အစိုးရသက်တမ်း ကုန်ဆုံးလုအချိန်တွင် ရန်ကုန်မြို့တွင်း ဘတ်စ်ကားခ၊ စီးနင်းခ နှစ်ဆတိုးမြှင့်ရန် မထသ ဗဟိုအဖွဲ့က လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောတူညီမှု ပြုခဲ့ပြီးဖြစ်ကာ အဆိုပါ ဘတ်စ်ကားခ တိုးမြှင့်မှုမှာ လက်ရှိ ပြည်သူများ ကျပ်တည်းနေချိန်တွင် မည်သူ့အတွက် တိုးမြှင့်သည်ဆိုသည့် မေးခွန်းများနှင့် အစိုးရအဖွဲ့က လုပ်ဆောင်မည့် အမြန်ဘတ်စ်ကားလိုင်း ထွက်ပေါ်လာတော့မည် ဖြစ်သဖြင့် ဘတ်စ်ကားလိုင်းတွင် ပါဝင်မတည်မည့် အစိုးရနှင့် နီးစပ်သော လုပ်ငန်းရှင်ကြီးများအတွင်း ဘတ်စ်ကားခဈေးနှုန်း တိုးမြှင့်သည်ဆိုသည့် ဝေဖန်မှုများ ရှိလာခဲ့ပြီဖြစ်သည်။
မထသ (ဗဟို) က ဘတ်စ်ကားခ ဘာ့ကြောင့် တက်ချင်တာလဲ
ဘတ်စ်ကားခများ တိုးမြှင့်ရန် မထသ (ဗဟို)က လုပ်ဆောင်လာခြင်းဖြစ်ပြီး ညီညွတ်မျှတသည့် ယာဉ်စီးခနှုန်းထားတစ်ရပ် ထွက်ပေါ်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ပထမအချက်အနေနှင့် မထသ၏ ဘတ်စ်ကားနှင့် ခရီးသွားပြည်သူများအတွက် ကျပ်တည်းစွာ စီးနင်းရခြင်း၊ ယာဉ်စီးခ ပိုမိုတောင်းခံခြင်း၊ ပါးစပ်တွေ့ရာ ဈေးနှုန်းဖြင့် ယာဉ်စီးခကောက်ခံ၍ မပေးနိုင်လျှင် ဆင်းသွားဟု ပြောဆိုခြင်း အဆိုပါ တိုင်ကြားမှုများမှာ ယခုနှစ်အတွင်း ၁၄၅၅ မှု ဖြစ်ခဲ့ပြီး ယာဉ်စီးခ ပိုမိုတောင်းခံမှုမှာ ၉၅၇ မှုနှင့် အများဆုံးဖြစ်ခဲ့ပြီး မချေမငံ ပြောဆိုမှု ၂၀၆ မှု စသည်ဖြင့်ရှိခဲ့ကာ တိုင်ကြားမှုများမှာ နှစ်စဉ်မြင့်တက်လာသည့်အတွက် စီစဉ်သင့်သည်ကို တွေးဆရာတွင် ပြည်သူတစ်ဦး၏ သင့်တော်သည့် ဈေးနှုန်းတိုးမြှင့်သင့်ကြောင်း အကြံပြုချက်၊ ခရီးသည်များက ပိုက်ဆံပိုမိုတောင်းခံမှုအား ပေးချေနေသော်လည်း လောဘတက်၍ အဆမတန် တောင်းခံခြင်းများ၊ ဒုတိယအချက်အနေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများသည် အစီးရေ ၇၀၀၀ ကျော်ရှိပြီး ယာဉ်လိုင်းပိုင်ရှင်များအတွက် ပြုပြင်စရိတ် မြင့်လာသဖြင့် ကြံ့ခိုင်မှုမရှိသည့် ဘတ်စ်ကားနှင့်ပြေးဆွဲ၍ ယာဉ်တိမ်းမှောက်ပါက ခရီးသည်များ ထိခိုက်နိုင်မှု၊ တတိယအချက် အနေနှင့် ယာဉ်ကြောကျပ်တည်းမှုကြောင့် အခေါက်ရေမပြည့်၍ ပိုက်ဆံပိုမိုတောင်းခံမှုနှင့် လမ်းတစ်ဝက်တွင် ယာဉ်ပြောင်းလဲကာ ခရီးစဉ်အဆုံးထိ မပြေးဆွဲမှု၊ စတုတ္ထ အချက်အနေနှင့် လက်ရှိပြေးဆွဲနေသော ဈေးနှုန်းမှာ ၂၀၀၈ ခုနှစ်ကတည်းက ကောက်ခံခဲ့သော ဈေးနှုန်းများကြောင့် ဘတ်စ်ကားခ ဈေးနှုန်းတိုးမြှင့်ရန် လုပ်ဆောင်လာခြင်းဖြစ်ပြီး လက်ရှိတွင် ဘတ်စ်ကားခ နှစ်ဆတိုးမြှင့်မည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် အထက်ပါ အချက်များကြောင့် ဖြစ်ကြောင်း ဦးလှအောင်က ဆိုသည်။
လက်ရှိအချိန် ဘတ်စ်ကားခ နှစ်ဆတိုးမြှင့်ရာတွင် အများထင် မြင်သကဲ့သို့ တိုးမြှင့်မည် မဟုတ်ဘဲ အဝေးပြေး ယာဉ်များတွင် တစ်မိုင်လျှင် ၂၆ ကျပ်နှုန်းဖြင့် ပြေးဆွဲသည့်အတွက် မြို့တွင်းယာဉ်လိုင်းများသည် တစ်မိုင်လျှင် ကျပ် ၂၀ နှုန်း တိုးမြှင့်ကောက်ခံခြင်းအတွက် ညီညွတ်မျှတသည့် နှုန်းထားများ ဖြစ်လာမည်ဖြစ်ကြောင်း ဦးလှအောင်က ဆက်လက် ပြောကြားသည်။
