စောင်းတန်း

စောင်းတန်း
Published 3 April 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
 
ဆန့်ကျင်ဘက်သဘောဆောင်သည့် ဝေါဟာရနှစ်ခုကို တစ်ပုဒ်တည်းပြုထားသည် ထင်ရသော မြန်မာစကားအစု၌ “စောင်းတန်း” လည်း အပါအဝင်ဖြစ်၏ဟု မိမိထင်သည်။ “တည့်မတ်ဖြောင့်တန်းခြင်းကင်းသော၊ စွေသော၊ ရွဲ့သော၊ တိမ်းသော၊ ယိမ်းသော” အနက်တို့ကိုဟောသည့် “စောင်း” နှင့် “ဖြူး ဖြူးဖြောင့်ဖြောင့်” အနက်ဟော “တန်း” ကို ဘယ်လိုရည်ရွယ်ချက်နှင့် အတွဲအစပ် ပြုခဲ့ကြလေသည်မသိ။ 
 
အဘယ်ရည်ရွယ်ချက်နှင့် အတွဲအစပ် ပြုခဲ့သည်ဖြစ်စေ “စောင်းတန်း” ဟူသောအသံကို ကြားလိုက်မိသော မြန်မာတစ်ယောက်၏ အဇ္ဈတ္တ၌ ဘာသာရေးကိုအခြေခံသော ယောနိသောမနသိကာရဓာတ်တို့ နိုးထလာစမြဲ ဖြစ်သည်။“ဣတိပိသော” ကို စိတ်ထဲက ရေရွတ်ရင်း သဒ္ဓါဓာတ်တို့ ရွှင်လန်းရစမြဲ ဖြစ်သည်။ 
 
“စောင်းတန်း”ဟူသော ဝေါဟာရ၏ နောက်ဆက်တွဲအဖြစ် မှိုင်းပြာပြာတောင်တန်းကြီး တစ်ခုကို သို့မဟုတ် မုခ်ဝ၌ ခြင်္သေ့ကြီးနှစ်ကောင်စောင့်သော စေတီကြီးတစ်ဆူကို သို့မဟုတ် သစ်ပင်ဝါးပင်တို့အကြားမှ ရိုးတိုးရိပ်တိပ် အစွန်းထွက်နေသော ကွေ့ကောက်ရှည်လျားသည့် အနီရောင် မျဉ်းကြောင်းရှည်ကြီးတစ်ခုကို စိတ်ထဲက မြင်လာရစမြဲဖြစ်သည်။ နှုတ်သံထွက်ပြီး ရေရွတ်လိုက်ရသည်ကိုက အားရပါးရရှိသည် ထင်ရပါ၏။ “စောင်းတန်း” တဲ့။
 
(၂)
 
မိမိ၏ ငယ်ဘဝတစ်လျှောက်၌ စောင်းတန်းက အများကြီး အရေးပါခဲ့ဖူးသည်။ မိမိတို့ စစ်ကိုင်းတောင်ရိုး၌ စောင်းတန်းတွေ အများကြီးရှိသည်။ စောင်းတန်းထိပ်ဖျားရှိ တောင်ထွတ် တောင်ထိပ်၌ မိမိတို့နေထိုင်ခဲ့သည်။ ဆွမ်းစားဖို့ အဆင်းအတက် လုပ်ရလေတိုင်း၊ စာဝါတက်ဖို့ အဆင်းအတက် လုပ်ရလေတိုင်း၊ ဆရာတော်ကခေါ်လို့  အဆင်းအတက် လုပ်ရလေတိုင်း၊ အလှူအတန်း အခမ်းအနားရှိလို့ အဆင်းအတက်လုပ်ရလေတိုင်း မဖြစ်မနေဖြတ်သန်းခဲ့ရသောအရာက စောင်းတန်း ဖြစ်သည်။ 
အမှောင်မရုပ်သိမ်းသေးသည့် ဝေလီဝေလင်း မနက်ခင်းအချိန်မျိုး၌ ဓာတ်မီးမပါ ဘာမပါဆင်းခဲ့ရသော်လည်း ဘယ်နေရာမှာ လှေကားထစ်ရှိသည်။ ဘယ်နေရာမှာ ရေကျော်မြောင်းရှိသည်ကအစ သိပြီးဖြစ်နေသည်။ စောင်းတန်း၏ မြေပုံကို ခြေထောက်တွေက ကျေညက်ပြီးဖြစ်နေသည်။ ဆွမ်းစားအချက်ပေး တုံးလည်း ခေါက်ပြီ။  ကိုယ့်ဘက်ကလည်း နောက်ကျနေပြီဆိုလျှင်တော့ စောင်းတန်းလှေကားထစ်များအတိုင်း ဒုန်းဆင်း၍သာ ပြေးပေတော့။
 
