၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး မလုပ်နိုင်ပါက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံရေး တိုးတက်ပြောင်းလဲမှု မဖြစ်နိုင်ဟု TNLA ထုတ်ပြန်

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး မလုပ်နိုင်ပါက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံရေး တိုးတက်ပြောင်းလဲမှု မဖြစ်နိုင်ဟု TNLA ထုတ်ပြန်
Published 25 June 2015

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ပြည်တွင်းစစ်ရပ်စဲပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခြင်း မပြုလုပ်နိုင်ပါက ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် နိုင်ငံရေးတိုးတက်ပြောင်းလဲမှု မဖြစ်နိုင်သည့်အပြင် လွတ်လပ်မှု တရားမျှတမှုလည်း ရှိလိမ့်မည်မဟုတ်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ ဗဟိုကော်မတီ ခြောက်လပတ် အစည်းအဝေးက ရှုမြင်သည်ဟု TNLA က ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
PSLF/TNLA ၏ ဗဟိုကော်မတီ ခြောက်လပတ် အစည်းအဝေးကို ဇွန် ၁၉ ရက်မှ ၂၁ ရက်ထိ ၎င်းတို့၏ ဗဟိုဌာနချုပ်၌ ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးသို့ ဗဟိုကော်မတီ ၂၃ ဦးအနက် ၂၀ ဦး၊ အရန်ဗဟိုကော်မတီ ရှစ်ဦးအနက် ခုနစ်ဦး အပါအဝင် TNLA တပ်မှူးများ တက်ရောက်ခဲ့ပြီး အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများ သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇွန်လဆန်းပိုင်းတွင် ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ လော်ခီးလာ ညီလာခံတွင် ချမှတ်ရရှိခဲ့သည့် ဆုံးဖြတ်ချက်များကို ကြိုဆိုထောက်ခံပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ရရှိရန် ကြိုးပမ်းဆောင်ရွက်မှုများကို တက်ကြွစွာ အတူပူးပေါင်း ဆောင်ရွက်ရန် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်(မူကြမ်း) လက်မှတ်ထိုးပြီးနောက်ပိုင်း တိုင်းရင်းသားဒေသ အသီးသီးတွင် အစိုးရတပ်များ ပိုမိုတိုးချဲ့ နေရာယူလာသည်ကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ သတိရှိရန် တိုက်တွန်းသည်ဟုလည်း PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
PSLF/TNLA အဖွဲ့သည် အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် အပစ်ရပ်စဲရေးဆွေးနွေးမှု တစ်ကြိမ်ပြုလုပ် ခဲ့ဖူးသော်လည်း သဘောတူညီမှုမရရှိခဲ့ဘဲ လက်ရှိအချိန်ထိ ရှမ်းမြောက်ဒေသတွင် အစိုးရတပ်မတော်နှင့် ၎င်းတို့အဖွဲ့အစည်းအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

Most Read

Most Recent