ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအား လွှတ်တော်သို့တင်သွင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ၏ သဘောတူလက်မှတ်များ ရရှိပြီးဖြစ်၍ လွှတ်တော်၌ မကြာမီဆွေးနွေးမည်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအား လွှတ်တော်သို့တင်သွင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ၏ သဘောတူလက်မှတ်များ ရရှိပြီးဖြစ်၍ လွှတ်တော်၌ မကြာမီဆွေးနွေးမည်
Published 9 June 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ၏ သဘောတူလက်မှတ် ရရှိပြီးဖြစ်သဖြင့် လွှတ်တော်၌ မကြာမီဆွေးနွေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရွှေပြည်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဇွန် ၉ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လိုလားထောက်ခံသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ၏ သဘောတူလက်မှတ်များ စုဆောင်းခြင်းကို လွှတ်တော်၌ ဆောင်ရွက်လျက်ရှိရာ ဇွန် ၉ ရက် မွန်းလွဲအချိန်အထိ လက်မှတ်အရေအတွက်မှာ ရာခိုင်နှုန်း ၂၀ ကျော် ရရှိပြီးဖြစ်ကြောင်း ဦးတင်မောင်ဦးက ဆိုသည်။
 
“လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ရာခိုင်နှုန်းက  စုစုပေါင်း ၄၈ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီထဲက ရာခိုင်နှုန်း ၂၀ နဲ့တင် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို တင်လို့ရပါတယ်။ ဒါပေမဲ့ ပါတီစုံ ပါဝင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်တော်ထဲမှာရှိတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေရဲ့ ထောက်ခံချက်လက်မှတ်တွေကို ရယူခဲ့တာဖြစ်ပါတယ်။ တချို့ပါတီဝင် ကိုယ်စားလှယ်တွေကပါ ဝင်လက်မှတ်မထိုးတာတွေ ရှိတယ်။ အဲဒီသူတွေကလည်း လွှတ်တော်ကို တင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို မလေ့လာရသေးတဲ့အတွက်လို့ ပြောကြပါတယ်။သူတို့ကိုလည်း မကြာမီ လွှတ်တော်ထဲမှာ ဆွေးနွေးချပြဖို့ရှိပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဆိုသည်။
 
စုဆောင်းရရှိပြီးဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်ရာခိုင်နှုန်း ၂၀ ၏ လက်မှတ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်လည်းပါဝင်ကြောင်း ဦးတင်မောင်ဦးက သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးသည်။
 
လက်မှတ်ထိုးခဲ့သည့် ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်ပါတီ၊ မွန်ပါတီ၊ ချင်းပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စသည်တို့ဖြစ်သည်။ 
 
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ပြီးမှသာ ပြင်ဆင်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများကို ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်နိုင်ဖွယ် ရှိ မရှိဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ဦးတင်မောင်ဦးက ခက်သည်ဟု ပြောလျှင်လည်း ပြောနိုင်သကဲ့သို့ လွယ်သည် ဟုပြောလျှင်လည်း ပြောနိုင်ကြောင်း ပြောကြားသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လိုလားထောက်ခံသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ ၏ သဘောတူလက်မှတ်များ ရရှိပြီးပါက ဇွန် ၁၁ ရက်နှင့် ဇွန် ၁၂ ရက်များတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် အချိန်မမီပါက လာမည့် ဇွန်လ တတိယပတ်အတွင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဟု  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ဆိုသည်။
 
ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လိုလားထောက်ခံသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ရာခိုင်နှုန်း ၂၀ ၏ သဘောတူလက်မှတ်များဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရန် ဥပဒေမူကြမ်း မိမိထံရောက်ရှိလာကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ၎င်း၏ Facebook စာမျက်နှာမှ ဇွန် ၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ထုတ်ပြန်ခဲ့သည်။
 
လွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း၌ ပြည်သူအများ စိတ်ဝင်စားနေသည့် ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၄၃၆ (က) ကဲ့သို့သော ပုဒ်မများ ပါဝင်ဖွယ်ရှိကြောင်းနှင့် ၎င်းပုဒ်မများပါ ဥပဒေအကြောင်းခြင်းရာများအား ဖြေလျှော့မှုများရှိလာနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
ပြီးခဲ့သည့် (၁၁) ကြိမ်မြောက်အစည်းအဝေး၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့နှင့်အညီ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ တင်သွင်းဆွေးနွေးနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ရေးအဆိုကို အတည်ပြုပြီးဖြစ်သဖြင့် လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအား သက်ဆိုင်ရာအဖွဲ့များက ရေးဆွဲဆောင်ရွက်ခဲ့ပြီးနောက် လွှတ်တော်သို့ တင်သွင်းနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာသုံးသပ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ သူရဦးအေးမြင့်က ၂၀-၃-၂၀၁၃ တွင် အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုအား ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်က ထောက်ခံခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီမှ ၃၁-၁-၂၀၁၄ တွင် အစီရင်ခံစာတင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဆက်လက်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
 
ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် မှ ပုဒ်မ ၅၉ (စ)အပါအဝင် ပုဒ်မပေါင်း ၂၁၀ အား ပြင်ဆင်ရန် အကြံပြုခဲ့သည်။
 

Most Read

Most Recent