ထိုမှတစ်ပါး သွပ်ပြားလန်၍ သံရိုက်ရခြင်း၊ တိုင်ခြေ၌ ခြပုန်းများအောင်း၍ ရေနံချေးသုတ်ရခြင်း၊ ချိတ်ဆွဲထားသော ကုသိုလ်ရှင် ဆိုင်းဘုတ်ပြားတို့ ပြုတ်ကျပျက်စီး၍ အသစ်ပြန်လည် ပြုပြင်ရခြင်းစသည်ဖြင့် စောင်းတန်းကို တယုတယ ရှိခဲ့ရဖူးသည်။ လေပြင်းမုန်တိုင်းဒဏ်ကြောင့် စောင်းတန်းအမိုးသွပ်ပြားများ လွင့်ပါသွားစဉ်က တောင်အောက် ချောက်ကြားထဲ ဆင်းကောက်ရသည်မျိုးလည်း ရှိခဲ့သည်။  
 
အဖိတ်နေ့ ညနေခင်းရောက်တိုင်း စောင်းတန်းတစ်လျှောက် အမှိုက်လှည်း၍ ကုသိုလ်ယူကြသည်။ ဆရာဘုန်းကြီးက တာဝန်ပေး၍ လုပ်ဆောင်ရသည်မှန်သော်ငြား ထိုအလုပ်ကို စိတ်ပါလက်ပါ ကျေကျေနပ်နပ် လုပ်ဆောင်ခဲ့ကြသည့် ရှင်ငယ်ဘဝ၏ ပုံရိပ်များက လွမ်းချင်စရာပင် ကောင်းသေးတော့သည်။ တံမြက်လှည်း၊ အမှိုက်ပစ်နေသော ကိုရင်လေးများကို တွေ့သောခဏ၌ ဘုရားဖူးအချို့က ငါးမူး၊ တစ်ကျပ်စသည်ဖြင့် လှူဒါန်းသွားသည်မျိုးလည်း ရှိ၏။ ကလေးပီပီ ပျော်ခဲ့ကြသည်သာ။
 
တစ်ခါက မိမိတစ်ပါးတည်း စောင်းတန်းထဲ အမှိုက်လှည်းနေသည်။ အသံကြား၍ လှည့်ကြည့်မိချိန်၌ လူစုကွဲခဲ့ဟန်တူသော နိုင်ငံခြားသူကြီးတစ်ယောက်ကို တွေ့ရသည်။ အချိန်ကလည်း နေဝင်ရီတရော။
 