တစ်မိုင်လျှင် ကျပ် ၂၀ နှုန်း မြင့်တက်မည်ဆိုရာတွင် ခရီးမိုင် များပြားသည့် နေရာများအတွက်မူ တစ်ဆက်တည်းခရီး ဖြစ်သဖြင့် တစ်မိုင်လျှင် ၁၁ ကျပ်၊ ၁၇ ကျပ် စသည်ဖြင့် ကျသင့်မည် ဖြစ်ကြောင်းနှင့် အထူးယာဉ်လိုင်း များကိုလည်း လက်ရှိကောက်ခံသည့် ယာဉ်ပေါ်တက် ကျပ် ၂၀၀ စနစ်မှ အနီးအနား နေရာများအတွက် ကျပ် ၁၀၀ သာ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် ခရီးစဉ်ပိုင်းဖြတ်မှုများတွင် မထသက ကျပ် ၂၀၀ နှင့် ၃၀၀ အကြား သတ်မှတ်ထားသော်လည်း လက်ရှိကောက်ခံသည့် ကျပ်ခရီးစဉ်နှစ်ပိုင်း အတွက် ကျပ် ၄၀၀ သာ ကျသင့်မည်ဟု ဦးလှအောင်က ဆိုသည်။
ဥပမာအားဖြင့် တိုက်ကြီး-ဆူးလေ ယာဉ်လိုင်းသည် ၄၈ မိုင်ပြေးဆွဲသည့်အတွက် ၉၆၀ ကျပ် ကျသင့်သော်လည်း မထသ၏ ပိုင်းဖြတ်မှုအောက်တွင် ကျပ် ၈၀၀ သာ ကျသင့်မည်ဖြစ်ကြောင်း၊ လက်ရှိမှာ ၆၅၀ ကျပ်ဖြစ်ကြောင်း ဦးလှအောင်က ဆိုသည်။ သို့သော် လက်ရှိအချိန်တွင် ကျပ် ၂၀၀ ဖြင့် ပြေးဆွဲသည့် ဘတ်စ်ကားလိုင်းများသည် ကျပ် ၄၀၀ အထိ မြင့်တက်လာမည်ဖြစ်သည်။ လက်ရှိအချိန်တွင် မထသ (ဗဟို) ၏ တင်ပြချက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားပြီး သဘောတူညီမှု မရှိသေးကြောင်း ဦးလှအောင်က ပြောကြားသည်။ ထိုသို့ သဘောတူညီမှု မရှိသေးကြောင်း ပြောဆိုသော်လည်း ယာဉ်လိုင်းအချို့သည် မထသက ယာဉ်စီးခ တက်လိုက်ပြီဟုဆိုကာ ဈေးနှုန်းမြင့်တက်မှု ပြုလာကြောင်း သိရသည်။
“စက်တင်ဘာ ၃ ရက်က ၁၈၈ ယာဉ်လိုင်းနဲ့ စီးချိန်မှာ မထသက ဘတ်စ်ကားခတွေ တက်လိုက်ပြီဆိုပြီး မြေနီကုန်းကနေ ဆူးလေကို ၂၀၀ တောင်းတယ်။ ၁၀၀ ဆိုရင် ဟယ်လ်ပင်မှတ်တိုင်ပဲ ရောက်မယ်ပြောတယ်။ မထသကပြောတော့ လှည်းတန်းကနေ ဆူးလေကို ၁၀၀ ပဲ ကျမယ်ပြောတယ်။ ဘာမှ မသတ်မှတ်ရ သေးခင်မှာပဲ မထသက မထိန်းနိုင်ဖြစ်နေပြီ။ တက်နေရင်ရော အရင်လိုဆက်ဖြစ်နေရင် မထသနဲ့ အစိုးရက ဘာလုပ်ပေးမှာလဲ။ သူတို့ ဘာလုပ်ပေးမယ်ဆိုတာ မသိရခင် ကျွန်တော်တို့က အရင်ဆုံး ပိုက်ဆံနှစ်ဆ ပေးရတော့မယ်” ဟု ကုမ္ပဏီဝန် ထမ်းတစ်ဦးဖြစ်သူ ကိုထူးအောင်က ဆိုသည်။
ဘတ်စ်ကားခ နှစ်ဆတက်ရာမှာ ခရိုနီတွေပါမယ့် ဘတ်စ်ကား အများပိုင်စနစ်က တရားခံလား
ပြည်ထောင်စု အစိုးရက မတည်ငွေကျပ် ၁၀ ဘီလျံပါဝင်မည့် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီတွင် ရွှေသံလွင်၊ ရွှေတောင်နှင့် ဒိုင်းမွန်းစတား၊ Zayya & Associates နှင့် Fishery and Marine Products 2000 ကုမ္ပဏီများက စတင်တည်ထောင် သူများအဖြစ် ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောကြားထားသည်။ အဆိုပါ ကုမ္ပဏီအများစုသည် အစိုးရအဖွဲ့နှင့် နီးစပ်သူများ ဖြစ်သည်။
စတင်တည်ထောင်ရန် ပြင်ဆင်နေသည့် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီကို အစိုးရ၏ မ,တည်ရင်းနှီးငွေ ကျပ် ၁၀ ဘီလျံ၊ ပုဂ္ဂလိက ရင်းနှီးမတည်ငွေကျပ် ၁၅ ဘီလျံ စုစုပေါင်း ၂၅ ဘီလျံဖြင့် စတင်တည်ထောင်မည် ဖြစ်သည်။
ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီတွင် ကနဦးအနေဖြင့် အများပြည်သူသို့ ရောင်းချမည့် ရှယ်ယာတန်ဖိုး ကျပ် ၁၅ ဘီလျံအနက် ကျပ် ၁၀ ဘီလျံကို အဆိုပါ လုပ်ငန်းရှင်ငါးဦးက ထည့်ဝင်မည်ဖြစ်သည်။
