NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ် စတင်

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ် စတင်
Published 11 June 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် ဇွန် ၁၀ ရက် နံနက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့သည်။ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်သည် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုအရ သွားရောက်ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်ပင်း၊ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းတို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။တရုတ်နိုင်ငံ ခရီးစဉ်သို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ဦးဖြိုးမင်းသိန်းနှင့် ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါက်တာတင်မာအောင်တို့ လိုက်ပါသွားသည်။တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှ အရာရှိတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ဇွန် ၁၁ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်းနှင့် ထောက်ရှုတိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် တည်းခိုမည်ဖြစ်ကြောင်း တရုတ်လေဆိပ်၌ ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။တရုတ်နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်တွင် မြန်မာအစိုးရအား ကမ္ဘာ့ဇာတ်ခုံအလယ်တွင် ကာကွယ်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အခြားနိုင်ငံများထက် လက်ဦးမှု ရယူနိုင်ခဲ့သည်။သို့ရာတွင် သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံသည် ယခင်က ဆက်ဆံရေးအေးစက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပနိုင်ငံများ စသည့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့ရာ တရုတ်အစိုးရသည် ယခင်က မြန်မာအစိုးရနှင့်သာ ဆက်ဆံခဲ့ရာမှ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်ပါ ထိတွေ့ဆက်ဆံလာခဲ့သည်။NLD ပါတီမှ လူကြီးအဖွဲ့နှင့် လူငယ်အဖွဲ့ ကိုယ်စားလှယ်များသည် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးများ သွားရောက်ခဲ့ဖူးသည်။NLD ပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရမည်ဟု ခန့်မှန်းမှုအချို့ ရှိနေပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဖြစ်စဉ်များအရ ပထမအကြိမ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲထက် ဒုတိယအကြိမ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက တိုင်းပြည်အတွက် လွန်စွာအရေးကြီးကြောင်း ပြောကြားထားသည်။ဒေါ်အောင်ဆန်းစုကြည်အား တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုသည် မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံနှင့် ဆက်ဆံရေးတည်ဆောက်ရန် တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် မျှော်လင့်နေသည်ဟု တရုတ်ဂလိုဘယ်တိုင်းမ် သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ မလာရောက်မီ ရေးသားဖော်ပြခဲ့သည်။

Most Read

Most Recent