သူက မိမိရှိရာသို့ တစ်လှမ်းချင်း တိုးလာသည်။ သူ့ကိုကြည့်ပြီး မိမိအတော်လေး ရင်ထိတ်သွားသည်။ အရပ်ကလည်း အရှည်ကြီး။ မျက်လုံးတွေကလည်း ပြာတောက်တောက်။ သူက မိမိကိုကြည့်ပြီး ပြုံးပြသည်။ ထို့နောက် သူ့ဘာသာစကားဖြင့် မိမိကို မေးလားမြန်းလား လုပ်သည်။ ဒီကိုရင် “သမ္မာ သမ္ဗုဒ္ဓမတုလံ” အဆင့်မျှသာ ရှိသည်ကိုလည်း သူမကြီးက သဘောပေါက်ဟန်မတူ။ သိကြားမင်း လှည်းအနင်းခံရသည့်အလား မိမိ နှုတ်က ဘာသံမျှလည်း မထွက်နိုင်။ ခေါင်းကို သာ တွင်တွင်ယမ်းရတော့သည်။ အော် တစ်ခါက အဖြစ်တွေ။ သင်္ကြန်တွင်းလို၊ ဝါဆိုဦးလို၊ တန်ဆောင်တိုင်လို အခါကြီးရက်ကြီးများ၌ စစ်ကိုင်းတောင်ရိုး၏ စောင်းတန်းတို့၌ တိုးမပေါက်လောက်အောင် လူတွေပြည့်တော့သည်။ အစပိုင်းကတော့ ပျော်စရာကောင်းသည်ဟု ထင်ဖူးသည်။ နောက်ပိုင်းရောက်တော့ စိတ်ရှုပ်စရာကောင်းသည်ဟု မြင်လာသည်။ အရွယ်နှင့်လည်း ဆိုင်မည်ထင်ပါရဲ့။
 
အချို့က စောင်းတန်း၏ ပထဝီအနေအထားကို သဘောမပေါက်။ သူ့ကိုယ်သူထင် တစ်လုံးဖြင့် ခပ်တည်တည် ပြေးဆင်းသည်။ ခြေ ၁ဝ လှမ်းပင် မပြည့်သေး၊ သူ့အရှိန်ကို သူမထိန်းနိုင် ဖြစ်ရသည်။ တွန်းလှန်ကာ မလှဲပါဘဲလျက် ကျွမ်းပြန်ကာ ကွဲတော့သည်။ 
အနိစ္စကနောက်မှ ဒုက္ခက အရင်လာသည်။ စောင်းတန်းကို မရိုမသေလုပ်တတ်သူများကို စောင်းတန်းက ဤသို့ တရားပြလေ့ရှိသည်။ 
 
(၃)
 
မိမိဘဝ၌ ဒုတိယအရင်းနှီးဆုံး စောင်းတန်းက မန္တလေးတောင်မှ စောင်းတန်းကြီး ဖြစ်သည်။ မန္တလေးတောင်ကို ပထမဆုံးအကြိမ်အဖြစ် ဘုရားဖူးရောက်ခဲ့စဉ်က လက်ထဲ ဆွမ်း၊ ဆွမ်းဟင်းအပြည့်ထားသော ချိုင့်ကြီးချိုင့်ငယ်များကိုဆွဲ၍ စောင်းတန်းတစ်လျှောက် အပြုံးမပျက် ချီတက်ခဲ့ဖူးသည်။ 
 
“ဟိုရှေ့နားက ထိုင်ခုံရောက်ရင် ခဏနားမယ်ဟေ့” ဟု အပြန်အလှန် အော်ဟစ်အားပေးရင်း တက်ကြသည်။ ကျော်ဖြတ်ခဲ့ပြီးသော လှေကားထစ်များကို လည်ပြန်စောင်းငဲ့ကြည့်မိသောခဏ၌ “ငါတို့ အတော်အောင်မြင်ခဲ့တာပဲ” ဟု ကိုယ့်ဘဝင်ကို မမြင့်မြင့်အောင်မြှင့်ရင်း စိတ်ကြီးဝင်ကြသည်။
 
စောင်းတန်းတစ်လျှောက် တည်ဆောက်ထားသော အုတ်ခုံထက်မှနေ၍ မျက်စိတစ်ဆုံး ငေးကြသည်။ နန်းမြို့ရိုးကြီးကို တွေ့သည်။ ကျုံးရေပြင်ကျယ်ကို တွေ့သည်။ မြူ ခြေဆိုင်းနေသော မန္တလေးမြို့နှင့် အဝေးက စစ်ကိုင်းတောင်တန်းကြီးကိုလည်း တွေ့သည်။ 
အမောပြေတော့ ဆက်တက်ကြသည်။ ဦးခန္တီတန်ဆောင်းကြီးထဲရောက်တာ့ ပါလာသော ချိုင့်ကိုဖွင့်ပြီး စားကြသောက်ကြသည်။ စကားလုံး ရှာမတွေ့လောက်အောင် ပျော်ကြသည်။
 