“တစ်ဦးကို ရှစ်ရာခိုင်နှုန်းစီလောက် ပေးမယ်လို့ မှန်းထားတယ်။ နှစ်ဘီလျံစီပေါ့။ သူတို့က အကျိုးအမြတ်အတွက် အဓိကထားတာ မဟုတ်ဘူး။ တည်ထောင်လို့ရအောင် မ,တည်ပေးတာ ဖြစ်တဲ့အတွက် သူတို့ကို ဒီလောက်ပေးတာ။ အများပြည်သူကို ထုတ်ရောင်းတာကျတော့ အမြတ်ပေးမှ ဖြစ်မယ်။ ဒီဟာက စနစ်သစ် ဖြစ်တဲ့အတွက် ပြောလို့မရသေးဘူး။ အများပြည်သူကို ထုတ်ရောင်းတာကကျတော့ သူတို့ကို အမြတ်ပေးရမှာ။ အမြတ်လိုချင်လို့ကို ဝင်တာကိုး။ သူတို့အတွက်လည်း အမြတ်ရအောင် လုပ်ပေးရမယ်။ တို့ကတော့ အနစ်နာခံမယ့်သူရော။ အမြတ် လိုချင်တဲ့သူရော ဝင်လို့ရအောင် လုပ်နေတယ်” ဟု ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ဆိုသည်။
လတ်တလောတွင် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီအား ကုမ္ပဏီမှတ်ပုံတင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြထားကြောင်း သိရသည်။ မှတ်ပုံရရှိသည်နှင့် တစ်ပြိုင်နက် အများပြည်သူသို့ ရှယ်ယာထုတ်ရောင်းခြင်း စတင်မည်ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီ၏ မတည်ငွေကို ကျပ် ၂၅ ဘီလျံဖြင့် စတင်ခြင်း ဖြစ်သော်လည်း ကျပ် ၁၀၀ ဘီလျံအထိ တိုးမြှင့်မည့် အစီအစဉ်များလည်း ရှိကြောင်း သိရသည်။
“လုပ်ငန်းတွေကတော့ အခုကားထားမယ့် နေရာအတွက် ရွေးချယ်မှုတွေ လုပ်နေတယ်။ နောက်မော်တော်ယာဉ် ဥပဒေမှာ ဒီရန်ကုန် ဘတ်စ်ကားအများပိုင် ကုမ္ပဏီက ပြေးဆွဲမယ့် အမြန်လမ်းအတွက် ဥပဒေမှာ ပါဝင်လာအောင် လုပ်နေတယ်။
မှတ်ပုံတင်ရပြီး ငါးလနဲ့ခြောက်လ ကြားမှာ လုပ်ငန်းစတင်နိုင်ဖို့ မှန်းထားတယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။
ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီက အမြန်ဘတ်စ်ကားလိုင်း (BRT-Lite) ကို ပြေးဆွဲမည်ဖြစ်ပြီး ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ လှိုင်သာယာ၊ ဒဂုံတက္ကသိုလ်၊ သီလဝါ အထူးစီးပွားရေးဇုန် လမ်းကြောင်းများ ပါဝင်ကြောင်း သိရသည်။
ဘတ်စ်ကားခ တိုးမြှင့်မှုနှင့် ပတ်သက်၍ မထသအနေဖြင့် အစိုးရနှင့် ခရိုနီများ ဦးဆောင်ပြေးဆွဲမည့် အမြန်ယာဉ်လိုင်းအတွက် ဈေးနှုန်းများမြင့်တက်ရန် ကြိုတင်ပြင်ဆင်ခြင်း ဟုတ်မဟုတ် မေးမြန်းရာ ဦးလှအောင်က “မဟုတ်ပါဘူး၊ မဟုတ်ပါဘူးဗျ။ ကျွန်တော်ပြောတဲ့ လေးချက်မှာ အဲဒါ မပါဘူး။ ကျွန်တော်တို့ဆီကို တိုင်ကြားလာတဲ့ အမှုတွေမှာ ယာဉ်စီးခ ပိုမိုတောင်းခံမှုက အများဆုံး ဖြစ်နေတာနဲ့ လက်ရှိအခြေအနေကြောင့်ပါ။ တူလေးကို ဒေါက်တာမောင်အောင် ဦးဆောင်တဲ့ အမြန်ဘတ်စ်ကား လိုင်းအကြောင်း တင်ပြမယ်။ အခုကျွန်တော်တို့ ပြေးနေတဲ့ကားတွေက ၁၉၉၅၊ ၂၀၀၅ ကား Recondition ကားပါ။ အများပိုင်က သွားမယ့်ကားသည် ၂၀၁၅ ကားပါ။ ယာဉ်တန်ဖိုး သိန်း ၁၀၀၀ ကျော် ကျပါလိမ့်မယ်။ အဲ့ဒါဆိုရင်ကော ယာဉ်စီးခကို ဘယ်လိုကောက်ခံသင့်လည်း သာမန်လူတစ်ယောက် အနေနဲ့ စဉ်းစားပေးသင့်ပါတယ်။ တူလေးမေးတဲ့ ခရိုနီဆိုတဲ့ စကားကိုလည်း ကျွန်တော်သုံးစရာမရှိဘူး” ဟု ဦးလှအောင်က ဆိုသည်။
