မြန်မာ့ပင်လယ်ပြင်တွင် ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့သိုက် လေးခုထက်မနည်း တွေ့ရှိထားပြီးဖြစ်ကြောင်း၊ အောင်သိင်္ခ သဘာဝဓာတ်ငွေ့စီမံကိန်းသည် ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ် စတင်ထုတ်လုပ်လာနိုင်ဖွယ်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးစိုးမြင့်က မေ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကုန်သည်များနှင့် လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ဂျပန်နိုင်ငံ ကမ်းလွန်အခြေစိုက်စခန်း တည်ဆောက်လုပ်ရေးလုပ်ငန်းစု J-DeEP တို့ ပူးပေါင်းပြုလုပ်သည့် Symposium for development of the logistics hub facilities for offshore oil and gas development ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ဦးစိုးမြင့်ကပြောကြားခဲ့သည်။
“လတ်တလောမှာတော့ ရတနာတွေ၊ ရဲတံခွန်၊ ရွှေ၊ ဇောတိကက ထုတ်နေတယ်။ ကျန်တဲ့နှစ်အပိုင်းအတောအတွင်းမှာ အသစ်ထပ်ပေါ်စရာရှိတာက အောင်သိင်္ခဆိုတဲ့ ကမ်းနဲ့သိပ်မဝေးတဲ့ နေရာမှာလည်းပဲ ၂၀၁၈ ခုနှစ်နောက်ပိုင်းလောက်မှာ ဖြစ်လာနိုင်တယ်။ အလားတူ ရခိုင်ကမ်းလွန်ဒေသမှာလည်း တွေ့ထားတာရှိတယ်။ မြန်မာနိုင်ငံကုမ္ပဏီကပိုင်တဲ့ လုပ်ကွက် A-6 မှာလည်း တွေ့ထားပြီးပြီ။ နောက် Petro Vietnam နဲ့ MOGE နဲ့ တွဲလုပ်ထားတဲ့ M-2 မှာလည်း ဓာတ်ငွေ့တွေ တွေ့ထားပြီးပြီ။
လတ်တလောမှာကို နောက်ထပ် Developed ဖြစ်စရာ ဓာတ်ငွေ့မြေတွေရှိသေးတယ်။အသစ်ချုပ်တဲ့ စာချုပ်တွေကလည်း ခုနှစ်ကာလ နောက်ပိုင်းမှာထွက်လာမယ့် အခြေအနေတွေ ပေါ်လာမှာပေါ့”ဟု ဦးစိုးမြင့်က ဆိုသည်။
အဆိုပါဓာတ်ငွေ့သိုက်များအနက် အနက် အောင်သိင်္ခသဘာဝဓာတ်ငွေ့သိုက်မှာ အစမ်းတွင် တူးဖော်မှုပြီးစီးပြီဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ် ထုတ်လုပ်ဖွယ်ရှိကြောင်း၊ သဘာဝဓာတ်ငွေ့ ၁ ဒသမ ၅ ထရီလျံ ကုဗပေရှိမည့်ဟု ကနဦးခန့်မှန်းထားကြောင်း၊ တရုတ်ကုမ္ပဏီ CNOOC မှ၂၀၁၃ ခုနှစ်တွင် တွေ့ရှိခဲ့သည့် M-10 မှာလည်း တစ်ထရီလျံ ကုဗပေအထိ ရှိမည်ဖြစ်ကြောင်း ဦးစိုးမြင့်က ပြောကြားသည်။
“အောင်သိင်္ခက PTT ရယ်၊ ဂျပန်ကုမ္ပဏီရယ်၊ မြန်မာရယ်။ Appraisal Test လုပ်တာတော့ ပြီးသွားပြီး။ ရှိတယ် လုပ်မယ်။ သေချာအောင်လုပ်နေတယ်။၂၀၁၈ခုနှစ်နောက်ပိုင်းလောက်မှာ ကျမှာဖြစ်တယ်။ စီးပွားဖြစ်တယ်။ ရွှေက ၄ ဒသမ ၅ ရှိတယ်။ အခုဒီဟာက လတ်တလောအခြေအနေက အဲဒီလောက်မရှိဘူး။ ဒါပေမဲ့ ဓာတ်ငွေ့မြေတွေရဲ့သဘောက တူးလေလေ ထုတ်လေလေ ပိုများတတ်တဲ့သဘောရှိတယ်”ဟု စွမ်းအင်ဝန်ကြီးဌာန အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်က ဆိုသည်။
လက်ရှိအချိန်၌ ကမ်းလွန်လုပ်ကွက်တွင် နိုင်ငံတကာနှင့် စာချုပ်ချုပ်ဆို ရောင်းချပြီးသော သဘာဝဓာတ်ငွေ့သိုက် လေးခုရှိနေကြောင်း၊ ယင်းအနက် ရတနာနှင့် ရဲတံခွန်မှ ထွက်သော သဘာဝဓာတ်ငွေ့များအား ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း၊ ရတနာ သဘာဝဓာတ်ငွေ့သိုက်မှ နေ့စဉ်တစ်နေ့လျှင် ကုဗပေသန်း ၆၄၀ ကို ထိုင်းနိုင်ငံသို့ နှစ် ၃၀ စာချုပ်ဖြင့် ၁၉၉၈ ခုနှစ်မှ စတင်၍ ရောင်းချထားကြောင်း၊ ထို့အတူ ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်ကို တစ်နေ့လျှင် ကုဗပေ သန်း ၄၃၀ ထိုင်းနိုင်ငံသို့ PETRONAS မှ ၂၀၀၀ ပြည့်နှစ်မှစ၍ ရောင်းချပေးနေကြောင်း၊ အလားတူ မုတ္တမကမ်းလွန်တွင်ရှိသော M-9 လုပ်ကွက်ရှိ ဇောတိကစီမံကိန်းမှလည်း ပြီးခဲ့သည့်နှစ်မှစ၍ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၇ ဘီလျံဝန်းကျင်အထိ ဝင်ရောက်ထားကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်း ရှိကြောင်းလည်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ထုတ်ယူရခြင်းမရှိသေးသည့် သဘာဝဓာတ်ငွေ့ ပမာဏ ၂၃ ထရီလျံကုဗပေအထိ ရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ “ Myanmar: Ending Poverty and Boosting Shared Prosperity in a Time of Transiton ” အစီရင်ခံစာအရ သိရသည်။ လက်ရှိ ထုတ်လုပ်နေသည့် ပမာဏတစ်နှစ် ၄၉၈ ဘီလျံဖြင့် ထုတ်ယူသုံးစွဲပါက ၄၆ နှစ်ကြာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။
၂၀၀၂ ခုနှစ်၌ မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်းများ အားစိုက်လုပ်ဆောင်လာခဲ့ပြီး ယခုနှစ်တွင် သဘာဝဓာတ်ငွေ့ ရောင်းရငွေမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလျံအထိ ရှိလာပြီး စုစုပေါင်း ပို့ကုန်ပမာဏ၏ ၃၄ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ ဂျီဒီပီ၏ ခုနစ်ရာခိုင်နှုန်း ဖြစ်လာကြောင်း၊ သဘာဝဓာတ်ငွေ့ ရောင်းရငွေများသည် မြန်မာနိုင်ငံ ပို့ကုန်တိုးတက်ရေး၏ အဓိက မောင်းနှင်အား ဖြစ်နေပြီး ပို့ကုန်ဝင်ငွေ၏ အဓိကဖြစ်နေခြင်းမှာ အခြားကဏ္ဍများအတွက် စိန်ခေါ်မှုများရှိနေကြောင်း သိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီ ၁၁ ရက်တွင် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ခဲ့သည့် ကမ်းလွန်လုပ်ကွက် ၃၀ အပါအဝင် လုပ်ကွက် ၃၈ ခုတွင် ကုမ္ပဏီ ၂၀ကျော်ကို လုပ်ပိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်းလည်း အချက်အလက်များအရ သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှရရှိသော သတင်းများအရ မြန်မာနိုင်ငံတွင် လက်ရှိတွင် အဆိုပြုလွှာတင်ထားသော ကျောက်မီးသွေးစက်ရုံစီမံကိန်း ၁၁ ခုရှိကြောင်းနှင့် အဆိုပြုထားသော ကျောက်မီးသွေးစက်ရုံများ တကယ်လည်ပတ်ခွင့်ရပါက သဘာဝပတ်ဝန်းကျင်နှင့် ကျောက်မီးသွေးစက်ရုံအနီးရှိ ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အတွက် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်မှုနှင့်ပတ်သက်၍ ဆန္ဒပြမှု အများအပြား ပေါ်ပေါက်ခဲ့သည်။
ယင်းအနက် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်တွင် ပထမအဆင့်အနေဖြင့် တည်ဆောက်မည့် မဂ္ဂါဝပ် ၁၅၀ စက်ရုံနှစ်ရုံ၊ ဒုတိယအဆင့်အနေဖြင့် တည်ဆောက်မည့် မဂ္ဂါဝပ် ၃၃၀ ရှိ စက်ရုံ သုံးရုံ၊ တတိယအဆင့်အနေဖြင့် မဂ္ဂါဝပ် ၆၆၀ ရှိ စက်ရုံသုံးရုံနှင့် စုစုပေါင်းမဂ္ဂါဝပ် ၃၂၀၀ ထွက် ရှိမည့် စက်ရုံများ တည်ဆောက်ရေးနှင့် ပတ်သက်၍ ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် တည်ဆောက်မည့် မဂ္ဂါ ဝပ် ၅၀ ထွက်ရှိမည့် စက်ရုံနှစ်ရုံအား MoU ရေးထိုးမှုနှင့် ပတ်သက်ပြီးလည်း ကန့်ကွက်မှုများ နေသည်။ ယခုလို မြန်မာ့ပင်လယ်ပြင်၌ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ တွေ့ရှိထားပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ဖွယ်ရှိသည့် အတွက်ကြောင့် အကောင်အထည်ဖော်ရန် အဆိုပြုထားသည့် ကျောက်မီးသွေးစက်ရုံများ၏ အလားအလာကောင်းနိုင်တော့မည် မဟုတ်ကြောင်း သုံးသပ်မှုများ ရှိနေ သည်။
ခရိုနီများ၏ ကျောက်မီးသွေးစက်ရုံစီမံကိန်းများ အလားအလာနည်းပါးလာ၊ မြန်မာ့ပင်လယ်ပြင်၌ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် လေးခုထက်မနည်း တွေ့ရှိထားပြီး ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ် စတင်ထုတ်လုပ်နိုင်ဖွယ်ရှိ