စားသောက်ပြီးတော့ ဆက်တက်ကြသည်။ တောင်ထိပ်ရောက်ခါနီးလေ ခြေလှမ်းက ပိုသွက်လာလေဟု ထင်သည်။ ကလေးများပီပီ အူတွေလည်း မြူးကြသည်။ သူအို သူနာအရုပ်ကြီးတွေကိုလည်း အထူးအဆန်းပမာ ဝိုင်းကြည့်ကြသည်။ 
အရုပ်တစ်ခုအောက်ခြေ၌ ရေးထွင်းထားသော စာသားများကိုလည်း သူ့ထက်ငါ အလုအယက် ဖတ်ကြသည်။ မန္တလေးတောင် မရောက်ဖူးသေးသူတို့ကို ဆရာလုပ်ရာ၌ ထိုကိစ္စက အရေးပါသည် မဟုတ်ပါလား။ 
 
ကိုရင်ငယ်လေးတို့၏ဘဝ၌ မန္တလေးလောက်ဆိုရင်ကို အတော်ကျယ်လှပြီ ဖြစ်သည်။ “ဘယ်ကွာ မင်းတို့က မန္တလေးမရောက်ဖူးသးလို့၊ မဟာမြတ်မုနိဘုရားကြီးဆိုတာက ဘုရားကြီးဆိုတဲ့အတိုင်း တကယ့်ကို ဧရာမဘုရားကြီးမောင်ရေ့” ဟု ပြောလိုက်ရတာမျိုး ကို အတော်လေးလျှာတွေ့သည်။ “မင်းတို့ တွေ့ဖူးတဲ့ မြွေကြီးက ငါတို့တွေ့ဖူးတဲ့ မန္တလေးတောင်ပေါ်က မြွေကြီးတွေလောက် မကြီးပါဘူးကွာ”ဟု ပြောလိုက်ရခြင်းမျိုးကို မြိန်ရေယှက်ရေရှိလှသည်။ ဤသို့ မဟုတ်ပါလား။
 
အရွယ်ရလာချိန်၌ စစ်ကိုင်းတောင်နှင့် ဝေးသွားခဲ့သည်။ စစ်ကိုင်းတောင်နှင့် ဝေးခဲ့ရသော်လည်း နောက်ထပ်တောင်တစ်လုံးနှင့် နီးစပ်ခဲ့ရပြန်ပါ၏။ ထိုတောင်က မန္တလေးတောင် ဖြစ်သည်။ မန္တလေးတောင်ခြေ၌ ဆယ်နှစ်ဆယ်မိုးမျှ နေထိုင်ခဲ့စဉ်က မန္တလေးတောင်ကို နေ့တိုင်းလိုလို တက်ဖြစ်သည်။ “မန္တလေးတောင်”ဟု ကြားမိသည်နှင့် တစ်ပြိုင်နက် ရသေ့ကြီးဦးခန္တီကို ပြေးမြင်သူက မြင်လိမ့်မည်။ တောင်ခြေမှ ခြင်္သေ့ကြီးနှစ်ကောင် နှင့် တောင်ထိပ်မှ မြွေကြီးနှစ်ကောင်ကို ပြေးမြင်သူက မြင်ပါလိမ့်မည်။ သို့သော် မိမိစိတ်ထဲစွဲနေသော မန္တလေးတောင်၏ အမှတ်တံဆိပ်က စောင်းတန်းကြီးဖြစ်နေခဲ့သည်။
 