“လက်ရှိ အသေးစိတ်တော့ မသိသေးဘူး။ ဒါပေမဲ့ ဘယ်လိုအမြန်လိုင်းတွေပဲ ပြေးဆွဲပြေးဆွဲ သူတို့က ဒီပြည်သူပိုင် လမ်းတွေပဲ သုံးရမှာပဲလေ။ တကယ်လို့ သူတို့က မိုးပျံလမ်းတွေ ဖောက်ပြီးတော့မှ ပြေးဆွဲတယ် ဆိုရင်တော့ ပေးသင့်ရင်ပေးရမှာပေါ့။ ပြည်သူပိုင်လမ်းတွေကပဲ ပြေးဆွဲမယ်ဆိုရင် ပြည်သူဆီကရော အစိုးရဆီကရော အထူးအခွင့်အရေးအနေနဲ့ မယူသင့်သလို ရှက်တတ်ဖို့လည်း ကောင်းပါတယ်” ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုသည်။
ရန်ကုန်မြို့ရှိ ဘတ်စ်ကားတစ်စင်းပေါ်မှ ဆင်းလာသော ခရီးသွားပြည်သူအချို့ (ဓာတ်ပုံ-အောင်ကျော်ထက်)
ရန်ကုန်မြို့၏ ဘတ်စ်ကားများ အခြေအနေ
မြန်မာနိုင်ငံတွင် လူဦးရေ ငါးသန်းကျော်ဖြင့် ပြည်သူများ အများဆုံးနေထိုင်သည့် ရန်ကုန်မြို့တော်တွင် သာမန်လူတန်းစားများနှင့် ဆင်းရဲနွမ်းပါးသူများသည် လူဦးရေ၏ ရာခိုင်နှုန်း ၉၀ ခန့်ရှိ နေနိုင်ပြီး လူဦးရေ သုံးသန်းခန့်မှာ မီးရထားနှင့် ဘတ်စ်ကားများကိုသာ အမှီပြုနေရကြောင်း မြို့ပြပညာရှင်များ၏ စစ်တမ်းများအရ သိရသည်။ မထသ (ဗဟို) ၏ လေ့လာမှုများအရ နေ့စဉ်ဘတ်စ်ကား စီးနင်းသူ ၂ ဒသမ ၂၈ သန်းခန့် ရှိသည်ဟု ဦးလှအောင်က ဆိုသည်။
နေ့စဉ်မီးရထား စီးနင်းသူ တစ်သိန်းဝန်းကျင်သာရှိပြီး ကျန်သုံးသန်းခန့်မှာ ဘတ်စ်ကားများကိုသာ မှီခိုနေရကြောင်း သိရသည်။ အဆိုပါ လူဦးရေ ၂ ဒသမ ၂ သန်းခန့် မှီခိုနေရသည့် ဘတ်စ်ကားများမှာ ၆၀၀၀ ကျော်ခန့်သာ ရှိနေပြီး အများစုမှာ မိုးမလုံခြင်း၊ ကြမ်းခင်းပေါက်ပြဲခြင်း၊ စပယ်ယာများ၏ ရိုင်းပျခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်း၊ လက်ရှိသတ်မှတ်သည့် နှုန်းထားထက် နှစ်ဆကျော်ပိုမို တောင်းခံခြင်း စသည့် ဖြစ်ရပ်များစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။
“မထသ(ဗဟို) က တင်ပြလို့ အစိုးရက ယာဉ်စီးခတွေ တက်လိုက်ပြီ ဆိုပါစို့။ အခုအတိုင်းပဲ ဘတ်စ်ကားခတွေ ပိုတောင်းနေမယ်။ စပယ်ယာက ကားအတက်အဆင်း တွန်းချနေဦးမယ်။ ရိုင်းပျတဲ့ စကားတွေနဲ့ ဆက်ပြီးဆဲဆို နေဦးမယ်ဆိုရင် ဘယ်သူက တာဝန်ယူမှာလဲ။ မဖြစ်မနေပေးရမယ့် ခရီးသည်တွေကပဲ ဆက်ပြီး စပယ်ယာတွေ နှိပ်စက်သမျှ ခံနေရဦးမှာလား။ ဒါတွေကို အရင်ပြုပြင်ဖို့ မစဉ်းစားဘဲ ဘတ်စ်ကားခတက်မယ် ဆိုတာက လုံးဝအဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပါ” ဟု ကျောက်တံတားမြို့နယ်မှ ကုမ္ပဏီဝန်ထမ်း ကိုစိုးစိုးက ဆိုသည်။
မထသ(ဗဟို) အနေနှင့် ဘတ်စ်ကားခများ တိုးမြှင့်ပြီးနောက်ပိုင်းတွင် ယာဉ်စီးခ ပိုမိုတောင်းခံခြင်းနှင့် စပယ်ယာ၏ ရိုင်းပျခြင်းများကို အရေးယူနိုင်ရန် စောင့်ကြည့်အဖွဲ့ ၂၀ ဖြင့် ထိန်းကွပ်သွားမည်ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆို သည်။
ယာဉ်စီးခနည်းလို့ ဘတ်စ်ကားတွေ ရှုံးနေတာလား
