ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များအား သက်ဆိုင်ရာလွှတ်တော်များက ရွေးချယ်ရမည်ဖြစ်ကြောင်း ပြင်ဆင်ခြင်းသည် ဒီမိုကရေစီနည်းလမ်းကျဟု တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား

ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များအား သက်ဆိုင်ရာလွှတ်တော်များက ရွေးချယ်ရမည်ဖြစ်ကြောင်း ပြင်ဆင်ခြင်းသည် ဒီမိုကရေစီနည်းလမ်းကျဟု တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 13 June 2015
စိုးမင်းထိုက်

ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ်တော်များက ရွေးချယ်ရမည်ဟု ပြင်ဆင်ခြင်းသည် ဒီမိုကရေစီနည်းလမ်းကျပြီး ဖက်ဒရယ်နှင့် ပိုမိုကိုက်ညီသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး က ဇွန် ၁၂ ရက်တွင် ပြောကြားသည်။
 
“ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်တွေက ရွေးချယ်မယ်။ ပြီးရင် သမ္မတက အတည်ပြုခန့်အပ်မယ့်ပုံစံပြင်ဖို့ပေါ့။ အရင်ကတော့ သမ္မတကရွေးတယ်။ ကန့်ကွက်စရာမရှိရင် လွှတ်တော်က ကန့်ကွက်လို့မရဘူး။ အရည်အချင်း မပြည့်စုံဘူးဆိုမှ သမ္မတ က ကန့်ကွက်လို့ရမှာ“ဟု ဒေါက်တာဗညားအောင်မိုးက ပြောကြားသည်။
 
ယခုကဲ့သို့ ပြင်ဆင်ခြင်းသည် ဖက်ဒရယ်မူအရ ပြည်ထောင်စုမူဘက်ကို ပိုရောက်သွားသည်ဟု သုံးသပ်ရကြောင်း၊ ပြည်ထောင်စု စစ်စစ်ဟု ခေါ်နိုင်ပြီဆိုပါက ပြည်နယ်များကသာ ဝန်ကြီးချုပ်ကိုရွေးချယ်ပြီး အစိုးရအဖွဲ့ကို ဖွဲ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆိုပါက ဖက်ဒရယ်မူကို ပိုရောက်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် နည်းပါးကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့လိုက်ပြီဆိုပါက ကိုယ်စားလှယ်အနည်းငယ်သာကျန်ရှိကြောင်း ၎င်းကဆိုသည်။
 
“နောက်ဆိုရင်တော့ ပြင်စရာတွေ အများကြီးရှိလာမယ်။ လောလောဆယ် ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေကို ရွေးချယ်တာ ဒီမိုကရေစီနည်းလည်း ကျတယ်။ ဖက်ဒရယ်နည်းလည်းကျတယ်”ဟု ဒေါက်တာဗညားအောင်မိုးက ပြောကြားသည်။ 
 
ပြည်နယ်နှင့် တိုင်းဒေသကြီးများက ဝန်ကြီးချုပ်ကို ရွေးချယ်သည့်အတွက် ယင်းဒေသများအတွက် ပိုမိုကောင်းမွန်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
 
ဒေါက်တာဗညားအောင်မိုးက “ဝန်ကြီးချုပ်တွေကို အခုလို ရွေးချယ်မယ်ဆိုရင် ရွေးချယ်တဲ့အတွက် ကိုယ့်ပြည်နယ်က ရွေးချယ်တာဆိုတော့ ပူးပေါင်းဆောင်ရွက်မှု ပိုပြီးတော့ရှိလာမှာပေါ့။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအတွက် ပိုမိုတိုးတက်လာနိုင်တာပေါ့။ ပြည်သူတွေရဲ့ ယုံကြည်မှုလည်း ပိုရတာပေါ့”ဟု သုံးသပ်သည်။
 
ထို့ပြင် သမ္မတခန့်သည့်ကိစ္စတွင်လည်း ထူးခြားမှုတစ်ခုသည် သမ္မတ၊ ဒုတိယသမ္မတများအားလုံးက လွှတ်တော်ကိုယ်စားလှယ်ထဲကပဲ ဖြစ်ရမည်ဟု ဥပဒေကြမ်းတွင် ပြင်ဆင်ထားကြောင်း၊ ထိုသို့ပြင်ဆင်ထားသည့်အတွက် တပ်မတော်က တင်လာမည့် ဒုတိယသမ္မတလောင်းသည်လည်း လွှတ်တော် ကိုယ်စားလှယ်ထဲကပဲ ဖြစ်ရမည်ဟု ပြင်ဆင်ထားသည့်အတွက် ဒီမိုကရေစီဘက် ပိုရောက်လာသည့်သဘောရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ၂၆၁ ပုဒ်မခွဲ (ခ) တွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ဆန္ဒမဲဖြင့် ရွေးချယ်ရမည်။ ထို့နောက် ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဟု ပြင်ဆင်ထားကြောင်း သိရသည်။
 
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ထားသူအား နိုင်ငံတော်သမ္မတက ဝန်ကြီးချုပ်၏ အရည်အချင်းများ နှင့် ပြည့်စုံမှုမရှိကြောင်း ခိုင်လုံသည့်အချက် ပေါ်ပေါက်ပါက ဆန္ဒမဲဖြင့် ရွေးချယ်ထားသူအား ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် ငြင်းပယ်ခွင့်ရှိကြောင်း၊ နိုင်ငံတော်သမ္မတ၏ သဘောတူညီမှု မရရှိပါက အမည်စာရင်းသစ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအနေဖြင့် ထပ်မံတင်သွင်းနိုင်သည်ဟု ပြင်ဆင်ထားကြောင်း သိရသည်။
 
ထို့ပြင် ပုဒ်မ ၂၆၄ ပုဒ်မခွဲ(ခ)တွင် လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်။ ခိုင်လုံသော အထောက်အထား အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ကို ငြင်းပယ်ခွင့်မရှိစေရဟု ပြင်ဆင်ထားကြောင်း သိရသည်။         

Most Read

Most Recent