အမိုးနီနီစောင်းတန်းကြီးများက မိမိ စိတ်ကို အတော်လေး လွှမ်းမိုးနိုင်ခဲ့သည်။  “စောင်းတန်းကို ကျော်ဖြတ်ပြီးမှ ဘုရားကို ရောက်ရသည်” ဟူသော သမားရိုးကျဖြစ်စဉ်ကလည်း အကြောင်းတစ်ခုဖြစ်မည် ထင်ရပါ၏။ သို့သော် သမားရိုးကျဖြစ်စဉ်သည်လည်း အနိစ္စသဘောကို ဆောင်သည်။ အချိန်ကာလဟူသော မြားတံ၏ ပြေးလမ်းကြောင်းတည့်တည့် ရပ်နေမိသူများစာရင်း၌ သမားရိုးကျ ဖြစ်စဉ်လည်း အပါအဝင်ဖြစ်နေခဲ့သည်။
 
(၄)
 
 အချိန်ကာလက ရွေ့နေသည်။ အဟောင်းတို့၏နေရာ၌ အသစ်အသစ်တို့ အစားထိုး ဝင်ရောက်လာသည်။ စီမံကိန်းအသစ်တွေက သစ်ပင်တွေကို ခုတ်ပစ်သည်။ တောင်ကြီးကို ဘူဒိုဇာနှင့် ထိုးပစ်သည်။ သို့ ဖြင့် “သစ်တောသစ်ပင်၊ ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး” ဟူသော ဆိုင်းဘုတ်ကြီးလည်း ခုတ်လိုက်သော သစ်ပင်နှင့်အတူ ပြိုလဲသွားသည်။ ထိုနေရာ၌ “တောင်ပေါ်သွားကားလမ်း” ဟူသော ဆိုင်းဘုတ်အသစ်ကြီးကို စိုက်ထူလိုက်သည်။ 
 
သို့ဖြင့် ရာစုသစ်၏ တောင်တက်ကားလမ်းကြီးက ရာစုဟောင်း၏ စောင်းတန်းကြီးကို အလဲထိုး အနိုင်ယူသွားသည်။ “စောင်းတန်းကို ကျော်ဖြတ်ပြီးမှ ဘုရားကို ရောက်ရသည်” ဟူသော သမားရိုးကျဖြစ်စဉ်ကြီးလည်း ခေါင်းပင်မဖော်နိုင်ရှာ။ စောင်းတန်းကြီးခမျာ ကျီးနှင့် ဖုတ်ဖုတ်ဖြစ်ခဲ့ရလေပြီ။ 
 
တစ်ခါက စောင်းတန်း၌ ဘုရားပန်းရောင်းသူများ ရှိသည်။ ပုတီးကုန်းနှင့် အနုပညာလက်ရာပစ္စည်းစုံရောင်းသော ဆိုင်ကလေးများ ရှိသည်။ ဘုရားပန်းကလေးများ ဝယ်သွားပါဦးလား၊ ဖိနပ်ကလေးများလည်း ထားခဲ့နိုင်ပါတယ်ဟူသော အသံစာစာများရှိသည်။ 
မျက်စိတစ်ဆုံး ကျယ်ပြောလှသည့် လယ်ကွင်းစိမ်းစိမ်းများနှင့် ရှမ်းရိုးမကြီး၏အလှကို ငေးမောအပန်းဖြေခြင်းများ ရှိသည်။ “ငါတို့တက်ခဲ့တဲ့ လှေကားထစ်တွေပါလား” ဟူသော ပီတိသောမနဿတို့ရှိသည်။ ယခုတော့ မော်တော်ကားတွေက အပြေးမောင်းနေကြပြီ။ မော်တော်ဆိုင်ကယ်တွေကလည်း ငယ်သံပါအောင် အော်ဟစ်ပြေးလွှားနေကြပြီ။ မြန်တာကိုမှ အကြိုက်တွေ့သည့် ခေတ်ဆိုကိုး။ တစ်ခါက စစ်ကိုင်းတောင်ကို ဆွမ်းဦးပုညရှင် တောင်ဘက်စောင်းတန်းမှ တက်မည်ဆိုလျှင် ခြင်္သေ့တစ်ကောင်ဆိုသော မုခ်ဦးမှ စ၍တက်သည်။ “တစ်ကောင်တည်းမို့ ခြင်္သေ့တစ်ကောင်လို့ ဆိုတာကိုး”ဆိုပြီး ခြင်္သေ့ကြီးကို တအံ့တဩ လှည့်ပတ်ကြည့်ကြသည်။ မန္တလေးတောင်ကို တက်ပြီဆိုလျှင်လည်း ထို့အတူ။ အရင်က ပို့စကတ်တွေထဲမှာသာ တွေ့ဖူးသော တောင်ခြေမှ ခြင်္သေ့ကြီး နှစ်ကောင်ကို အသေအချာကြည့်ရင်း စောင်းတန်း လှေကားထစ်များကို တက်ကြသည်။
 
ခုတော့ ထိုသို့မဟုတ်ပြီ။ ပြေးနေသော ကားပေါ်မှပင် ခြင်္သေ့ကြီးများကို အပြေးအလွှား ကြည့်ကြရသည့်အဖြစ်။ အချို့လည်း ကြည့်ချင်မှကြည့် ဖြစ်မည်။ ကြည့်ဖို့မဆိုထားနှင့်။ ခြင်္သေ့ကြီးတွေရှိနေတာကိုပင် အချို့က သိချင်မှသိမည်။ သို့ဖြင့် မန္တလေးမှာ နေရင်း မန္တလေးနှင့် ဝေးဝေးသွားရသည်။ မင်းတုန်းမင်းကြီးနှင့် ဝေးဝေးသွားရသည်။ ရသေ့ကြီး ဦးခန္တီနှင့် ဝေးဝေးသွားရသည်။
 
(၅)
 
မိမိဖြစ်သန်းဖူးသော စောင်းတန်းတို့တွင် သထုံမြသပိတ် တောင်တက်စောင်းတန်းကြီးက အမတ်ဆုံးဖြစ်၍  ရန်ကင်းတောင်စောင်းတန်းက ထိုကိစ္စ၌ ဒုတိယချိတ်သည်။
 
ပြီးခဲ့သည့်နှစ်က တူဖိုတူမ၊ မြေးဖိုမြေးမ ဆွေမျိုးသားချင်းတစ်စုနှင့် ရန်ကင်းတောင်ကို တက်ဖြစ်သည်။ ဦးဇင်း ကိုရင်တွေလည်း ပါသည်မို့ ကိုယ်တိုင်မလိုက်လျှင်ဖြစ်သော်လည်း ရန်ကင်းတောင်ကို မရောက်တာကြာပြီမို့ တကူးတက လိုက်သွားခြင်း ဖြစ်သည်။ တောင်ခြေရောက်တော့ ကားဆရာက “ငါးရံ့ မင်းလိုဏ်ဂူက တပည့်တော်စောင့်နေမယ်၊ ကလေးတွေ တက်ကြပစေပေါ့၊ အရှင်ဘုရား တပည့်တော်ကားနဲ့ လိုက်ခဲ့ပါလား” ဆိုသည်။
 
မိမိက ခေါင်းခါပြီး ကားပေါ်မှဆင်းသည်။ “နေခဲ့ပါလား အရှင်ဘုရားရဲ့၊ စောင်းတန်း ကြီးတက်ရတာ မောကမောသနဲ့” ဟု သူက ဆိုပြန်သည်။ သူကတော့ စေတနာနှင့်ပြောလိုက်ခြင်းပါပဲ။ သို့သော် မိမိက ငြင်းလိုက်သည်။ သူ့ကို အများကြီးတော့ မပြောဖြစ်၊ “စောင်းတန်းက တက်ချင်လို့ပါကွာ” ဟု တစ်ခွန်းပဲပြောလိုက်သည်။