လက်ရှိအချိန်တွင် ယာဉ်စီးနင်းခများအဖြစ် ရိုးရိုးယာဉ်လိုင်းမှ အထူးယာဉ်လိုင်းများအထိ ကျပ် ၂၀၀ ကြားမှ ကျပ် ၃၀၀ အထိ ကောက်ခံခြင်းနှင့် မှော်ဘီ၊ ထောက်ကြံံ့၊ တိုက်ကြီး၊ ဥက္ကံကဲ့သို့ နေရာများအတွက် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ အကြား သတ်မှတ်ထားသည်။ ဘတ်စ်ကား တစ်စီးအတွက် နေ့စဉ် အစိုးရဈေးနှုန်းဖြင့် သဘာဝဓာတ်ငွေ့များ ရောင်းချပေးနေခြင်းဖြစ်ပြီး ဘတ်စ်ကားအကြီးများအတွက် တစ်ရက်လျှင် ပျမ်းမျှ ကျပ် ၂၅၀၀၀ မှ ကျပ် ၃၀၀၀၀ အကြား ဓာတ်ငွေ့ဖိုး ကုန်ကျနေသည်။ အဆိုပါ သဘာဝဓာတ်ငွေ့သည် ၅၀ လီတာအိုးအတွက် ကျပ် ၂၁၇၃ ကျပ်သာ ကျသင့်ပြီး အဆိုပါ သဘာဝဓာတ်ငွေ့မှာ ဓာတ်ဆီ နှစ်ဂါလန်နှင့် ညီမျှကြောင်း သိရသည်။ သို့သော် ဘတ်စ်ကားများ၏ စီအန်ဂျီပြောင်းလဲ တပ်ဆင်ခ ဈေးကြီးသည့်အတွက် ၃၈၊ ၅၄၊ ၁၀၇ အစရှိသည့် မီနီဘတ်စ်ယာဉ်လိုင်း အချို့မှာ သဘာဝဓာတ်ငွေ့ယာဉ်များ မဟုတ်ဘဲ ပြေးဆွဲနေကြောင်း ယာဉ်လိုင်းများထံမှ စုံစမ်းသိရသည်။
ယာဉ်ကြောပိတ်ဆို့မှုကြောင့် ယာဉ်လိုင်းများသည် နေ့စဉ် သုံးခေါက်မှ ငါးခေါက် (အသွားအပြန် တစ်ခေါက်) အကြား ပြေးဆွဲနေပြီး တစ်ကြောင်းလျှင် ယာဉ်အရွယ်အစားအလိုက် ကျပ် ၁၅၀၀၀ ခန့်မှ ကျပ် ၄၀၀၀၀ ဝန်းကျင်အကြား ဝင်ငွေရရှိလေ့ရှိသည်။ အချိန်လွန်သော အချိန်နှောင်းသော အချိန်များတွင် ကျပ် ၁၀၀၀၀ ပင် မပြည့်သော ဝင်ငွေသာ ရရှိသည်ဟု ဆိုသော်လည်း စပယ်ယာနှင့် ဒရိုင်ဘာအတွက် လခ၊ ခေါက်ကြေးများ နုတ်ပြီးပါက တစ်ရက်လျင် ကျပ် ၃၀၀၀၀ မှ ကျပ် ၁၀၀၀၀၀ ခန့်အကြား ယာဉ်အရွယ်အစားအလိုက် ပျမ်းမျှအမြတ် ရရှိနေသည်။ လက်ရှိအချိန်တွင် မထသ (ဗဟို) ၌ မှတ်ပုံတင်ထားသည့် ဘတ်စ်ကား ၇၀၀၀ ခန့်အနက် အစီးရေ ၄၃၀၀ ခန့်သာ ပြေးဆွဲနေပြီး အများစုမှာ ယာဉ်လုပ်သားမရှိခြင်း၊ ဘတ်စ်ကားပြင်ဆင် စရိတ်များ ဒေါ်လာဈေးနှင့်အတူ မြင့်တက်လာခြင်း စသည့်ဖြစ်ရပ်များကြောင့် ဖြစ်ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။ ထို့ပြင် ဘတ်စ်ကားပိုင်ရှင်များ၏ အမြတ်ငွေမှာ စပယ်ယာ၏ ပေးဆောင်မှု အောက်တွင်သာ ရှိသဖြင့် တိကျသော အမြတ်ပမာဏကို မည်သူမျှ သိရှိနိုင်မည် မဟုတ်ကြောင်း ဦးလှအောင်က ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပါဝင်ပြေးဆွဲနေသည့် အမြဲစိမ်းယာဉ်လိုင်းနှင့် SRT ယာဉ်လိုင်းတို့ကို ခရီးသည်ပို့ဆောင်ရေးများ အဆင့်မြှင့်တင်နိုင်ရန် I-pay ကတ်စနစ်ဖြင့် ပြေးဆွဲနေပြီး အမြဲစိမ်းယာဉ်လိုင်းသည် အခြေခံလူတန်းစားများ အများစုနေထိုင်ရာ မြောက်ဒဂုံအား အခြေပြုပြေးဆွဲသဖြင့် I-pay နှင့် ကြိုတင်ငွေပေးချေလိုမှု မရှိသည့် ယာဉ်စီးနင်းသူများကြောင့် စီးနင်းသူနည်းပါးကာ လက်ရှိအချိန်တွင် သာမန်ယာဉ်လိုင်းများကဲ့သို့ စီးနင်းမှုအလိုက် ကျပ်ငွေဖြင့် ပေးချေနေရသည့် အနေအထားသို့ ပြောင်းလဲလိုက်ပြီ ဖြစ်သည်။ SRT ယာဉ်လိုင်းမှာမူ စီးနင်းသူများပြားသည့်အတွက် လက်ရှိအချိန်အထိ I-pay ကတ်စနစ်ဖြင့် ပြေးဆွဲနေသည်။ အဆိုပါ ယာဉ်လိုင်းသည် စတင်ပြေးဆွဲစဉ်မှ ယနေ့အထိ အဲကွန်းဖွင့်ခြင်း၊ စီစီတီဗွီ တပ်ဆင်ခြင်း အစရှိသည့် စပယ်ယာများ၏ ခရီးသည်များ အဆင်ပြေရေးနှင့် စပါယ်ယာများ၏ ရိုင်းပျမှုမရှိစေရေး စသည့်လုပ်ဆောင်မှုများနှင့် ပြေးဆွဲနေသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် တင်ပြချက်အရ ယမန်နှစ်အတွင်း အမျိုးသမီး သီးသန့်ယာဉ်လိုင်းအား ပြေးဆွဲခဲ့သည်။ ထိုသို့ ပြေးဆွဲရာတွင် အမျိုးသမီးများသာ စီးနင်းနိုင်သည့် ကန့်သတ်ချက်ဖြင့် ပြေးဆွဲနေရသည့်အပြင် အစိုးရအဖွဲ့က ခွင့်ပြုထားသည့် ကျပ် ၅၀ ဖြင့်သာ ပြေးဆွဲရသဖြင့် အရှုံးပေါ်သည့်အတွက် ယာဉ်လိုင်းတွက်ခြေကိုက်၍ မည်သည့်နေရာမှ စီးသည်ဖြစ်စေမည် မျှစီးသည်ဖြစ်စေ အထူးယာဉ်လိုင်းများကဲ့သို့ ယာဉ်စီးနင်းခ ကျပ် ၂၀၀ သတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဒေါက်တာညိုညိုသင်းက တင်ပြခဲ့သည်။ ထိုသို့ တင်ပြခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ် ၅၀ ဖြင့်သာ ခွင့်ပြုထားသည့် ယာဉ်လိုင်းဖြစ်သဖြင့် ကျပ် ၂၀၀ တိုးမြှင့် မပေးနိုင်ဟုဆိုကာ ငြင်းပယ်လိုက်သည့်အတွက် အမျိုးသမီး သီးသန့်ယာဉ်လိုင်းမှာ အရှုံးပေါ်ကာ ပြေးဆွဲမှု ရပ်တန့်လိုက်ရကြောင်း ဒေါက်တာညိုညိုသင်းက ဆက်လက် ပြောကြားသည်။
“အမျိုးသမီး အထူးကားတွေ ပြေးဆွဲဖို့ ခရီးစဉ်အစအဆုံး ၂၀၀ တောင် ခွင့်မပြုခဲ့တာရှိတယ်။ အခုကျတော့ ခရီးစဉ်တစ်ခုကို ၈၀၀ တောင်ဖြစ်လာမယ့် အနေအထားတွေလည်း ရှိလာတယ်ဆိုတော့ အစိုးရအဖွဲ့ကို ရှေ့နောက် ညီညီညွတ်ညွတ်နဲ့ လုပ်စေချင်ပါတယ်။ ရှေ့ နောက် မညီညွတ်တာတွေ လုပ်မယ်ဆိုရင်တော့ ပြည်သူလူထု ဒဏ်ခတ်တာ ကြုံရမှာပဲ” ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။
ဘတ်စ်ကားစီး ပြည်သူတွေ ဘာလိုချင်တာလဲ
ဘတ်စ်ကားများ နေ့စဉ်စီးနင်းရာတွင် ပြည်သူများအနေနှင့် ဒရိုင်ဘာနှင့် စပယ်ယာများ၏ ရိုင်းပျမှု၊ ဆဲဆိုမှု၊ အဆမတန် လူတင်၍ နင်ပဲ ငဆ ပြောဆိုခံရမှု၊ ယာဉ်ပေါ်မှ အဆင်းတွင် တွန်းချခံရမှု၊ ဟောင်းနွမ်းနေသည့် ယာဉ်များကြောင့် မိုးရွာပါက ဘတ်စ်ကားတွင် မိုးယိုမှု၊ ညနေစောင်းပါက ကျသင့်ယာဉ်စီးခထက် နှစ်ဆ ပိုမိုကောက်ခံမှု၊ အမျိုးသမီးများအား စပယ်ယာအချို့မှ ထိကပါး ရိကပါး ပြောဆိုမှု၊ မှတ်တိုင်များတွင် အချိန်ကြာမြင့်စွာ ရပ်တန့်၍ လူစောင့်ဆိုင်းတင်မှု စသည့်ဖြစ်ရပ်များစွာကို နေ့စဉ်ရင်ဆိုင် နေရသည်။ လက်ရှိအချိန်တွင် ဘတ်စ်ကားလိုင်းများအနေနှင့် ရှုံးနေ၍ ယာဉ်စီးခနှစ်ဆ တိုးကောက်ခြင်း မဟုတ်ဘဲ အကြောင်းပြချက်မယ့် ယာဉ်စီးခ တိုးကောက်ခြင်း ဖြစ်သဖြင့် အထက်ပါ ဘတ်စ်ကားစီးခရီးသည်များ ရင်ဆိုင်နေရသည့် ဖြစ်ရပ်များကို အစိုးရနှင့် မထသမှ ပြေလည်အောင် ဖြေရှင်းပေးနိုင်မှသာတိုး၍ ကောက်ခံသင့်ကြောင်း တာမွေမြို့နယ်နေ ရုံးဝန်ထမ်းတစ်ဦးဖြစ်သူ ကိုမင်းနေက ဆိုသည်။
“အခုလမ်းတွေက ပိတ်နေတယ်။ သွားရလာရတာလည်း ပုံမှန် ၁ နာရီခရီးကို ၃ နာရီလောက် သွားနေရတယ်။ ခရီးသည်တွေက အချိန်ကုန်လို့ စိတ်ရှုတ်ရတဲ့ကြားထဲ ကားခတွေပါ တိုးကောက်မယ်ဆိုတော့ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဖြစ်နေပြီ။ တိုးတဲ့ဟာကလည်း ကျွန်တော်တို့လို ခရီးသွားပြည်သူတွေရဲ့ အသံကို နားမထောင်ဘဲ အမိန့်နဲ့တိုးတာဆိုတော့ ဘယ်လိုလုပ်ပြီး အောက်ခြေလူထုဆန္ဒနဲ့ ကိုက်ညီမှာလည်း။ လက်ရှိပြေးဆွဲနေတဲ့ ကားတွေရဲ့ ကြံ့ခိုင်မှုကလည်း အရင်ကထက် နည်းနည်းကောင်းလာတယ် ဆိုပေမဲ့ နိုင်ငံတကာနဲ့ ကြည့်မယ်ဆိုရင် အောက်တန်းစားအဆင့်ပဲ ရှိပါသေးတယ်။ ဒါတွေကိုပဲ အရင်ဖြေရှင်းပြီးမှ ကားခတိုးကောက်သင့် မကောက်သင့်ကို ဆက်ပြီးစဉ်းစား စေချင်ပါတယ်။ စပယ်ယာတွေကိုလည်း အများပြည်သူနဲ့ ဆက်ဆံတဲ့အခါမှာ ဘယ်လိုမျိုး ဆက်ဆံရမယ် ဆိုတာကို သင်တန်းပေးရမယ့် အခြေအနေတောင် ရှိတယ်။ ခရီးသည်ဆိုတာက သူတို့ရဲ့ ထမင်းရှင်ဆိုတာကို မေ့နေပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထမင်းရှင်တွေကို လမ်းပိတ်တာ အကြောင်းပြပြီး လမ်းလယ်ကောင်မှာ အတင်အချလုပ်တယ်။ တွန်းချတယ်။ မတော်လို့ ယာဉ်မတော်တဆမှုနဲ့ ခရီးသည် အသက်အန္တရာယ် ထိခိုက်ပြီဆိုရင် ဘယ်လိုတာဝန်ယူမှုမျိုး ပေးမှာလည်းလို့ အစိုးရနဲ့ မထသကို မေးချင်တယ်” ဟု တောင်ဒဂုံမြို့နယ်မှ မြို့တွင်းသို့ သွားရောက်အလုပ် လုပ်ကိုင်ရသည့် ကိုသန်းထိုက်က ဆိုသည်။
အခြေခံလူတန်းစားများ အများစု မှီခိုနေရသည့် ယာဉ်စီးနင်းခများကို အကြောင်းပြချက်မရှိဘဲ နှစ် ဆတိုးမြှင့်ခြင်းသည် ပြည်သူများအကြား ဝေဖန်မှုများစွာ ဖြစ်ပေါ်စေခဲ့သည့်အပြင် လက်လုပ်လက်စား များအတွက် အခက်အခဲ ဖြစ်စေနိုင်သဖြင့် ဆူပူမှုများ ဖြစ်လာရနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းသည် ယာဉ်စီးနင်းခများ တိုးမြှင့်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
“ကားခ နှစ်ဆတက်မည်ဆိုလျှင် ပြည်သူလူထု၊ အောက်ခြေဆင်းရဲသား လက်လုပ်လက်စားတွေ လခစားနဲ့ နေ့စားဝန်ထမ်း၊ ပုတ်ပြတ်အလုပ်သမားတွေ အခက်အခဲမျိုးစုံ တွေ့လာရမယ်။ ပြောစရာတွေက အများကြီးပဲ။ တိုတိုပြောရမယ်ဆိုရင် တိုင်းပြည်ဆူပူမှုဖြစ်အောင် အစိုးရက ဖန်တီးနေတာပဲ” ဟု လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီမှ ဦးမြင့်စိုးက ဆိုသည်။
ယာဉ်စီးနင်းခများအား အမြဲတစေ ပိုမိုတောင်းခံလေ့ရှိသည့် ဘတ်စ်ကား အမျိုးအစားများမှာ ဒိုင်နာများ၊ မီနီဘတ်စ်များ၊ ဘီအမ်ယာဉ်များ စသည့်ယာဉ်လိုင်းများ ဖြစ်သည်။ အဆိုပါ ယာဉ်လိုင်းများသည် ကျသင့်ငွေထက် နှစ်ဆခန့် ပိုမိုတောင်းခံလေ့ရှိပြီး ခရီးသည်မှ ပေးချေလိုမှု မရှိပါက “မပေးနိုင်ရင် မစီးနဲ့၊ ဆင်းသွား” ဆိုသည့် ပြောဆိုမှုများ ရှိနေကြောင်း ဘတ်စ်ကားစီး ပြည်သူများထံမှ စုံစမ်းသိရသည်။
“ညနေ ၆ နာရီကျော်တာနဲ့ ယာဉ်စီးခ ၂၀၀ ကျပ်ကနေ ၃၀၀ ဖြစ်သွားပြီ။ ဒါမျိုးတွေက တိုင်လည်း ခနဘဲ။ စနစ်တကျ ကြပ်မတ်မယ့်သူ မရှိဘူး။ ၄၉ ယာဉ်လိုင်းတွေဆို ဂိတ်စ ဝေဇယန္တာကနေကနေ အောင်မင်္ဂလာ အဝေးပြေးအထိ မရောက်ဘဲ ခေါင်းခန်းဆို ၇၀၀ ဖြစ်သွားပြီ။ ဒီလိုမျိုးကနေ ဘတ်စ်ကားခ ထပ်တက်ဦးမယ်ဆို ၃၀၀ ကနေ ၆၀၀ ဖြစ်သွားမယ်။ ၇၀၀ ကနေ ၁၀၀၀ ဖြစ်သွားမယ်။ ရတဲ့လခက ဒရိုင်ဘာတွေ စပယ်ယာတွေ ကားပိုင်ရှင်တွေ လုပ်ကျွေးနေရသလို ဖြစ်နေတယ်။ ယုဇနကားတွေဆို မလောက်ဘူး။ လူအရမ်းကျပ်တယ်၊ ၂၀၀၊ ၅၀၀၊ ၁၀၀၀ ကားရှိတယ်။ အခုဆို ၁၀၀၀ ကားတွေက ည ၇ နာရီလောက်ဆို ၅၀၀ ကားက ၁၀၀၀၊ ၁၀၀၀ ကားက ၁၅၀၀ ဖြစ်နေပြီ” ဟု သာကေတမြို့နယ်နေ မမို့မို့က ဆိုသည်။
အာဆီယံ နိုင်ငံများတွင်သာမက ကမ္ဘာတွင်ပါ အနည်းဆုံးတစ်ရက် လုပ်အားခအဖြစ် စာရင်းဝင်သည့် အနည်းဆုံး အခကြေးငွေကို တစ်ရက် ၃၆၀၀ ကျပ်အဖြစ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဇွန် ၂၉ ရက်တွင် သတ်မှတ်လိုက်ပြီးနောက် ဇူလိုင်လအတွင်း တရုတ်၊ ကိုရီးယား အထည်ချုပ် လုပ်ငန်းရှင်များက ၃၆၀၀ ကျပ် သတ်မှတ်ပါက စက်ရုံများပိတ်သိမ်း၍ အိမ်ပြန်မည်ဖြစ်ကြောင်း ခြိမ်းခြောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံရှိ အလုပ်သမားများ အနေနှင့် အစိုးရဝန်ထမ်းများ၏ အနိမ့်ဆုံး လစာထက်ပင် နည်းပါးနေသည့် ကျပ် ၃၆၀၀ သတ်မှတ်မှုကို လက်မခံနိုင်ဘဲ အခြေခံလစာနှင့်အတူ ခရီးစရိတ် (ဖယ်ရီ)၊ နေထိုင်စရိတ်နှင့် လုပ်ငန်းခွင် ပညာသင်ကြားခွင့်များ သတ်မှတ်ပေးရန်နှင့် လုပ်သက်အကျိုးခံစားခွင့် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀ ပေးရန်နှင့် အဆိုပါ တောင်းဆိုချက်များ ရရှိမှသာ အစိုးရ၏ ၃၆၀၀ ကျပ် သတ်မှတ်မှုကို လက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကျောင်းဆရာ/ဆရာမများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ်နှင့် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် စသည့် အဖွဲ့ချုပ် ငါးခုမှ သဘောထား ထုတ်ပြန်ခဲ့သည်။ ထိုသို့ သဘောထားထုတ်ပြန် ခဲ့သော်လည်း လက်ရှိအချိန်တွင် အစိုးရက ကျပ် ၃၆၀၀ သာ သတ်မှတ်ခဲ့သလို လုပ်ငန်းရှင်များကလည်း အချိန်ပိုများ မပေးတော့ခြင်း၊ အလုပ်သမား လျှော့ချခြင်း၊ ဖယ်ရီစီစဉ်မပေးခြင်း စသည့်ဖြစ်ရပ်များနှင့် ရင်ဆိုင်နေရသည်။ အဆိုပါ အခြေအနေတွင် အရှုံးမရှိဘဲ လက်ရှိပြေးဆွဲနေသည့် ဘတ်စ်ကားခများကို တိုးမြှင့်မည်ဆိုပါက အလုပ်သမားထုအကြား အခက်အခဲများစွာ ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာ လုပ်ငန်းများနှင့် ပြည်သူ့ဝန်ဆောင်မှု ပျက်ယွင်းမသွားစေရန် ထိန်းညှိလုပ်ဆောင် သင့်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက ဆိုသည်။
“အနည်းဆုံး အခကြေးငွေ ၃၆၀၀ ကျပ် သတ်မှတ်လိုက်လို့ အချို့လုပ်ငန်းတွေ ဖယ်ရီမပေးတော့ဘူးလို့ ပြောနေကြပါပြီ။ ဒါကြောင့် ဖယ်ရီမရှိတော့ဘဲ ဖယ်ရီခကို ကိုယ့်လစာထဲက ထုတ်သုံးရမဲ့ အခြေနေ ရောက်သွားတဲ့ အလုပ်သမားတွေက အလုပ်သွားပြန် ၄၀၀ ကျပ်၊ တစ်လ ၂၆ ရက်ဆိုရင် ၁၀၄၀၀ ကျပ်၊ တချို့ နှစ်ဆင့် ပြောင်းစီးရတဲ့သူတွေ ၁၅၀၀၀ နဲ့ ၂၀၀၀၀ အကြား ကုန်တယ်။ အခု မထသက ယာဉ်စီးခ မိုင်အလိုက် ကောက်ခံမယ် ဆိုတော့ ဒီထက်ပိုကုန်တော့မယ်။ ဒါဆိုရင် ၅၀၀၀ ပိုပြီး ကုန်မလား။ ၁၀၀၀၀ ပိုပြီးကုန်မလား။ မသိနိုင်သေးပါဘူး။ ၃၆၀၀ နှုန်းနဲ့ ၁၀၈၀၀၀ ကျပ်ရပြီး OT မရတဲ့ ဝန်ထမ်းဆိုရင် လက်ရှိသွားပြန် ကားခတောင် လစာထဲက ထုတ်သုံးရတာ အဆင်မပြေတော့ ကားခတွေ ထပ်တက်ရင် မလွယ်ပါဘူး။ နောက်ပြီးတော့ ကားခတွေထပ်တက်ရင် စားသောက်ကုန် ဈေးကလည်း လိုက်တက်လာမှာပါ။ စီမံခန့်ခွဲမှုတွေဆိုတာက သက်ဆိုင်ရာလုပ်ငန်းတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု အခြေအနေ ပျက်ယွင်းမသွားအောင် ထိန်းညှိဆောင်ရွက် သင့်ပါတယ်” ဟု ဦးအောင်လင်းက ဆိုသည်။
“ကျွန်မကတော့ လုံးဝသဘော မတူဘူး။ သဘောမကျပါဘူး။ အခုဆိုရင် ပြည်သူလူထုက အရမ်းကို ကျပ်တည်းနေချိန်မှာ ဒီလိုမျိုး ဘတ်စ်ကားခတွေ တက်လိုက်ရင် ပြည်သူလူထုက အခက်အခဲအများကြီး ဖြစ်သွားပါမယ်။ ကျွန်မလည်း နားမလည်နိုင်ဘဲ ဖြစ်နေတယ်။ ဘာလို့များ အစိုးရက သက်တမ်းကုန်ခါနီးကျမှ ဘတ်စ်ကားခတွေ တိုးချင်တာလည်း ဆိုတာကို အန်တီလည်း သိပ်တော့ နားမလည်ပါဘူး” ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။









