါးမှာ သတိအစား သီလ၊ ဝီရိယအစား စာဂထည့်က သူတော်ကောင်း ဥစ္စာခုနစ်ပါး။အချုပ် မှတ်ရင်တော့ အကုသိုလ်တွေ နည်းပါးစေပြီး ကုသိုလ်တွေ တိုးပွားအောင် လုပ်တာ ဘာဝနာပါပဲ။ ဘာေ၀ တဗ္ဗာတိ ဘာဝနာ - မိမိသန္တာန်မှာ ဖြစ်စေထိုက်၊ တိုးပွားစေထိုက်လို့ ဘာဝနာလို့ ခေါ်တယ်။ အကျိုးကျေး ဇူး ကြီးမားလို့ မိမိသန္တာန်မှာ ဖြစ်ပေါ်လာအောင်၊ တစ်ကြိမ် ဖြစ်ပြီးတဲ့နောက် အထပ်ထပ်ဖြစ်အောင် တိုးပွားအောင် အားထုတ်ထိုက်လို့ ဘာဝနာလို့ ခေါ်တယ်။ဘာဝနာဆိုတာ စိတ်ဓာတ်ဖွံ့ဖြိုး၊ အသိဉာဏ်တိုးပွားစေတဲ့ အလုပ်၊ စိတ်ထားမြင့်မြတ် စေတဲ့အလုပ်၊ စိတ်နေ သဘောထား ကြီးမားစေတဲ့ အလုပ်၊  စိတ်ကောင်း နှလုံးကောင်း ဖြစ်စေတဲ့အလုပ်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတော့ ရုပ်ပိုင်းဆိုင်ရာလည်း ဖွံ့ဖြိုးလာတာပါပဲ။အသိဉာဏ်တွေ တိုးပွားတော့ ရုပ်ဝတ္ထုတွေလည်း တိုးပွားလာတာပါပဲ။ စိတ်ဓာတ်တွေ မြင့်မားတော့ ရုပ်ဓာတ်တွေ၊ ရုပ်ဝတ္ထုတွေလည်း မြင့်မားလာတာပါပဲ။ အဇ္ဈတ္တ စိတ်နှလုံးက ကောင်းတော့ ဗဟိဒ္ဓ ရုပ်ပိုင်းဆိုင်ရာတွေ အားလုံးလည်း ကောင်းလာတာပါပဲ။စိတ်ကောင်းရှိဖို့ ပထမ၊ သက်ရှိသက်မဲ့ ရုပ်ဝတ္ထုတွေ ကောင်းဖို့အတွက် ပထမဆုံး လိုအပ်တာက စိတ်ကောင်း နှလုံးကောင်းပါပဲ။ အဲဒီစိတ်နှလုံးကို ကောင်းစေတာ သို့မဟုတ် စိတ်နှလုံးကောင်းတာ ဘာဝနာပါပဲ။ပုထုဇဉ်တွေရဲ့ စိတ်ဆိုတာ လောဘ၊ ဒေါသ၊ မာန်မာနတွေက များတယ်၊ အကုသိုလ်တွေက များတယ်။ ဒါ့ကြောင့် ပုထုဇဉ်တို့ရဲ့ စိတ်ဟာ သေးသိမ်တာက များတယ်၊ ယုတ်ညံ့တာက များတယ်၊ အောက်တန်းကျ တာက များတယ်။တကယ်ကျ စိတ်ကောင်း နှလုံးကောင်း ရှိဖို့ဆိုတာ သိပ်လွယ်တာတော့ မဟုတ်လှဘူး။ ကိုယ့်ကိုယ်ကိုယ်တော့ ဟုတ်လှပြီ၊ တော်လှပြီ ထင်နေကြပေမယ့် တကယ်တော့ အများစုဟာ သိပ်မဟုတ်တာက များပါတယ်။ ဒါ့ကြောင့် ဘာဝနာ အလုပ်က မဖြစ်မနေလုပ်ကြရမယ်။ဘာဝီယတေတိ ဘာဝနာ - ပွားများစေခြင်း၊ ပွားအောင်၊ များအောင် လုပ်ခြင်းဟာ ဘာဝနာပါပဲ။ ဘာတွေကို ပွားများ စေရမှာလဲ၊ ပွားအောင်၊ များအောင် လုပ်ရမှာလဲဆိုတော့ ရှေ့မှာဆိုခဲ့တဲ့ သဒ္ဓါ၊ ဝီရိယစတဲ့ စိတ်စွမ်း အားတွေ၊ မေတ္တာ၊ ကရုဏာစတဲ့ ဗြဟ္မစိုရ် တရားတွေ၊ သဒ္ဓါ၊ သီလစတဲ့ သူတော်ကောင်း တရားတွေပါပဲ။ အဘယ်တရားကို အဘယ်သို့ပင်လုပ်စေ ဒီကောင်းမြတ်တဲ့ တရားတွေ မိမိသန္တာန်မှာ တိုးလာ၊ ပွားလာ၊  များလာမှ ဘာ၀ နာဖြစ်ပါတယ်။ဘုရား တရားအပေါ် သို့မဟုတ်၊ ဓမ္မအပါ် ယုံကြည်မှု အားကောင်းတာ ဘာဝနာ၊  ဓမ္မအလုပ်ကို လုပ်အားနှုန်း ကောင်းတာ ဘာဝနာ၊ စိတ်အား ထက်သန်တာ ဘာဝနာ၊ ဓမ္မ အပေါ် ခိုင်ခိုင်မြဲမြဲ ရပ်တည်တာ ဘာဝနာ၊ စိတ်ဓာတ် အဆင့်အတန်းမြင့်တာ၊ စိတ်ဓာတ် အထက်တန်းကျတာ ဘာဝနာ။ အများကောင်းကျိုး လိုလားတာ၊ အများကောင်းကျိုး ဆောင်ရွက်တာ ဘာဝနာ၊ ချစ်ခင်တတ်တာ၊ ကြင်နာတတ်တာ၊ သနားတတ်တာ ဘာဝနာ၊ ပေးချင်၊ ကျွေးချင်တာ ဘာဝနာ၊ ကူညီစောင့်ရှောက်တာ၊ တစ်ပါးသူရဲ့ ဒုက္ခတွေကို မကြည့်ရက်၊ မမြင်ရက်တာ၊ ထိုဒုက္ခတွေမှ ကယ်တင်တာ ဘာဝနာ။အတ္တ မကြီးတာ၊ အတ္တ မဆန်တာ၊ တစ်ကိုယ်ကောင်း မဆန်တာ ဘာဝနာ၊ တစ်ဖက်သားကို ဦးစားပေးတတ်တာ၊ ကိုယ်ချင်းစာတတ်တာ၊ စာနာတတ်တာ၊ ကူညီတတ်တာ ဘာဝနာ၊ လူတစ်ဖက်သား အပေါ် အရာရာ အလိုက် သိတတ်တာ၊ မိမိကြောင့် အနှောင့်အယှက်ဖြစ်မှာ အားနာတာ၊ စိုးရိမ်တာ ဘာဝနာ။ စိတ်ဓာတ် တည်ငြိမ်တာ၊ တည်ကြည်တာ၊ စိတ်အေးချမ်းတာ ဘာဝနာ၊ အမှန်တရားကို ပိုင်းခြား သိမြင်နိုင်တာ ဘာဝနာ၊ အမှန်တရားကို နှစ်သက် မြတ်နိုးတာ ဘာဝနာ၊ အမှန်တရားကို အားပေးတာ၊ ထောက်ခံတာ ဘာဝနာ၊ အမှန်တရားအပေါ် ရပ်တည်တာ ဘာဝနာ၊ အမှန်တရား ဘက်က  ရပ်တည်တာ ဘာဝနာ၊ အမှန်တရားကို ကြံစည်တွေးခေါ်၊ ပြောဆို၊ လုပ်ကိုင်တာ ဘာဝနာ၊ အမှန်တရား အတွက် အားစိုက်တာ၊ စိတ်စိုက်တာ၊  စိတ်ကို နှစ်မြှုပ်ထားတာ ဘာဝနာ။အမှန်တရားဆိုတာ ဘာလဲ၊ အမှန်တရားဆိုတာ အများစု ကျေနပ်နှစ်သက်လက်ခံတာ၊ အများ စုကို ကောင်းကျိုးပြုတာ၊ အများစုကို ကိုယ်စိတ်နှစ်ပါး ချမ်းသာစေတာ။ ဒါ အမှန်တရားပါပဲ။ဘာဝီယတေတိ ဘာဝနာ- ထုံမွှမ်းခြင်း ကိုလည်း ဘာဝနာ ခေါ်ပါတယ်။ ဘယ်လို ထုံမွှမ်းတာလဲ။ မိမိ စိတ်အစဉ်ကို ဘုရားတရား အာရုံစတဲ့ ကောင်းမြတ်တဲ့ အာရုံတစ်ခုခုနဲ့ ထုံမွှမ်းထားတာကို ခေါ်တာပါ။ ပုထုဇဉ်တို့ရဲ့ စိတ်ဆိုတာ လောဘ ဒေါသစတဲ့ ကိလေသာ အာသဝေါ တရားတွေရဲ့ အနံ့အသက်ဆိုးတွေကြောင့် ညစ်ပတ် နံစော်ပြီးတော့နေတယ်။အဲဒီ ညစ်ပတ် နံစော်နေတဲ့ စိတ်ကို ပထမ သီလရေစင်နဲ့ သုတ်သင် ဆေးကြောရတယ်။ နောက်တော့ ဘုရားတရား အာရုံတစ်ခုခုနဲ့ သင်းပျံ့ မွှေးကြိုင်နေအောင် ထုံမွှမ်း ပေးရတယ်။ စိတ်အစဉ်ဟာ လောဘ၊ ဒေါသ၊ ဣဿာမစ္ဆရိယ အနံ့အသက်ဆိုးတွေ ပျောက်ပြီး ဘုရားတရားအာရုံ၊ အများကောင်းကျိုး ပရဟိတစတဲ့ အာရုံကောင်းတွေနဲ့ သင်းပျံ့မွှးကြိုင် နေပြီဆိုရင် အဲဒါ ဘာဝနာပဲ။ယောဂါ ေ၀ ဇာယတီ ဘူရီ၊အယောဂါ ဘူရိသင်္ခယော။ဧတံ ဒွေဓာပထံ ဥတွာ ဘဝါယ ဝိဘဝါယစ၊တထတ္တာနံ နိဝေသေယျ ယထာ ဘူရီပဝဍ္ဎတိ။(ဓမ္မပဒ)သဒ္ဓါ၊ ဝီရိယစတဲ့ ကောင်းမြတ်တဲ့ တရားတွေ ပွားများ အားထုတ်ခြင်းကြောင့် အသိဉာဏ် ပညာသည် တိုးပွား၏။ ထိုသို့မဟုတ် အားမထုတ်ဘဲနေလျှင် အသိဉာဏ်ပညာ ပျက်စီး၏။ ဤသို့ အသိဉာဏ်ပညာ တိုးပွားခြင်း၊ ပျက်စီးခြင်း လမ်းနှစ်သွယ်ကို ကောင်းစွာ သိမြင်၍ မိမိကိုယ်ကို အသိဉာဏ်ပညာ တိုးပွားသော အနေအထားဖြင့် တည်နေစေရာ၏။

Most Read

Most Recent